
နေပြည်တော် အောက်တိုဘာ ၂၁
နိုင်ငံတကာခရီးသည်တင် လေယာဉ် များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် အိန္ဒိယနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၆၃ ဦးအား Air India လေကြောင်း လိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် လည်းကောင်း၊ ထိုင်းနိုင်ငံတွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသား ၃၀ အား မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ည ၈ နာရီ တွင်လည်းကောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
ထို့ပြင် အာရပ်စော်ဘွားများ ပြည်ထောင်စု၌ အခက်အခဲကြုံတွေ့ နေရသည့် မြန်မာသင်္ဘောသား ၉၀ အား ရီယာဒ်မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ည ၁၀ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ/ သတ်မှတ်ဟိုတယ်များ၌ အသွား အလာ ကန့်သတ်မှုခုနစ်ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ် မှု ခုနစ်ရက်နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ပေး ကြသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့် အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံး များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်