
နေပြည်တော် မတ် ၁၃
အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေး အတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေ သင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများ အနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင် ကျောင်းများကို မိုင်းထောင် ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် လူငယ်၊ လူရွယ်များကို နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမ များအား အကြမ်းဖက်ခြိမ်းခြောက်ခြင်းများနှင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းများကို တွေ့ရှိလာရ သည်။
ထိုကဲ့သို့ ဆရာ၊ ဆရာမများကို အကြမ်းဖက် ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာတွင် မတ် ၁၂ ရက် ညနေ ၆ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် မင်းရွာ ကျေးရွာ၌ အကြမ်းဖက်သမားများက သေနတ်၊ ဓားများဖြင့် ဝိုင်းဝန်းပစ်ခတ်ထိုးခုတ်သတ်ဖြတ်ခံရ၍ အလယ်တန်းပြဆရာမ တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့သည်။
ထိုသို့ သွားရောက်စစ်ဆေး ခဲ့ရာ မင်းရွာကျေးရွာ အခြေခံ ပညာ အထက်တန်းကျောင်းခွဲဝင်း အတွင်း နေထိုင်သည့် အလယ် တန်းပြဆရာမ ဒေါ်ညိုညိုဇော် (၄၂) နှစ် (ဘ) ဦးကျော်ရင်သည် ၎င်း၏ နေအိမ်လိုင်းခန်းတွင်း ရှိနေစဉ် အကြမ်းဖက်သူအမျိုးသား လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး “CDM မလုပ် ဘူးလား” ဟု ခြိမ်းခြောက်၍ “ဒလန်” ဟု စွပ်စွဲပြောဆိုကာ သေနတ်၊ ဓားများဖြင့် ဝိုင်းဝန်း ပစ်ခတ်ထိုးခုတ် သတ်ဖြတ်ခဲ့ ကြောင်း၊ ဒေါ်ညိုညိုဇော်မှာ ကျည်ထိမှန် ဒဏ်ရာ၊ ဓားဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်းနှင့် အခင်း ဖြစ်နေရာမှ 9mm ကျည်ခွံ နှစ်ခု နှင့် ကျည်ထိပ်ဖူး တစ်ခုတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာ ပညာသင်ကြား လျက်ရှိသည်ကို မလိုလားဘဲ နိုင်ငံ့ ဝန်ထမ်းပီသစွာ စာပေသင်ကြား ပေးလျက်ရှိသည့် ဆရာ ဆရာမ များအား လုပ်ကြံပစ်ခတ်သတ် ဖြတ်ခဲ့သည့် အကြမ်းဖက်သမား များကို ဖော်ထုတ်ဖမ်းဆီးရမိရေး နှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင် ရေးတို့အတွက် နယ်မြေခံလုံခြုံ ရေးတပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်