ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မြန်မာနိုင်ငံပိုင် အနိမ့်ပျံအသေးစားဂြိုဟ်တု MMSATS- 1 တည်ဆောက်ပြီးစီး၍ ဂျပန်အာကာသအေဂျင်စီသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတက်ရောက်

 

နေပြည်တော် အောက်တိုဘာ ၂၁


ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ် (Hokkaido University) နှင့် တိုဟိုကို တက္ကသိုလ် (Tohoko University) တို့မှ တည်ဆောက်ပြီးစီးခဲ့သည့် မြန်မာနိုင်ငံပိုင် အနိမ့်ပျံအသေးစား ဂြိုဟ်တု MMSATS- 1 (မြန်မာအမည် “လောကနတ်-၁”) ဂြိုဟ်တုကို အောင်မြင်စွာ တည်ဆောက်ပြီးစီးပြီ ဖြစ်သဖြင့် အာကာသအတွင်း လွှတ်တင်နိုင်ရန် ဟော့ကိုင်းဒိုး တက္ကသိုလ် မှ ဂျပန်အာကာသအေဂျင်စီ သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် Online စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ဟော့ကိုင်းဒိုး တက္ကသိုလ်မှ JAXA သို့ လွှဲပြောင်း ပေးအပ်ကြောင်း သဘောတူညီချက် ကို လက်မှတ်ရေးထိုးကြပြီး ဟော့ကိုင်းဒိုးတက္ကသိုလ်မှ Professor Yukihiro Takahashi က မြန်မာ အနိမ့်ပျံဂြိုဟ်တု MMSATS- 1 (လောကနတ်-၁) တည်ဆောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယခုကဲ့သို့ မြန်မာနိုင်ငံပိုင် အနိမ့်ပျံ အသေးစားဂြိုဟ်တုကို ပူးပေါင်း တည်ဆောက်ပေးခဲ့သည့် အတွက် ဟော့ကိုင်းဒိုးတက္ကသိုလ်နှင့် တိုဟိုကို တက္ကသိုလ်မှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ ကိုဗစ်- ၁၉ ကပ်ရောဂါကာလအတွင်း အခက်အခဲ အမျိုးမျိုးကြားမှ တည်ဆောက်ပြီးစီးခဲ့ပြီး လာမည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် လွှတ်တင်ရန် စီစဉ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာ နိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင်လည်း မြေပြင်အသေး စား ဂြိုဟ်တုထိန်းချုပ်ရေးစခန်း၊ အသေးစားဂြိုဟ်တု လက်တွေ့ စမ်းသပ်ခန်းတို့ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်အတွက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ နိုင်ငံလေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်မှ ပထမအသုတ် ဆရာ ဆရာမ ခုနစ်ဦးနှင့် သင်တန်း သားခုနစ်ဦးအား ဂြိုဟ်တု တည်ဆောက်ခြင်း လက်တွေ့လုပ်ငန်း ခွင်သင်တန်းနှင့် ဂြိုဟ်တုနည်းပညာ နှင့်အာကာသနည်းပညာအသုံးပြုမှု များဆိုင်ရာ အွန်လိုင်းသင်တန်းများ ပေးခြင်းအတွက် ကျေးဇူးတင်ပါ ကြောင်း၊ ယခုတည်ဆောက်ပြီးစီး သော အနိမ့်ပျံ အသေးစားဂြိုဟ်တု အနေဖြင့် မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးဆိုင်ရာ၊ သစ်တောဆိုင်ရာ၊ မြို့ရွာစီမံကိန်း ရေးဆွဲခြင်းဆိုင်ရာ၊ ပင်လယ်ရေကြောင်းနှင့် သမုဒ္ဒရာ ပညာရပ်ဆိုင်ရာ၊ မြေဆီလွှာ၊ တွင်းထွက်ပစ္စည်းနှင့် ဓာတ်သတ္တု ရှာဖွေခြင်းဆိုင်ရာ၊ မိုးလေဝသနှင့် ရေအရင်းအမြစ်ဆိုင်ရာနှင့် သဘာဝဘေး စီမံခန့်ခွဲခြင်းဆိုင်ရာ စသည့်နယ်ပယ် များအတွက် အကျိုးကျေးဇူး များစွာ ဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း၊ အာကာသနည်းပညာဆိုင်ရာ ကိစ္စရပ် များအတွက် ပိုမိုပူးပေါင်း ဆောင်ရွက် သွားရန် ဆက်လက်အားပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံပိုင် အနိမ့်ပျံ အသေးစား ဂြိုဟ်တုစီမံကိန်းသည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ ငါးနှစ်စီမံကိန်း ဖြစ်၍ စီမံကိန်းတန်ဖိုးမှာ ဂျပန်ယန်း သန်း ၁၆၈၀ ရှိပြီး စီမံကိန်းတွင် ကီလိုဂရမ် ၅၀ အလေးချိန်ရှိ Micro-satellite ဂြိုဟ်တုနှစ်လုံး၊ မြေပြင် အသေးစား ဂြိုဟ်တုထိန်းချုပ်ရေး စခန်းနှင့် Micro- satellite ဂြိုဟ်တု တည်ဆောက်နိုင်မည့် ဂြိုဟ်တု လက်တွေ့တည်ဆောက်စမ်းသပ်ခန်း တို့အပြင် နည်းပညာလွှဲပြောင်းပေးရေး အစီအစဉ်အရ သင်တန်းသား ၁၄ ဦး၊ လုပ်ငန်းခွင် လက်တွေ့သင်တန်း အဖြစ် ဆရာ ဆရာမ ခုနစ်ဦးတို့အား လေ့ကျင့်ပေးမှုတို့ ပါဝင်သည်။
ယခု လွှဲပြောင်းပေးသည့် MMSATS- 1 (လောကနတ်-၁) ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်မည်ဖြစ်ပြီး မတ်လတွင် ဂြိုဟ်ပတ်လမ်းအတွင်းသို့ ထည့်သွင်း မည်ဖြစ်သည်။ ဒုတိယ အနိမ့်ပျံ အသေးစားဂြိုဟ်တု (လောကနတ်-၂) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် လွှတ်တင်ရန်စီစဉ်ထားကြောင်း သိရ သည်။
သတင်းစဉ်