မိသားစုတစ်စု၏ နေ့စဉ် လူမှုဘဝများအတွက် လျှပ်စစ်ဓာတ်အား က လွန်စွာအရေးပါလှသည်။ စားဝတ်နေရေးလိုအပ်ချက်များ အတွက် ဆောင်ရွက်ကြရာတွင် လျှပ်စစ်မီးဖို၊ လျှပ်စစ်ဒယ်အိုး၊ လျှပ်စစ်မီးပူ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ရုပ်မြင်သံကြားစက်၊ လေအေးပေးစက်၊ ရေပူရေအေးစက်၊ ရေတင်စက်၊ မိုက္ကရိုဝေ့ဖ် မီးဖို စသည်ဖြင့် မိသားစုတစ်စု၏ ၂၄ နာရီပတ်လုံး အသုံးပြုမှုများ တွင် ဓာတ်အားက မပါမပြီး။ ယခုကဲ့သို့ အပူရှိန်ပြင်းလာပြီဖြစ်သည့် နွေကာလသို့ရောက်သည့်အခါ ဓာတ်အားသုံးစွဲမှုက ပိုလာသည်။ အများအပြားစုပြုံသုံးစွဲကြသည့်အချိန်တွင် ဝန်နှင့်အား မမျှတ ခြင်း၊ ရေအားလျှပ်စစ်စက်ရုံများတွင် ရေနည်းလာမှုကြောင့် ထုတ်လုပ်မှုလျှော့ချရခြင်း စသည်တို့မှာ နှစ်စဉ် ကြုံတွေ့နေရသည့် အခက်အခဲအချို့ပင် ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ၂၀၃၀ ပြည့်နှစ်၌ တစ်နိုင်ငံလုံး ဓာတ်အား ရရှိရေးအတွက် ဓာတ်အားထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ လက်ရှိအခြေအနေတွင် အကြမ်းဖက်အဖျက်သမားတို့က ဓာတ်အားလိုင်းများ၊ ဓာတ်အားတိုင်များကို ဖောက်ခွဲခြင်း၊ လျှပ်စစ် ရုံးများကို ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လျှပ်စစ်ဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ မီတာခကို တာဝန်ကျေပွန်စွာ ပေးဆောင် သည့် ပြည်သူများကို ခြိမ်းခြောက်နှောင့်ယှက်ခြင်း စသည်ဖြင့် အဘက်ဘက်မှ ဖျက်ဆီးလျက်ရှိသည်။ စင်စစ်အားဖြင့် စွမ်းအင် အရင်းအမြစ်ဖြစ်သည့် လျှပ်စစ်ဓာတ်အားသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်မြင့်မားရေး အတွက် အရေးပါပြီး ဓာတ်အားသုံးစွဲခွင့်မရသေးသည့် ဒေသများ တွင်နေထိုင်ကြသည့် ပြည်သူများအဖို့မူ မျှော်လင့်ချက်တစ်ခု ဖြစ်သည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုတို့ကို နှောင့်ယှက်ဖျက်ဆီးခြင်းက ပြည်သူလူထု၏ နေ့စဉ်လိုအပ်ချက်နှင့် မျှော်လင့်ချက်တို့ကို နှောင့်ယှက်ဖျက်ဆီးခြင်းလည်း ဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသည့် ဓာတ်အားပြတ်တောက်မှုများသည် ပြည်ပမှဝယ်ယူရသည့် ဓာတ်ငွေ့စျေးနှုန်းများ အဆပေါင်းများစွာ မြင့်တက်နေမှု၊ ဓာတ်အားလိုင်းများဖောက်ခွဲဖျက်ဆီးခံရမှုတို့ ကြောင့်ဖြစ်ပြီး ပျက်စီးမှုများကို ပြန်လည်ပြင်ဆင်လျက်ရှိကြောင်း ပြည်သူလူထုကို သက်ဆိုင်ရာက အသိပေးပန်ကြားထားပြီးလည်း ဖြစ်သည်။ ထို့အပြင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ များသို့ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွင်းသို့ ဓာတ်ငွေ့တွင်းသစ်နှစ်တွင်းမှ သဘာဝဓာတ်ငွေ့များ ထည့်သွင်း ပို့လွှတ်နိုင်ရေး ဆက်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်းလည်း အသိပေးထားရာ သက်ဆိုင်ရာဌာန၏ ကြိုးပမ်း ဆောင်ရွက်နေမှုများအပေါ် သိရှိနားလည်မှုနှင့်အတူ မိမိတို့ စွမ်းဆောင်နိုင်သမျှနှင့် ဝိုင်းဝန်းကူညီအားပေးကြရန် လိုအပ်မည် ဖြစ်သည်။
လျှပ်စစ်ဓာတ်အား လေလွင့်ပြုန်းတီးမှုလျှော့ချရေးနှင့် ဓာတ်အားချွေတာရေးတို့အတွက် ဓာတ်အားသုံးစွဲမှုနည်းသည့် အယ်လ်အီးဒီ မီးသီးမီးချောင်းများကို အစားထိုးသုံးစွဲရန်၊ လမ်းမီး၊ ခြံဝင်းမီး၊ ဂိုဒေါင်မီး စသည်တို့ကို အလင်းရောင်လာချိန်တွင် မပျက်မကွက်ပိတ်ရန်၊ နေ့ဘက်တွင် နေ့အလင်းရောင်ကိုသာ သုံးစွဲရန်၊ လူမရှိသည့်အချိန်တွင် အခန်းမီး၊ ပန်ကာ၊ လေအေးပေး စက်တို့ ပိတ်ထားရန်၊ ကြည့်သူမရှိပါက ရုပ်မြင်သံကြားစက် ဖွင့်မထားရန် စသည်တို့အပါအဝင် မိမိတို့ နေ့စဉ် ပေါ့ဆလေ့ရှိ သည့် ဓာတ်အားပြုန်းတီးစေသည့် အလေ့အထများကို ပြုပြင်ကြ ရန်ဖြစ်သည်။ အမှတ်တမဲ့ မနေဘဲ သတိပြုကာ စည်းကမ်းတကျ ဆောင်ရွက်ကြခြင်းဖြင့် ဓာတ်အားခသက်သာစေသည့် အကျိုးကို မိမိကိုယ်တိုင်ခံစားရမည်ဖြစ်သည့်အပြင် ဓာတ်အားဖြန့်ဖြူးမှု အပေါ်တွင်လည်း အထောက်အကူပြုစေမည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် လျှပ်စစ်ဓာတ်အား အပြည့်အဝမရရှိ နိုင်သေးခြင်းကြောင့် အချို့ဒေသများတွင် ဓာတ်အားပြတ်တောက် မှုမှာ လာမည့်ရက်သတ္တပတ်ကျော်ကာလအထိ ဆက်လက် ဖြစ်ပေါ်နေဦးမည်ဟု ခန့်မှန်းရသည်။ ဓာတ်အားလိုင်းများ ပြန်လည်စိုက်ထူသွယ်တန်းခြင်း၊ ရေအောက်ဓာတ်ငွေ့ပိုက်လိုင်း ဆက်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက် ပြီးစီးခြင်း စသည်ဖြင့် ပြင်ဆင်မှုလုပ်ငန်းများပြီးစီးပါက မိမိတို့ ကြုံတွေ့နေရသည့် အခက်အခဲများ ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိမည်ဟု မျှော်လင့်နိုင်ပါကြောင်း။ ။