ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေး အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်အသစ်များကို Video Conferencing ဖြင့် လက်ခံတွေ့ဆုံ

 

နေပြည်တော် အောက်တိုဘာ ၁၉


ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ နံနက်ပိုင်း တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်အသစ် များကို နေပြည်တော်ရှိ ဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဝန်ကြီးဌာနအနေဖြင့် လူဇင်ဘတ်ဖွံ့ဖြိုးရေးအဖွဲ့ (LuxDev) နှင့် ပူးပေါင်းရေးဆွဲခဲ့သည့် Myanmar Tourism Strategic Recovery Road-map (MTSRR) ကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် MTM အနေ ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ MTSRR နှင့်အတူ Myanmar Tourism Marketing Strategy 2020-2025 ကိုလည်း ရေးဆွဲခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ မဟာဗျူဟာများတွင် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များတွင် MTM အနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက် သွားရန် တိုက်တွန်းလိုပါကြောင်း၊ ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် Destination Management Organizations (DMOs) များ ဖွဲ့စည်း ပြီးဖြစ်ရာ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း အနေဖြင့် အဆိုပါအဖွဲ့များတွင် ပူးပေါင်းပါဝင်ဆောင်ရွက် စေလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းဥက္ကဋ္ဌ ဦးမျိုးသွင်နှင့် လုပ်ငန်း ကော်မတီအသီးသီးမှ တာဝန်ရှိသူများ က ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်း လျာထားချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးတင်လတ်က Digital Marketing နှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများ၊ ခရီးစဉ်ဒေသများ Virtual promotion ဆောင်ရွက်ရေးနှင့် Myanmar Virtual Travel Mart ကဲ့သို့ Online အစီအစဉ်များကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးဆိုင်ရာများ၊ စိုက်ပျိုးရေး အခြေခံခရီးသွားလုပ်ငန်း (Agricul-tural Tourism) ဖွံ့ဖြိုးရေးနှင့် မြှင့်တင် ကြော်ငြာရေးတို့ကို ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများ၊ ခရီးသွား လုပ်ငန်းစစ်တမ်း (Tourism Survey) ကောက်ယူရေးဆိုင်ရာများ၊ ခရီးသွား လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ တွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည် များ ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ သတင်းစဉ်