
နေပြည်တော် မတ် ၃
2019 Novel Coronavirus (2019 - nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က အမှာစကားပြောကြားခဲ့ရာ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုနှင့်စပ်လျဉ်း၍ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ(Global Emergency) အဖြစ် ပထမအကြိမ် ထုတ်ပြန်ကြေညာခဲ့ရာ မှ ဖေဖော်ဝါရီလကုန်တွင် ကမ္ဘာတစ်ဝန်း ကူးစက်မှုအလွန်မြင့်မားသည့်အဆင့်(Very High)သို့ ပြောင်းလဲတိုးမြှင့်သတ်မှတ်ခဲ့ပါ ကြောင်း၊ ထို့ပြင် COVID-19 ရောဂါကူးစက် ပြန့်ပွားမှုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှ စတင်ခဲ့သော်လည်း လက်ရှိတွင် အခြားနိုင်ငံ(၆၀) ကျော်တွင်လည်း ကူးစက် ပြန့်ပွားလျက်ရှိပါကြောင်း၊ သို့ပါ၍ ယနေ့ အစည်းအဝေးတွင် နိုင်ငံတကာ၌
ရောဂါကူးစက်ပြန့်ပွားနေမှု အခြေအနေများကို လေ့လာသုံးသပ်၍ မြန်မာနိုင်ငံတွင်လည်း ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပိုမိုကောင်းမွန်သည့် လုပ်ငန်းစဉ်များ၊ အစီအမံများ တိုးမြှင့်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ဆွေးနွေးညှိနှိုင်းသွားကြရန် ဖြစ်ပါကြောင်း၊ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီ ၁၉ ရက်တွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ကျင်းပခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင် ရောဂါကာကွယ် ထိန်းချုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် ရန်နှင့် လိုအပ်သည်ထက်ပိုမို၍ ထိန်းချုပ် ကန့်သတ်မှုများ မပြုလုပ်ဘဲ တရုတ်နိုင်ငံနှင့် တစည်းတလုံးတည်းဖြင့် ပူးပေါင်းဆောင် ရွက်ကြရန် တရုတ်နိုင်ငံဘက်မှ တိုက်တွန်းခဲ့ပြီး ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် နှစ်ဖက်ပြည်သူများ၏ လူမှုစီးပွားရေး ထိခိုက် မှုများလျှော့ချရေး စသည်တို့အား ဆောင်ရွက် သွားရန် သဘောတူညီခဲ့ပါကြောင်း။
ပထမဦးစားပေး
ထို့နောက် တရုတ်နိုင်ငံရောက် တရားမဝင် အလုပ်သမားများနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ နယ်စပ်ဂိတ်များမှတစ်ဆင့် နေရပ်သို့ပြန်လာ နိုင်ရေးအတွက် ပေကျင်းမြို့ရှိ မြန်မာသံရုံး အနေဖြင့် ကူညီဆောင်ရွက်မှုများ ပြုလုပ်ရာ တွင် လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်ပြီးနောက် တရုတ်နိုင်ငံမှ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင် ရွက်သွားမည်ဖြစ်ပြီး ပြန်လည်ရောက်ရှိသည့် အချိန်တွင်လည်း ကျန်းမာရေးစောင့်ကြပ် ကြည့်ရှုမှုများ ပြုလုပ်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် ဗဟိုကော်မတီ အစည်းအဝေးမှာ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် ကျန်းမာရေးရှုထောင့်ကသာမက WHO ၏ လမ်းညွှန်ချက်များ ရှုထောင့်၊ နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း တို့အပေါ် ကြီးမားစွာ မထိခိုက်စေရေး ရှုထောင့်၊ နှစ်နိုင်ငံချင်းဆက်ဆံရေး ရှုထောင့်တို့မှ ဟန်ချက်ညီညီ ညှိနှိုင်းတိုင်ပင်၍ လုပ်သင့် လုပ်ထိုက်သည်များကို ညှိနှိုင်းသွားရန်ဖြစ် ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ ပြည်သူလူထု ၏ ဘေးကင်းလုံခြုံရေးသည် ပထမဦးစားပေး ဖြစ်ပါကြောင်း၊ ပြည်သူတို့၏ သဘောထားကို လည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း ပြောကြားသည်။
အထူးဦးစားပေး ဆောင်ရွက်နေ
ထို့နောက် ဗဟိုကော်မတီ ပူးတွဲဥက္ကဋ္ဌ ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်း အဝေးများကို ပြုလုပ်လျက်ရှိပြီး လုပ်ငန်း လမ်းညွှန်များကိုချမှတ်၍ အထူးဦးစားပေး လုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်နေ ပါကြောင်း၊ အဆိုပါနေ့စဉ်အစည်းအဝေးများနှင့် အခြား COVID-19 ရောဂါနှင့် စပ်လျဉ်းသော ညှိနှိုင်းအစည်းအဝေးများတွင် မိမိပြောကြား ချက်များ၊ လမ်းညွှန်ချက်များကို စုစည်း၍ ဗဟို ကော်မတီဝင်များ သိရှိနိုင်ရန် ဖြန့်ဖြူးပေးထား ပါကြောင်း၊ စုစုပေါင်း (၅၈၉)ချက်ပါဝင်ပြီး လူမှု ရေးဝန်ကြီးများအနေဖြင့် မိမိတို့၏ သက်ဆိုင် ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်ရောက် သောအခါ မိမိတိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန များ၌ အဆိုပါအချက်များကို ဆောင်ရွက် ထားရှိမှု အတိုင်းအတာကို လေ့လာဆန်းစစ် သုံးသပ်စေလိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများကလည်း မိမိတို့ ဆောင်ရွက်ထားရှိမှု အခြေအနေ အကျဉ်းချုပ် အစီရင်ခံစာကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရထံတင်ပြရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာလူမှုရေးဝန်ကြီးနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်ဦးစီးဌာနမှူး အပါအဝင် တာဝန် ရှိသူများသည် အသင်းအဖွဲ့ တစ်ခုတည်း အသွင်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ပါ ကြောင်း၊ ဤရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကပ်ရောဂါ ဗေဒရှုထောင့်နှင့် ပြည်သူ့ကျန်းမာရေး ရှုထောင့် များမှသာမက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ကုန်သွယ်ရေး ရှုထောင့်များမှလည်း ကြည့်ရှု သုံးသပ်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
တိတိကျကျလိုက်နာ
ယခုအချိန်တွင် လူစုလူဝေးဖြင့်ကျင်းပ သော ပွဲလမ်းသဘင်များ၊ အခမ်းအနားများကို တတ်နိုင်သမျှ မလုပ်သင့်ပါကြောင်း၊ မဖြစ်မနေ ကျင်းပရမည်ဆိုပါကလည်း တက်ရောက်မည့် လူဦးရေကို သိသိသာသာလျှော့ချခြင်း၊ ဖျားနာ သူနှင့် နှာစေးချောင်းဆိုးသူများ လုံးဝမလာ ရောက်စေရေးနှင့် မိမိတို့ဝန်ကြီးဌာနမှ လမ်းညွှန်မှုများကို တိတိကျကျ လိုက်နာပြီး ဆောင်ရွက်စေလိုပါကြောင်း၊ ပွဲလမ်းသဘင် အခမ်းအနား တစ်ခုချင်းစီအလိုက် ဘက်စုံခြုံငုံ သုံးသပ်ပြီး စဉ်းစားဆုံးဖြတ်ရန် လိုအပ်မည်ဖြစ် ပြီး မိမိတို့ဝန်ကြီးဌာနမှ တတ်နိုင်သမျှ ပံ့ပိုး ကူညီသွားမည်ဖြစ်ပါကြောင်း၊ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေသည် အချိန်နှင့် အမျှ ဖြစ်ပေါ် ပြောင်းလဲမှုရှိသော အခြေအနေ (evolving situation) ဖြစ်ပါကြောင်း၊ သေဆုံး မှုနှုန်းသည်လည်း တဖြည်းဖြည်း မြင့်တက် လာပြီး ယခုအခါ (၃.၆ %)ခန့်အထိ ရှိပါကြောင်း၊ လမ်းပြမြေပုံ မရှိသောနယ်မြေ (Uncharted territory) သို့ ခရီးသွားနေရသည်နှင့် တူပါ ကြောင်း၊ ကူးစက်ပျံ့နှံ့ပုံ အပါအဝင် ရောဂါ၏ သဘောသဘာဝဖြစ်စဉ် (Natural history) ကို ယခုအချိန်ထိ သေချာတိကျ ပြည့်စုံစွာ မသိရှိသေးပါကြောင်း၊ နောက်ဆုံးသိရှိရသော အချက်အလက်များအရ COVID-19 ရောဂါ ကူးစက်ခံရသူများ၏ (၈၀%)သည် ပြင်းထန် မှုမရှိ သာမန်လက္ခဏာများသာရှိသော ရောဂါ (mild disease)၊ လူနာများ၏ (၁၄%) သည် ပြင်းထန်သော လက္ခဏာရှိသောရောဂါ (severe disease)နှင့် (၆%)ခန့်သည် အသက် သေဆုံးနိုင်သည်အထိ ပြင်းထန်သောရောဂါ (critically ill) ဖြစ်နိုင်ပါကြောင်း၊ ရောဂါ ကူးစက်ဖြစ်ပွားခံရသူတစ်ဦးမှတစ်ဆင့် ထပ်မံ ကူးစက်ခံရနိုင်ခြေရှိသည့်ဦးရေ Basic Prepro- duction Number - Ro) သည် (၂)ဦးမှ (၄)ဦးခန့်အထိ ရှိသည်ဟု သိရှိရ၍ ဤရောဂါသည် ကူးစက်မှုအလွန်မြန်ပါကြောင်း၊ ကိုရီးယား သမ္မတနိုင်ငံတွင်လည်း ကူးစက်ဖြစ်ပွားမှု အလွန်မြန်ခဲ့ခြင်းဖြစ်ပါကြောင်း။
ကြိုးစားဆောင်ရွက်လျက်ရှိ
ကူးစက်ဖြစ်ပွားမှုများသော ကိုရီးယား သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ လာရောက်သည့် ခရီးသည်ဝင်ရောက်မှု (Influx) လျော့နည်းသွားပါက ရောဂါကူးစက် ဝင်ရောက် နိုင်ခြေလည်း လျော့နည်းသွားမည်ဖြစ်ပါ ကြောင်း၊ ဝင်ရောက်လာသောခရီးသည်များမှ (Health Declaration Form)တွင် ဖြည့်ရသည့် အချက်များကိုလည်း တတ်နိုင်သမျှ လျှော့ချပြီး တည်းခိုနေထိုင်မည့် ဟိုတယ်နှင့်တည်းခိုခန်း နှင့် နေရပ်လိပ်စာတို့ကို အဓိကထားဖြည့်စွက် စေခဲ့ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အကူအညီကိုရယူပြီး မိမိတို့ ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် သက်ဆိုင် ရာဟိုတယ်၊ တည်းခိုခန်းများနှင့် ချက်ချင်းဆက် သွယ်ဆောင်ရွက်ခြင်း၊ လိုက်လံစုံစမ်းခြင်းများ ကို ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ပြည်သူများနှင့် သက်ဆိုင်ရာ ကာယကံရှင်များကို ရောဂါဖြစ်ပွားရာ နေရာ များမှ ပြန်ရောက်လာပါက (သို့မဟုတ်) ရောဂါ ဖြစ်ပွားသူနှင့် အနီးကပ်ထိတွေ့မှု ရာဇဝင်ရှိ ပါက အသွားအလာ ပိတ်ပင်တားမြစ်ပြီး သတ်မှတ်နေရာတွင် နေထိုင်စေခြင်း (Quara- ntine) သည် သက်ဆိုင်ရာပုဂ္ဂိုလ်အတွက် ရောဂါဖြစ်ပွားပါက ချက်ချင်းကုသမှုပေး နိုင် ခြင်းနှင့် အခြားသူ မိမိ၏မိတ်ဆွေနှင့် ဆွေမျိုး များကို မကူးစက်စေရန် ကာကွယ်မှုပေးနိုင် သည်ဟူသော အကျိုးကျေးဇူးများ ရှိကြောင်း ကိုသိရှိရန် ကျယ်ကျယ်ပြန့်ပြန့် အသိပေးသွား မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် (Quarantine) လုပ်ရန်ရှိပါက လူနာက ကူးစက်ရောဂါဆေးရုံဟု သတ်မှတ်ထားသော ဝေဘာဂီဆေးရုံတွင် ထားရှိတော့မည်မဟုတ်ဘဲ တည်ဆောက်ပြီးသော်လည်း လူနာများ မထား ရှိရသေးသော တောင်ဥက္ကလာပရှိ မိခင်နှင့် ကလေးဆေးရုံ (၄)ထပ်ဆောင်တွင် ပြုလုပ်သွား မည်ဖြစ်ပြီး ရောဂါလက္ခဏာရှိသောသူများနှင့် သံသယရှိလူနာများကိုသာ ဝေဘာဂီဆေးရုံတွင် ထားရှိသွားမည်ဖြစ်ပါကြောင်း၊ COVID-19 ရောဂါဖြစ်ပွားသူများ၏ ၈၈ % တွင် ကိုယ်ပူဖျား နေခြင်းကို တွေ့ရှိရပါသဖြင့် လေဆိပ်၊ နေအိမ် နှင့် နယ်စပ်ဝင်/ထွက် ဂိတ်များတွင် Fever Screening ကို သေချာစွာ လုပ်ဆောင်လျက်ရှိ ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါသည် တရုတ်-မြန်မာနယ်စပ်မှ ဝင်ရောက် လာနိုင်ခြေနည်းပါးသည်ဟု ထင်မြင်ယူဆပါ ကြောင်း၊ တရုတ်ပြည်တွင် အဓိကရောဂါဖြစ် ပွားနေသော ဝူဟန်မြို့၊ ဟူပေပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြားတွင် ယူနန်ပြည်နယ်၊ ဟူနန်ပြည်နယ်နှင့် ကွမ်းကျိုးပြည်နယ်တို့ ခြားနေသည့်အပြင် အဆိုပါပြည်နယ်များတွင် လူနာသစ် မတွေ့ရှိရသည်မှာ ရက်သတ္တ (၁)ပတ်ခန့် ရှိနေပြီဖြစ်ပြီး နယ်စပ်ဖြတ်ကျော် ဝင်ရောက်သွားလာနေသူ အများစုမှာလည်း ယူနန်ပြည်နယ်အတွင်း မိုင်အနည်းငယ်ခန့်သာ သွားလာပြီး နေ့ချင်းပြန် ဝင်ထွက်နေသူများဖြစ် သည်ဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံအတွင်း သို့ ရောဂါဖြစ်ပွားနေသော နိုင်ငံများမှ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသူများမှ တစ်ဆင့် ရောဂါကူးစက်ဖြစ်ပွားရန် အခွင့် အလမ်းပိုများပါကြောင်း၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် အဖျားရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းကို အားဖြည့်ဆောင်ရွက် ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ကျန်းမာရေးမှူးများကို တွဲဖက်တာဝန်ချထားပြီးဖြစ်ပါကြောင်း။
ပြင်ဆင်ဆောင်ရွက်လျက်ရှိ
ရောဂါဖြစ်ပွားသူများကို ဆောလျင်စွာ ထောက်လှမ်းခြင်း (Early Case Detection)နှင့် သီးခြားထားရှိ ကုသမှုပေးခြင်း (Isolation & Treatment) ပေးခြင်းဖြင့် ကူးစက်ပြန့်ပွားမှု ကို ထိရောက်စွာ တားဆီးနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ဆေးရုံများကို လူနာများတွေ့ရှိ ပါက ထိရောက်စွာ ကုသပေးနိုင်ရေးအတွက် အသင့်အနေထားရှိရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သံသယလူနာ(၄)ဦး သို့မဟုတ် (၅)ဦးခန့် တစ်ပြိုင်နက်တွေ့ရှိပါက မည်ကဲ့သို့ဆောင်ရွက်မည်ကို အစမ်းလေ့ကျင့် ခြင်း (Table Top Exercise) တို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနကလည်း COVID-19 ရောဂါကို နေ့ချင်းဓာတ်ခွဲစစ်ဆေးပေးလျက်ရှိပြီး ယနေ့အချိန်ထိ စောင့်ကြည့် လူနာ (၅၀)ဦးကို စစ်ဆေးပေးခဲ့ကာ ရောဂါပိုး တွေ့ရှိသူ မရှိသေးပါကြောင်း၊ စင်ကာပူနိုင်ငံမှ ပေးအပ်လှူဒါန်းသော COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရန်အတွက် လူနာအယောက် (၃၀၀၀)အတွက် ဓာတ်ခွဲပစ္စည်းများ ယနေ့ ရရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဗဟိုကော်မတီ အတွင်းရေး မှူး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ကမ္ဘာ့နိုင်ငံများတွင် COVID-19 ရောဂါဖြစ်ပွားသေဆုံးမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် သံသယ/စောင့်ကြည့်လူနာ များ တွေ့ရှိကုသပေးနေမှုအခြေအနေများ၊ ပထမအကြိမ် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းများအား ဆုံးဖြတ်ချက်ပေးရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြ သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက် လာကြသည့် ကိုယ်စားလှယ်များက 2019 Novel Coronavirus (COVID-19)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ရောဂါစောင့်ကြပ် ကြည့်ရှု ရေးလုပ်ငန်းများတွင် လေကြောင်းလိုင်းများ ပျံသန်းနေမှုအခြေအနေ၊ ရောဂါဖြစ်ပွားရာ နိုင်ငံများမှ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားခရီးသွားများအား ပြည်ဝင်ခွင့် စိစစ်ဆောင်ရွက်ပေးနေမှု အခြေအနေ၊ လူစု လူဝေးဖြင့် ပြုလုပ်သည့် ပွဲလမ်းသဘင်များ ကျင်းပခြင်းကို ရှောင်ကြဉ်ရေးနှင့် မဖြစ်မနေ ကျင်းပရမည်ဆိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပညာပေး နှိုးဆော်ချက်များနှင့်အညီ တိကျစွာ စနစ်တကျလိုက်နာဆောင်ရွက်နိုင် ရေး ပြည်သူလူထုထံ အသိပညာပေးရေးကိစ္စ၊ ရောဂါကူးစက် ပြန့်ပွားမှုနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်နိုင်ရေးနှင့် မီဒီယာများမှ တိကျမှန်ကန်သော သတင်းများအား အချိန်နှင့် တစ်ပြေးညီ ဖြန့်ဝေနိုင်ရေးအတွက် ဆောင်ရွက် နေမှုများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ တရား မဝင် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ရေး ကူညီဆောင်ရွက် နေမှုအခြေအနေများ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ် ဝင်ထွက်ပေါက် များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း များအား စနစ်တကျ ဆောင်ရွက်နေမှုအခြေ အနေများ စသည်တို့အပေါ် ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
စနစ်တကျ တိုးမြှင့်ဆောင်ရွက်
ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နိဂုံးချုပ် မိန့်ခွန်းပြောကြားရာတွင် လက်ရှိတွင် မြန်မာ နိုင်ငံအနေဖြင့် Confirmed Case မတွေ့ရှိရ သေးသော်လည်း ပေါ့ဆခြင်းမရှိဘဲ ကြိုတင် ပြင်ဆင်မှုများ၊ ကာကွယ်ထိန်းချုပ်မှုများကို စနစ်တကျ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ မိမိတို့အနေဖြင့်လည်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီး (WHO)နှင့် International Civil Aviation Organization(ICAO)တို့၏ စည်းမျဉ်းစည်းကမ်းများနှင့် အကြံပြုချက်များ နှင့်အညီ ရောဂါကာကွယ်ထိန်းချုပ်ရေး အစီ အမံများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် အထူး သဖြင့် လူစုလူဝေးဖြင့် ပြုလုပ်သည့် အခမ်း အနားများ၊ ပွဲလမ်းသဘင်များကို လျှော့ချသွား ရန် လိုအပ်ပါကြောင်း၊ မြန်မာပြည်သူပြည်သား များ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို ရှေးရှု၍ ယင်းကူးစက်ရောဂါကို ကာကွယ်ထိန်း ချုပ်ရန်အတွက် ကျန်းမာရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည်တို့ကို ဘက်ပေါင်းစုံမှ စဉ်းစားသုံး သပ်လျက် ဟန်ချက်ညီမျှသည့် တုံ့ပြန်ဆောင် ရွက်မှုများ ပြုလုပ်သွားရန် လိုအပ်ကြောင်း၊ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဆောင် ရွက်ခြင်းဖြင့် သက်ရောက်နိုင်သည့် စီးပွားရေး ဆိုင်ရာထိခိုက်မှုများ ရှိနိုင်သကဲ့သို့ ရောဂါဖြစ် ပွားပါကစီးပွားရေးဆိုင်ရာ ထိခိုက်မှုကို များစွာ သက်ရောက်စေနိုင်သည့်အတွက် ကျန်းမာရေး ရှုထောင့်အရ ရောဂါကာကွယ် ထိန်းချုပ်ရေး အစီအမံများကို လိုက်နာပူးပေါင်း ဆောင်ရွက် ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီ ပူးတွဲဥက္ကဋ္ဌ ဒေါက်တာမြင့်ထွေးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယခုဗဟိုကော်မတီကို ဖွဲ့စည်းထားခြင်းသည် လူမှုရေးဝန်ကြီးများ၊ အခြားဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးနိုင် သောကြောင့် အလွန်အကျိုးရှိပါကြောင်း၊ COVID-19 ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေး ပေါ်အခြေအနေ (Public Health Emergency of International Concern - PHEIC) ဟု (၃၀-၁-၂၀၂၀)ရက်နေ့တွင် ကြေညာကာ အဖွဲ့ဝင် နိုင်ငံများကို ဆောင်ရွက်ရမည့် လုပ်ငန်း လမ်းညွှန်ချက်(၅)ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ထိုကဲ့သို့ မကြေညာမီကပင် အဆိုပါ လုပ်ငန်း များကို ဆောင်ရွက်ခဲ့ပါကြောင်း။
ထို့ပြင် ကမ္ဘာ့ကျန်းမာရေးပညာရှင်များ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်လေ့လာပြီးနောက် ထုတ်ပြန် ကြေညာချက်တွင်ပါရှိသော ရောဂါမဖြစ်ပွားသေးသည့် နိုင်ငံများ ဆောင်ရွက်ရမည့်လုပ်ငန်း (၅)ရပ်ကိုလည်း ဝန်ကြီးဌာနအနေဖြင့် ကြိုတင်ဆောင်ရွက်ထားခဲ့ပါကြောင်း၊ ပြည်တွင်း/ ပြည်ပ လေကြောင်းခရီးစဉ်များတွင် လေယာဉ် ကို ပိုးသန့်စင်ခြင်းလုပ်ငန်း (Disinfection)ကို ပျံသန်းသည့် အချိန်နာရီပေါ်မူတည်၍ ပြုလုပ်ခြင်းမျိုး မဟုတ်ဘဲ ပျံသန်း သည့် ခရီးစဉ်တစ်ခုပြီးတိုင်း ဆောင်ရွက်စေလိုပါကြောင်း၊ လေယာဉ်ပေါ်တွင် သံသယလူနာ(၁)ဦး ပါရှိလာပါက ရောဂါ ပိုးများသည် အဆိုပါလေယာဉ်တွင် ကျန်ရှိနိုင်ပြီး အခြားသူ များကို ကူးစက်နိုင်ခြေ မြင့်မားသောကြောင့် ဤကဲ့သို့ ပိုးသန့်စင်ခြင်းလုပ်ငန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာလေကြောင်းဌာနသို့ ဆက်သွယ် ညှိနှိုင်းကာ ပိုးသန့်စင်ခြင်း အထောက်အထား လက်မှတ် (disinfection certificate) ကို တောင်းယူစေလိုပါကြောင်း၊ ပြည်တွင်းလေကြောင်းများ၌လည်း ပိုးသန့်စင်ခြင်းလုပ်ငန်း များကို စနစ်တကျဆောင်ရွက်စေလိုပါကြောင်း၊ COVID-19 ရောဂါသည် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ (zoonosis) တစ်မျိုးဖြစ်၍ ဝန်ကြီးဌာနအနေဖြင့် သားသတ် ရုံများကို တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ စနစ်တကျကြီးကြပ်ပေးရန် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များထံ အကြောင်းကြားခဲ့ပြီးဖြစ်ပါ ကြောင်းနှင့် လူမှုရေးဝန်ကြီးများကလည်း ကြီးကြပ် လမ်းညွှန်ပေးစေလိုပါကြောင်း။
မိမိအနေဖြင့် အကြုံပြုလိုသည်မှာ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်သည့်အခါ လေဝင်လေထွက် ကောင်းစေရန်အတွက် အလုံပိတ်အခန်းများတွင် မပြုလုပ် စေဘဲ တံခါးများ၊ ပြတင်းပေါက်များကို တတ်နိုင်သမျှ ဖွင့်ထား စေလိုပါကြောင်း၊ မိမိတို့ အနေဖြင့် ယခုအချိန်ကာလတွင် COVID-19 ရောဂါဖြစ်ပွားမှုမရှိသေးသော်လည်း ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ပြင်းပြင်းထန်ထန် တင်းတင်း ကျပ်ကျပ် အရေးယူဆောင်ရွက်ခြင်း (Aggressive actions)များ ဆောင်ရွက်ရန်လိုအပ်ပြီး သတင်းများကို ထိမ်ချန်မှု မရှိဘဲ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားရန် အရေးကြီး ပါကြောင်း၊ ယခုအချိန်တွင် အရပ်ဘက်ဆေးရုံများနှင့် တပ်မတော်ဆေးရုံများအကြား ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID-19 ရောဂါနှင့်ပတ်သက်၍ လုပ်ငန်းလမ်းညွှန်ချက် များ၊ လုပ်ထုံးလုပ်နည်းများ၊ ထုတ်ပြန်ကြေညာချက်များကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဝင်ရောက် ကြည့်ရှုရယူနိုင်ပါကြောင်း။
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ စောင့်ကြည့်လူနာ(၅၀)ကို COVID-19 ရောဂါ ပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ယခုအချိန်ထိ ရောဂါပိုးရှိသူ တစ်ဦးမျှ မတွေ့ရှိရသေးဘဲ ဓာတ်ခွဲအဖြေများသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းတစ်ခုဖြစ်သော ထိုင်းနိုင်ငံရှိ ဓာတ်ခွဲခန်းအဖြေများနှင့် ကိုက်ညီမှုရှိကြောင်းကို တွေ့ရှိရ ပါကြောင်း၊ ဓာတ်ခွဲစစ်ဆေးသော PCR စက်များသည် ဝန်ကြီးဌာနတွင် ယခင်ကတည်းက ရှိသော်လည်း COVID-19 ရောဂါပိုးအတွက် သီးသန့် Primer နှင့် Probe များ ဓာတ်ခွဲပစ္စည်းများမရှိသောကြောင့် ယခင်က မစစ်ဆေး နိုင်ခဲ့သော်လည်း အဆိုပါဓာတ်ခွဲပစ္စည်းများကို ဂျပန်နိုင်ငံမှ ရရှိပြီးနောက် ယခုအခါ စစ်ဆေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခါတွင် ရောဂါဖြစ်ပွားကူးစက်နိုင်သော နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများဟူ၍ ခွဲခြားမစဉ်းစားသင့် တော့ပါကြောင်း၊ သတင်းအချက်အလက်များကို လွတ်လပ် စွာ မျှဝေရယူခြင်း (Free Flow of Information) ရှိရန် အရေး ကြီးပါကြောင်း၊ လေယာဉ်များပေါ်တွင် လက်သန့်စင်ပိုးသတ် ဆေးရည်ပုလင်းများ (Hand Sanitizer) များ အလွယ်တကူ ရယူသုံးစွဲနိုင်ရန် စီစဉ်ပေးစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေ ဖြင့် ရောဂါကူးစက်ဖြစ်ပွားနေသော နိုင်ငံများမှ ပြန်လည် ရောက်ရှိလာသူများ (သို့မဟုတ်) ဓာတ်ခွဲအတည်ပြု လူနာ များနှင့် ထိတွေ့သူများကို အသွားအလာ ပိတ်ပင်တားမြစ် ကန့်သတ်ပြီး စောင့်ကြည့်ရန်အတွက် တောင်ဥက္ကလာပ မိခင် နှင့် ကလေးလူနာဆောင်အဆောက်အဦသစ်နှင့် လှည်းကူး ကွင်းဆင်းသင်တန်းကျောင်း ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဖောင်ကြီးသင်တန်းကျောင်းတို့တွင် ထားရှိနိုင် ရန်လည်း ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လေကြောင်းခရီးဖြင့် ဝင်ရောက်လာသည့် ခရီးသည် များအနေဖြင့် Health Declaration Form ကို ပြည့်စုံစွာ ဖြည့်စွက်ပြီးသူများကိုသာ ပြည်တွင်းသို့ ဝင်ခွင့်ပေးရန် ဖြစ်ပါကြောင်း၊ အကျဉ်းထောင်နှင့် အချုပ်များတွင်လည်း COVID-19 ရောဂါ ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ အကူအညီများပေးသွားမည်ဖြစ်ပါကြောင်း၊ ဆေးရုံများအတွက် လိုအပ်သော တစ်ကိုယ်ရေရောဂါ ကာကွယ်ရေးပစ္စည်း (PPE)များကိုလည်း ဖြည့်ဆည်းပေးထားမည်ဖြစ်ပါကြောင်း၊ လူစုလူဝေးဖြင့် ကျင်းပမည့် ပွဲလမ်း သဘင်များ၊ အခမ်းအနားများ ကျင်းပသည့်အခါ လိုက်နာ ရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို Update ပြုလုပ် ၍ သက်ဆိုင်ရာဌာနများ အဖွဲ့အစည်းများထံ ဖြန့်ဝေပေး သွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေဆိပ်ကျန်းမာရေးဌာနခွဲ၊ လူဝင်မှုကြီးကြပ် ရေးဌာန၊ အကောက်အခွန်ဌာန၊ လေကြောင်းပို့ဆောင်ရေး နှင့် လေဆိပ်ကြီးကြပ်ရေးကော်မတီမှ ဝန်ထမ်းများသည် အပတ်စဉ်ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရောဂါကူးစက်ဖြစ်ပွားနေသော နိုင်ငံ များ၌ ပြုလုပ်သည့် ကာလတိုသင်တန်းများ၊ အစည်းအဝေး များသို့ သင်တန်းသားများနှင့် ကိုယ်စားလှယ်များ မစေလွှတ် တော့ကြောင်းနှင့် အခြားဝန်ကြီးဌာနများကလည်း မလွှဲ မရှောင်သာသည့် အရေးကြီးသည့် သင်တန်းများ၊ အစည်း အဝေးများမှလွဲ၍ မစေလွှတ်သင့်ပါကြောင်း ပြောကြားသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ဗဟိုကော်မတီဝင် များဖြစ်ကြသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယ ဝန်ကြီးများ၊ ပြည်နယ် သုံးခုနှင့် တိုင်းဒေသကြီး သုံးခုတို့၏ အစိုးရအဖွဲ့များမှ ဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်