လီဗာပူးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ငါးပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့သည့် ဘရိုက်တန်

 

ပရီမီယာလိဂ်ပွဲစဉ် (၂၉) မှ ဘရိုက်တန်အသင်းနှင့် လီဗာပူးအသင်းတို့ပွဲစဉ်ကို မတ် ၁၂ ရက် ညပိုင်းက ဘရိုက်တန် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိခဲ့သည်။  ထို့ကြောင့်  လီဗာပူးအသင်းမှာ  ပရီမီယာလိဂ်  ၂၈ ပွဲကစားပြီး ရမှတ် ၆၆ မှတ်ဖြင့် ဦးဆောင်သူ  မန်စီးတီးကို  ထက်ကြပ်မကွာ   ဖိအားပေးနိုင်ခဲ့သည်။                                        


ပွဲချိန် ၁၉ မိနစ်တွင် မာတစ်၏ ဖန်တီးပေးမှုမှတစ်ဆင့် တိုက်စစ် တွင် ပွဲထွက်ခွင့်ရရှိလာသည့် ဒီယက်ဇ်က  ဂိုးသွင်းယူနိုင်ခဲ့သည့် အတွက် လီဗာပူးအသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။  ဘရိုက်တန် အသင်းသည်   ဦးဆောင်ဂိုးခွင့်ပြုပေးလိုက်ရပြီးနောက် ဘောလုံး ပိုင်ဆိုင်မှုအသာဖြင့်   လီဗာပူးအသင်းကို  ချေပဂိုးရရှိရန်  ကြိုးစား သော်လည်း ရရှိလာသည့် အခွင့်အရေးများကို အသင်းကစားသမား များ အဆုံးသတ် မသေချာသည့်အတွက်  လိုအပ်သည့်   ချေပဂိုးနှင့်  ဝေးကွာခဲ့ရခြင်း ဖြစ်သည်။ 


ပွဲချိန် ၆၁ မိနစ်တွင် လီဗာပူးအသင်း ပယ်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ဆာလာက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့သည့်အတွက် လီဗာပူး အသင်း ဒုတိယဂိုးရရှိခဲ့သည်။ ထို့နောက်တွင် နှစ်သင်းစလုံး လူစား လဲမှုများပြုလုပ်ကာ သွင်းဂိုးများရရှိရေး   ကြိုးစားလာသော်လည်း   ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အတွက် လီဗာပူးအသင်းက နှစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

 ယခုပွဲစဉ်တွင်  တစ်ဂိုးသွင်းယူ နိုင်ခဲ့သောလီဗာပူးအသင်းမှ  တိုက်စစ်ကစားသမား  ဆာလာသည် သွင်းဂိုး ၂၀ ဖြင့် ပရီမီယာလိဂ်သွင်းဂိုးအများဆုံး ကစာသမားစာရင်းတွင် ထိပ်ဆုံးမှ  ဦးဆောင်လျက်ရှိသည်။ လီဗာပူးအသင်းသည် လာမည့် ပွဲစဉ်အဖြစ် မတ် ၁၇ ရက်တွင် အသင်းကြီး အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 


ဘရိုက်တန်အသင်းသည် ယခုပွဲရှုံးနိမ့်မှုကြောင့် နောက်ဆုံး ငါးပွဲ ဆက် ရှုံးပွဲကြုံတွေ့မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့အပြင်  ဘရိုက်တန် အသင်းသည်  လာမည့်ပွဲစဉ်တွင်လည်း အသင်းကြီး စပါး၊ မန်စီးတီး အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။  

အောင်ဇော်