
နေပြည်တော် မတ် ၄
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
နောင်မွန်းမဲဆန္ဒနယ်မှ ဦးဂျီဖုန်ဆားရ်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း ၅ ပုဒ်မ ၂၆၁ ပုဒ်မခွဲ (ဃ) ကိုဆွေးနွေးလိုပါကြောင်း၊ မူလပြဋ္ဌာန်း ချက်တွင် ဖော်ပြထားသည်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင် အရှားမပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ ဖြစ်ပါကြောင်း။
ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း ပြင်ဆင်ချက်တွင် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဆန္ဒမဲဖြင့် ရွေးချယ်ထားသော ပုဂ္ဂိုလ် သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၏ အရည်အချင်းများနှင့် ပြည့်စုံမှုမရှိကြောင်း ခိုင်လုံသည့်အချက် ပေါ်ပေါက်ပါက နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် ငြင်းပယ်ခွင့်ရှိစေရမည်ဟု ပြင်ဆင်ထားပါကြောင်း၊ ဖော်ပြပါပြင်ဆင်ချက်သည် မိမိတို့နိုင်ငံက မျှော်မှန်းထားသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိစေသည့် ပြင်ဆင်ချက်ဖြစ်သည့်အပြင် မိမိတို့နိုင်ငံတော်တွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများ၏ ဆန္ဒသဘော ထားနှင့်အညီ ပြင်ဆင်ထားခြင်းဖြစ်သည့်အတွက် ထောက်ခံပါကြောင်း ဆွေးနွေး သည်။
တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး တင်ထွန်းဦးက တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည်များကို နိုင်ငံ၏ ပကတိအခြေအနေ နှင့် ကိုက်ညှိပြီး ပြင်ဆင်မည်ကို ကြေညာပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို ဥပဒေရှုထောင့်တစ်ခုတည်းက ကြည့်၍မရဘဲ နိုင်ငံရေး ရှုထောင့်၊ သမိုင်းရေးရှုထောင့်တို့က ကြည့်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိပကတိ အခြေအနေတွင် အချိန်အတိုင်းအတာတစ်ရပ်အထိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်တွေ့ကျင့်သုံးပြီး ပြင်ဆင်သင့်သည့်ပုဒ်မများကို အားလုံး ညှိညှိ နှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နှင့် စိတ်ရှည်လက်ရှည် ဆောင်ရွက်မည်ဆိုပါက နောင်တစ်ချိန်တွင် ပြည်သူများ မျှော်မှန်းသည့် ပန်းတိုင်ကို ညင်သာစွာရောက်ရှိ မည်ဖြစ်သည့်အတွက် ပုဒ်မ ၄၃၆ ပုဒ်မခွဲ (ခ) အား မူလအတိုင်းသာ ထားရှိ ရန်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်ကျိန်ငိုက်မန်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၁ ပုဒ်မ ၈ မူလဥပဒေတွင် နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်ဟု ပါရှိပါကြောင်း၊ ပြင်ဆင်ချက်ဥပဒေတွင် နိုင်ငံ တော်ကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက် သည်ဟု ပါရှိပါကြောင်း၊ ယင်းပြင်ဆင်ချက်ကို ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ တွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားအားလုံးအပေါ် ခွဲခြားမှုမရှိဘဲ ရသင့် ရထိုက်သော အခွင့်အရေးများကို တန်းတူညီမျှမှုအပေါ်အခြေခံ၍ ဖန်တီးပေး နိုင်မှသာ တိုင်းရင်းသားများ၏ ယုံကြည်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ တိုင်းရင်းသားများ၏ ယုံကြည်မှုရရှိမှသာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အမှန်တကယ် ဦးတည်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်က လက်ရှိ ကျင့်သုံးနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်သည် မိမိတို့နိုင်ငံတွင်ရှိသည့် ပြည်သူများ၏ဆန္ဒနှင့် မကိုက်ညီတော့ပါက ပြန်လည်ပြင်ဆင်ရမည် ဖြစ်ပါ ကြောင်း၊ ယခုအချိန်တွင် ပြည်သူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုကြသည့်နည်းတူ ယခုတင်သွင်းလာကြသည့် အဖွဲ့အစည်းအသီးသီးကို ကိုယ်စားပြုကြသည့် ကိုယ်စားလှယ်များအနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် အချိန်ကျရောက်နေပြီဆိုခြင်းကို လက်ခံထားကြသည့် အတွက် မိမိတို့ပြင်ဆင်လိုသည့် ပုဒ်မများကို အစုအဖွဲ့ (၆) ဖွဲ့က တင်သွင်း ထားကြပြီးဖြစ်ပါကြောင်း၊ ယင်းနေရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြိမ် ကြိမ် ပြင်ဆင်နေခြင်းမျိုးမဟုတ်ဘဲ တစ်ကြိမ်တည်းဖြင့် မိမိတို့ပြင်ဆင်လိုသည့် အချက်အလက်အားလုံးကို ပြင်ဆင်လိုက်ခြင်းက အသင့်တော်ဆုံးဖြစ်သည်ကို အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။
မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာလင်းလင်းကျော်က ပုဒ်မ ၁၄ နှင့် ၎င်းနှင့် ဆက်စပ်ပုဒ်မများဖြစ်သည့် ပုဒ်မ ၁၀၉ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ၁၄၁ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ၁၆၁ ပုဒ်မခွဲ (ဃ) တို့ ပြင်ဆင်ခြင်းကို ထောက်ခံပါကြောင်း၊ ယင်းပြင်ဆင်ချက်များ သည် လွှတ်တော်အတွင်း တပ်မတော်၏အခန်းကဏ္ဍများကို တစ်ဆင့်ချင်းလျှော့ချ သော ပုဒ်မများသာဖြစ်ခြင်း၊ တစ်ဆစ်ချိုးပြောင်းလဲခြင်းမျိုးမဟုတ်ဘဲ အချိန် ကာလအလိုက်သာ လျှော့ချမှုဖြစ်ခြင်း၊ နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီ ပြီး အချိန်အခါအရ လက်ခံသင့်သော ပြင်ဆင်ချက်များသာဖြစ်ခြင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်သွားသော နိုင်ငံများကို လေ့လာကြည့်ပါကလည်း ယခုကဲ့သို့ မည်သည့်အချိန်တွင် မည်မျှလျှော့ချမည်ဟူသော ကြိုတင်ပြဋ္ဌာန်းချက် များ ရေးဆွဲပြဋ္ဌာန်း၍ တဖြည်းဖြည်းချင်း ပြောင်းလဲမှုပြုလုပ်ခြင်းဖြင့် အောင်မြင် စွာ ဒီမိုကရေစီပန်းတိုင်သို့ အသွင်ကူးပြောင်းသွားသည့် သာဓကကောင်းများ ရှိခြင်းအတွက် ယခုပြင်ဆင်ချက်များကို လေးနက်စွာထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်း၊ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ရဲနိုင်မျိုး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထင်လင်းဦး၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်မင်းလတ်၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်၊ လင်းခေးမဲဆန္ဒနယ်မှ ဦးစိုင်းဘသိန်း၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ဦးလမာနော်အောင်၊ ဆိပ်ကြီး/ခနောင်တိုမဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ မချမ်းဘောမဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၊ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်း၊ ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၆) မှ ဦးကျင့်ခန့်ပေါင်၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒုတိယဗိုလ်မှူးကြီးကျော်မိုးအောင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးအေးလွင်နှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းတို့က ဆက်လက် ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲ များအပေါ် လွှတ်တော်၏အဆုံးအဖြတ်ရယူမည့် အစီအစဉ်လျာထားမှု အပါ အဝင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်း တင်ပြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းများ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာနောက်ဆက်တွဲ (ဇ - ၁)၊ (ဈ - ၁)တို့ပါ ဥပဒေမူကြမ်းများ၏ ပြင်ဆင်ချက်ဇယားများဖြစ်သည့် နောက်ဆက်တွဲ (ဇ - ၂)၊ (ဈ - ၂) ဇယား(၂)ခုပါ ပြင်ဆင်ချက်များအပေါ် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် မတ် ၁၀ ရက်တွင် စတင်ဆောင်ရွက်ရန်လျာထားပါကြောင်း၊ ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ (က)နှင့် သက်ဆိုင်သည့် ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲ ၅၅ ခုပါဝင်သည့် ဥပဒေမူကြမ်း၏ ပြင်ဆင်ချက်ဇယားနောက် ဆက်တွဲ (ဇ - ၂)ကို အပိုင်း(၄)ပိုင်း ဆန္ဒမဲလက်မှတ် (၄)စောင် ခွဲခြားပြီးလည်း ကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ)နှင့် သက်ဆိုင်သည့် ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲ အခု ၈၀ ပါဝင်သည့် ဥပဒေမူကြမ်း၏ ပြင်ဆင်ချက်ဇယား နောက်ဆက်တွဲ (ဈ-၂) ကို အပိုင်း(၅)ပိုင်း ဆန္ဒမဲလက်မှတ် (၅)စောင်ခွဲခြားပြီး လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စုစုပေါင်းဆန္ဒမဲလက်မှတ် (၉)စောင်အတွက် တစ်စောင်ချင်းစီတွင် ပါဝင်မည့် ပုဒ်မ၊ ပုဒ်မခွဲများအတွက် အသေးစိတ်နမူနာပုံစံများကိုလည်း လွှတ်တော်ကိုယ်စားလှယ်အားလုံးထံ ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ (က)နှင့် သက်ဆိုင်သည့် ပြင်ဆင်ချက်များအတွက် အဆုံးအဖြတ်ရယူခြင်း (၄)ကြိမ်နှင့် ပုဒ်မခွဲ(ခ)နှင့် သက်ဆိုင်သည့် ပြင်ဆင်ချက်များအတွက် အဆုံးအဖြတ်ရယူခြင်း (၅)ကြိမ်ခွဲပြီး ဆောင်ရွက်ရန်လျာထားပါကြောင်း၊ ထူးခြားမှုတစ်ခုအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ (က)တွင် အကျုံးဝင်သည့် ပုဒ်မ ၅၉ ပုဒ်မခွဲ(ဂ)အတွက် ပြင်ဆင်ချက် (၂)ခုပါရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထား သည့် နမူနာပုံစံ ဆန္ဒမဲလက်မှတ် (၂)၏ အမှတ်စဉ် (၁)တွင် တွေ့ရှိနိုင်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းအနေဖြင့် ပြင်ဆင်ချက် (၂)ခုလုံးကို ဆန္ဒပြုရမည်ဖြစ်ပါကြောင်း၊ ပြင်ဆင်ချက် (၂)ခုလုံးအတွက် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရှိခဲ့ပါက ထောက်ခံမဲပိုများသည့် ပြင်ဆင်ချက်ကို အတည်ပြုမည်ဖြစ် သည်ကို ကြိုတင်မှာကြားလိုပါကြောင်း။
ထို့ပြင် နမူနာပုံစံဆန္ဒမဲလက်မှတ်များကို ကျောကပ်ဖြန့်ဝေထားသော်လည်း အဆုံးအဖြတ်ရယူမည့် ဆန္ဒမဲလက်မှတ်များကို စာမျက်နှာတစ်ဖက်သာ အသုံးပြု ဆောင်ရွက်သွားမည် ဖြစ်သည်ကို ဖြည့်စွက်အသိပေးပြောကြားလိုပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများအပေါ် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ပွဲကျင်းပစဉ်က လုပ်ငန်းစဉ်များအတိုင်း အခြေခံ၍ ဆန္ဒမဲ လက်မှတ်အသုံးပြုပြီး လျှို့ဝှက်စွာဆန္ဒပြုသည့်နည်းလမ်းဖြင့် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း အစီအစဉ်တွင် လွှတ်တော်ရုံးဝန်ထမ်း အဖွဲ့ (၈)ဖွဲ့၏ ဆောင်ရွက်မှုအပေါ် တစ်ဖွဲ့လျှင်(၄)ဦးနှုန်းဖြင့် ကြီးကြပ်စောင့် ကြည့်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ် (၃၂) ဦး၏ အမည်စာရင်းကိုလည်း နိုင်ငံရေးပါတီ အစုအဖွဲ့အလိုက် သင့်တော်သည့် အင်အားသတ်မှတ်တောင်းခံထားပါကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၁၂) ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၈)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၅)ဦး၊ ရခိုင်အမျိုးသားပါတီ (၂)ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (၂)ဦး၊ တအာင်းပလောင်အမျိုးသားပါတီ (၁)ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (၁)ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ပါတီ (၁)ဦးဖြစ်ပါကြောင်း၊ လွှတ်တော်၏အဆုံး အဖြတ်ရယူခြင်းအစီအစဉ် စတင်မည့်ရက်တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသေးစိတ်ကို ထပ်မံ ရှင်းလင်းပြောကြားပေးသွားမည် ဖြစ်ပါကြောင်း။
ယခုအချိန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ များပါအတိုင်း ဆောင်ရွက်နေသည့် ကာလဖြစ်ပါကြောင်း၊ လွှတ်တော်အတွင်း ရောက်ရှိနေကြသည့် နိုင်ငံရေးပါတီအစုအဖွဲ့အလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ဥပဒေနှင့်အညီ တူညီသည့်အခွင့်အရေးကို ရယူအသုံးပြုခွင့်ရရှိနေသည့် အချိန် ကာလဆိုသည်ကိုလည်း ထပ်မံပြောကြားလိုပါကြောင်း၊ မိမိတို့ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အခြေအနေ၊ အချိန်အခါအလိုက် ဦးစားပေးအလိုက် ပြီးပြတ်အောင် အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရရှိထွက်ပေါ်လာသည့် ရလဒ်အပေါ်တွင်လည်း အားလုံးက နားလည်လက်ခံကြ ရမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် လက်ရှိဆောင်ရွက်ဆဲဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေး လုပ်ငန်းစဉ်များပြီးပြတ်အောင် လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပူးပေါင်းပါဝင်ပြီး ကူညီဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း၊ အားလုံးကပူးပေါင်းဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်း အဝေး (၁၈) ရက်မြောက်နေ့ကို မတ် ၅ ရက် တွင်ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)၊ ဓာတ်ပုံ-စိုးဝင်းထွန်း