NSDF ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ မြန်မာအသင်း စတုတ္ထနေရာသာရရှိ

 

ရန်ကုန်   မတ်  ၂၀


NSDF Futsal Invitation Championship 2022 ဖူဆယ်ပြိုင်ပွဲ တတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲကို မတ် ၂၀ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက် ကျင်းပရာ   မြန်မာအသင်း  တတိယနေရာလုပွဲတွင်  ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ဗိုလ်လုပွဲတွင် အိမ်ရှင်ထိုင်းအသင်းက အီရန်အသင်းကို သုံးဂိုးပြတ်အနိုင်ရကာ ချန်ပီယံဆုရရှိခဲ့သည်။


မြန်မာအသင်းသည် တတိယလုပွဲအဖြစ် အိုမန်အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာနှင့် အိုမန်အသင်းသည် သာမန်ပွဲကစားချိန်တွင် သုံးဂိုးစီသရေကျ နေသဖြင့်  ပယ်နယ်တီဖြင့်  ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။   ပထမပိုင်းတွင် တစ်ဂိုးစီသရေ၊ ဒုတိယပိုင်းတွင် နှစ်ဂိုးစီသရေကျနေသဖြင့် ပယ်နယ်တီ ဖြင့်   ဆုံးဖြတ်ရာ  အိုမန်အသင်းက  ငါးဂိုး-လေးဂိုးဖြင့်  အနိုင်ယူကာ စုစုပေါင်း ရှစ်ဂိုး-ခုနစ်ဂိုးဖြင့် တတိယနေရာရခဲ့သည်။  ပွဲချိန်အတွင်း မြန်မာအသင်းအတွက်   ဂိုးများကို  မျိုးသက်အောင်၊   ချမ်းသာနှင့် နိုင်လင်းထွန်းကျော်တို့က သွင်းယူသည်။ ဗိုလ်လုပွဲတွင် အိမ်ရှင်ထိုင်း အသင်းသည် အီရန်ကို ဂိုးပြတ်သွင်းယူကာ ချန်ပီယံဖြစ်ခဲ့သည်။ လူငယ် ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် အီရန်အသင်းသည် အာဆီယံ ထိပ်သီးထိုင်းကို  အရှုံးပေးခဲ့ရခြင်းဖြစ်သည်။


မြန်မာအသင်းသည်  ဧပြီတွင်ယှဉ်ပြိုင်ရမည့်  အာဆီယံဖူဆယ် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယခုပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းသည်   ယခုပြိုင်ပွဲအပြီးတွင်  ထိုင်းနိုင်ငံ၌   ဆက်လက် လေ့ကျင့်သွားမည်ဖြစ်သည်။     
                                           

ရဲရင့်လွင်