
နေပြည်တော် မတ် ၁၆
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ် (၆)ရပ်ကွက် အောင်မင်္ဂလာလမ်းသွယ်ရှိ “Hana Microfinance” အသေးစားချေးငွေရုံးခန်းသို့ မတ် ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် အကြမ်းဖက်သမားနှစ်ဦး ဝင်ရောက်လာပြီး ငွေကိုင်ဝန်ထမ်း မသီရိထွန်း (၂၉)နှစ် (ယာပုံ)အား သေနတ်ဖြင့် ပစ်ခတ်သွားသည့်ဖြစ်စဉ် ဖြစ်ပွား ခဲ့သည်။
သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးရာ အဆိုပါဝန်ထမ်း အမျိုးသမီးသည် ရုံးအတွင်း တစ်ဦးတည်းရှိနေစဉ် Mask အနက်များ တပ်ဆင်ထားသော အကြမ်းဖက်သမား နှစ်ဦးက ရုံးအတွင်း ဝင်ရောက်လာ၍ သေနတ်ဖြင့် ချိန်ရွယ်ကာ ငွေသေတ္တာအား ဖွင့်ပေး ရန် ပြောဆိုသဖြင့် ဝန်ထမ်းအမျိုးသမီး မှာ ကြောက်လန့်၍ ရုံးအနောက်ဘက် အခန်းသို့ ထွက်ပြေးရာ အကြမ်းဖက် သမားများက သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်ခဲ့သဖြင့် ဝန်ထမ်းအမျိုးသမီး ၏ ဝဲတင်ပါးဖောက်ဝင်ဒဏ်ရာ တစ်ချက် ထိမှန်သွားခဲ့ပြီး အကြမ်းဖက် သမား နှစ်ဦးမှာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ ဝန်ထမ်း အမျိုးသမီးအား လုံခြုံရေးတပ်ဖွဲ့ဝင် များက ပခုက္ကူဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးခဲ့ပြီး အကြမ်းဖက်သမား နှစ်ဦးအား ဖမ်းဆီးရမိရေး လိုက်လံ ပိတ်ဆို့ ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်