Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်း

 

ဒီနေ့ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ ပြည်သူတွေကို တင်ပြရခြင်းမှာ အရေး အကြီးဆုံးကိစ္စက Stay at Home မြို့နယ်တွေ ကြေညာထားတာ မပြီးပြတ် သေးဘူးဆိုတာကို သတိပေးချင်ပါတယ်။ အထူးသဖြင့် ရန်ကုန်မှာပေါ့။ ရန်ကုန်မှာရှိတဲ့ တချို့စက်ရုံ၊ အလုပ်ရုံတွေ၊ နိုင်ငံရဲ့ ရေရှည်စီးပွားရေးအတွက် အရေးကြီးတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ပြန်ပြီးတော့ လည်ပတ်နိုင်ဖို့ စည်းမျဉ်း၊ စည်းကမ်းတွေ သတ်မှတ်ပြီးတော့ စည်းမျဉ်းစည်းကမ်းနဲ့ကိုက်ညီရင် ပြန်ပြီး လည်ပတ်နိုင်တယ်ဆိုတာကို ခွင့်ပြုလိုက်လို့ တချို့က Stay at Home လွတ်သွားပြီလို့ ထင်ကြပါတယ်။
Stay at Home က အခုထက်ထိ တည်ဆဲပါပဲ။ စည်းမျဉ်းစည်းကမ်းတွေက တည်ဆဲပါပဲ။ သည်းညည်းခံပြီး ဆက်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း နေပါလို့ မေတ္တာရပ်ခံပါရစေ။ ရန်ကုန်မှာဆိုရင် အခုကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး စပြီးတော့ထိန်းနိုင်ပါပြီ။ စရုံပဲရှိပါသေးတယ်။ ထိန်းနိုင်သွားပြီလို့ ပြောတာ မဟုတ်ပါဘူး။ စပြီးတော့ထိန်းနိုင်ပါပြီဆိုတာ ဘယ်လိုပြောချင်တာလဲဆိုတော့ အရင်အမြင့်ဆုံးအဆင့်ကနေကျလာပြီ။ သို့သော်လည်း အတက်အကျကတော့ ရှိသေးတာပဲ။ လုံးဝဆက်ပြီးတော့ ကျတာမဟုတ်ပါဘူး။ ကျလိုက်၊ နည်းနည်း တက်လိုက်၊ နည်းနည်းကျလိုက်၊ တက်လိုက်ပေါ့။ အဲဒီတော့ စပြီးတော့ ထိန်းလို့ရပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် တကယ်ကိုပိုင်ပိုင်နိုင်နိုင် ထိန်းနိုင် ဖို့ဆိုရင် ဆက်ပြီးတော့လုပ်ရဦးမယ်။
ဆက်ပြီးတော့လုပ်ရဦးမယ်ဆိုတော့ ပြည်သူတွေစိတ်ထဲက နည်းနည်း စိတ်ပင်ပန်းလား မသိဘူး။ ဒါပေမယ့် သည်းခံရမယ်၊ တောင့်ခံရမယ်။ တောင့်ခံ ရမယ်ဆိုတာ တစ်ကမ္ဘာလုံးမှာ ဒီလိုဖြစ်နေတာ။ တချို့နိုင်ငံတွေမှာဆိုရင် တတိယလှိုင်းလို့တောင် ခေါ်ရလောက်အောင် တော်တော်များများ၊ကျယ်ကျယ် ပြန့်ပြန့် ရောဂါပိုးတွေ တွေ့နေတာတွေ ရှိပါတယ်။ ဒီနိုင်ငံအခြေအနေက အဆိုးဆုံးထဲမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အကောင်းဆုံးထဲမှာလည်းမဟုတ်ဘူး။ ၈ လပိုင်း မတိုင်ခင်တုန်းက အခြေအနေအကောင်းဆုံးနိုင်ငံတွေထဲမှာလို့ ပြောလို့ရတယ်။
အခုအချိန်မှာတော့ ပြောလို့မရဘူး။ ဒါပေမယ့်လည်း အခုစပြီး ထိန်းနိုင်ပြီဆိုရင် တောင် အများကြီးတိုးတက်မှုလို့ ပြောလို့ရပါတယ်။
အခု တစ်နိုင်ငံလုံးမှာ အရေအတွက်အရရော၊ ရာခိုင်နှုန်းအရရော ကြည့်လိုက်ရင် အပေါ်ဆုံးက ရန်ကုန်တိုင်းဒေသကြီးပါပဲ။ ရန်ကုန်တိုင်း ဒေသကြီးပြီးတော့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးပြီးရင် ရခိုင် ပြည်နယ်၊ ရခိုင်ပြည်နယ်ပြီးတော့ မန္တလေးတိုင်းဒေသကြီးပါ။ ဒါပေမယ့် မန္တလေးတိုင်းဒေသကြီးက ရာခိုင်နှုန်းအရဆိုရင် နံပါတ် ၄ မချိတ်ပါဘူး။ အရေ အတွက် အရဖြစ်တယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရခိုင် ပြည်နယ်ကတော့ ရာခိုင်နှုန်းအရရော၊ အရေအတွက်အရရော များတဲ့ဘက်မှာ ပါပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးက ပြည်သူတွေက ဆက်ပြီး သတိထားရမယ်။ ပဲခူးတိုင်းဒေသကြီးက ပြည်သူတွေကလည်း ဆက်ပြီးတော့ သတိထားရမယ်။ ရခိုင်ပြည်နယ်က ပြည်သူတွေကလည်း ဆက်ပြီးတော့ သတိထားရမှာ ဖြစ်ပါတယ်။
ကိုဗစ်ရောဂါက အချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေရဲ့ဘဝတွေ အကျပ်အတည်းတွေ ရှိလာတယ်ဆိုတာ ကျွန်မတို့ သဘောပေါက်ပါတယ်။ ဒါကြောင့် ပြည်သူတွေကို ဘယ်လိုပံ့ပိုးရမလဲ။ နောက်ထပ်တစ်ကျော့ စပြီး တော့ ပံ့ပိုးဖို့ကို ကျွန်မတို့ အစီအစဉ်တွေ ချမှတ်နေပါတယ်။ အစီအစဉ်တွေ ချမှတ်ပြီးတာနဲ့ ပြည်သူတွေကို အသိပေးပါမယ်။ အဘက်ဘက်က ပြည့်ပြည့် စုံစုံ ၁၀၀ ရာခိုင်နှုန်း မလုပ်ပေးနိုင်တာကိုလည်း စိတ်မကောင်းပါဘူး။ ဒါပေမယ့် တတ်နိုင်သမျှတော့ ကျွန်မတို့ လုပ်ပေးပါမယ်။ ဒါကို အမြန်ဆုံးလည်း လုပ်ပေး ပါမယ်။ ဒါကတော့ စီးပွားရေးဘက်ကပေါ့။ ကျန်းမာရေးဘက်မှာလည်း တချို့ နေရာတွေမှာဆိုရင် မပြေလည်တာတွေရှိတယ်ဆိုပြီး ကြားရပါတယ်။ ဥပမာ ဆိုရင် ချက်ချင်း Quarantine ဝင်မယ့်သူတွေကို Quarantine ဝင်နိုင်ဖို့အတွက် အစီအစဉ်တွေ မလုပ်ပေးနိုင်တာတွေ၊ ဆေးရုံတက်ဖို့ မလုပ်ပေးနိုင်တာတွေ၊ အဲဒါတွေကိုလည်း ကျွန်မတို့ စဉ်းစားပြီးတော့ ပိုပြီးမြန်မြန်ဆန်ဆန် ပြည်သူ တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ Quarantine ဝင်သင့်တဲ့ သူတွေကို မြန်မြန်ဆန်ဆန် ဝင်နိုင်အောင်လို့၊ နောက်ပြီး ဆေးရုံတက်သင့်တဲ့ သူတွေ မြန်မြန်ဆန်ဆန် တက်နိုင်အောင်လို့လည်း အစီအစဉ်အသစ်တွေ လုပ်ပေးနေပါတယ်။ လုပ်လည်းလုပ်နေပါတယ်။
ဥပမာဆိုရင် အားလုံး တိုင်းဒေသကြီးအဆင့်က မဟုတ်ဘဲ တချို့ကိစ္စတွေ ကို မြို့နယ်အဆင့်ကနေပြီး ဆုံးဖြတ်နိုင်အောင်လို့ အစီအစဉ်အသစ်တွေ လုပ်ပါမယ်။ မြို့နယ်အဆင့်ကနေ ဆုံးဖြတ်နိုင်ရင် ပိုပြီးတော့ မြန်မြန်ဆန်ဆန် Quarantine ပို့တဲ့ကိစ္စမျိုးကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ ဒါကတော့ အခု လောလောဆယ် Quarantine ဝင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောခြင်းဖြစ်တယ်။ ရေရှည်မှာ အခြေအနေဘယ်လိုရှိမလဲဆိုတာလည်း ပြည်သူတွေက သိချင်မှာပဲ။ ရေရှည်မှာ အခြေအနေဘယ်လိုရှိမလဲဆိုတာကတော့ ကျွန်မတို့လည်း သေသေ ချာချာ တိတိကျကျတော့ ပြောလို့မရသေးပါဘူး။ သို့သော်လည်း အရင်လည်း ကျွန်မ ပြောပြီးပါပြီ။
အခုဆိုရင် လိုအပ်တဲ့ဆေးတွေရော၊ ကာကွယ်ဆေးပေါ်တယ်ဆိုတာနဲ့ ဒီကာကွယ်ဆေးကို သုံးနိုင်ဖို့ရော၊ ကာကွယ်ဆေးထုတ်ဖို့ အစီအစဉ်ရှိတဲ့ နိုင်ငံ တွေဖြစ်တဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ဆက်သွယ်ပြီးတော့ အခုကတည်းက ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒါကြောင့် ကာကွယ်ဆေးရရင် မြန်မြန် ဆန်ဆန်နဲ့ ကျွန်မတို့ပြည်သူတွေ သုံးနိုင်မှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ပညာရှင်တွေက အမျိုးမျိုးပြောနေကြတယ်ဆိုတာ အချို့ ပြည်သူတွေလည်းသိမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တချို့ပညာရှင်တွေက ဘယ်လိုပြောလဲဆိုတော့ ကာကွယ်ဆေးတွေပေါ်တယ်ဆိုရင် ကာကွယ်ဆေး တွေဟာ ၁၀၀ ရာခိုင်နှုန်း အာမခံချက်မရှိဘူး။ ကျန်းမာရေးအခြေခံကောင်း တဲ့သူတွေအတွက် ပိုပြီးတော့ ထိရောက်မယ်လို့ဆိုပါတယ်။ ဒါကတော့ ဘယ်အခြေအနေမှာမဆို မှန်တယ်လို့ ပြောရမှာပေါ့။ အခြေခံကျန်းမာရေး ကောင်းရင် ဘယ်ရောဂါတွေဖြစ်ဖြစ် ပိုပြီးတော့ ကိုယ်ကခိုင်ခိုင်မာမာနဲ့ ရင်ဆိုင်နိုင်မယ်။ ပိုပြီးတော့ ကျော်လွှားနိုင်မယ်။ ဒါကြောင့် ပြည်သူတွေဟာ အခု ကိုဗစ်ကာလအချိန်မှာ ကျန်းမာရေးပညာရှိအောင် လေ့လာစေချင် ပါတယ်။
ဒါဟာ တစ်ပတ်နှစ်ခါ အစီအစဉ်ပေါ့။ ကျန်းမာရေးပညာရှင်ကြီးတွေ၊ ဆရာဝန်ကြီးတွေ၊ သမားတော်ကြီးတွေကို မေးတာမြန်းတာ အဲဒီအစီအစဉ်မှာ ထည့်ပြီးတော့ မေးမြန်းလို့လည်း ရပါတယ်။ အချိန်ရှိနေတဲ့အခါမှာ ကိုယ့်ဖုန်း ကနေတစ်ဆင့် ကျန်းမာရေးပညာတွေကို လိုက်စားလေ့လာတာတွေ ရှိနိုင် ပါတယ်။ ဒါပေမယ့် သတိထားရမှာက အွန်လိုင်းမှာတက်တဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တိုင်းဟာ မှန်တာမဟုတ်ဘူးဆိုတာ ပြည်သူတွေ သိဖို့လိုပါတယ်။ ကုလသမဂ္ဂကတောင်မှ ဒီဟာကို အသိအမှတ်ပြုပြီးတော့ မမှန်ကန်တဲ့အချက်အလက်တွေကို ကမ္ဘာသူ ကမ္ဘာသားတွေက ယုံကြည်ပြီး တော့ လိုက်နာမယ့်အန္တရာယ်ကို ကာကွယ်ဖို့လိုတယ်ဆိုတာ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးနဲ့ပတ်သက်လို့ မမှန်ကန်တဲ့ ဗဟုသုတတွေ မမှန်ကန်တဲ့ အချက်အလက်တွေကို ဖြန့်လိုက်ရင် ဒီဟာတွေကို ယုံကြည်ပြီး လုပ်ရင် ယုံကြည်ပြီးလုပ်တဲ့သူတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဥပမာ တချို့ကဆိုရင် လွယ်လွယ်ကူကူပဲ ဒီဟာလေးစားလိုက်ရင် ကိုဗစ်မဖြစ်တော့ ဘူး။ ဒီလိုလေးနေလိုက်ရင် မဖြစ်တော့ဘူးဆိုတာ အဲဒီလို ၁၀၀ ရာခိုင်နှုန်း အာမခံချက်ပေးနိုင်တဲ့ နည်းတွေ အခုထိ မရှိသေးပါဘူး။ စောစောကပြောသလို တချို့ ပညာရှင်တွေကတောင် ကာကွယ်ဆေးထိုးတယ် ဆိုရင်တောင်မှ ၁၀၀ ရာခိုင်နှုန်း အကာအကွယ်ရှိချင်မှ ရှိနိုင်မှာ အခုမပြောနိုင်သေးဘူးပေါ့။ ကာကွယ်ဆေးထုတ်တဲ့အချိန်မှ ပိုပြီးတော့ တိတိကျကျသိနိုင်မယ်ဆိုပြီး ပြောနေတာ ရှိပါတယ်။
အခြေခံကျန်းမာရေးကောင်းဖို့ကို ကြိုးစားကြပါ။ အခြေခံကျန်းမာရေး ကောင်းရင် ဘယ်ရောဂါကိုမဆို ရင်ဆိုင်တဲ့နေရာမှာ ကျော်လွှားနိုင်မှာ ဖြစ် ပါတယ်။ ဒါကြောင့် ဘယ်လို အခြေခံကျန်းမာရေးကောင်းအောင် နေရမယ် ဆိုတာသိချင်ရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေ၊ သတင်းတွေကို ကြည့်စေချင်ပါတယ်။ သမားတော်ကြီး တွေ မေးမြန်းတဲ့အစီအစဉ်မှာ မေးမြန်းပါ။ ဘေးပြောတာတွေ၊ အရပ်ထဲက ပြောတာတွေကို မယုံပါနဲ့။ ဟိုဟာလေး လုပ်ရင်ရတယ်၊ ဒီဟာလေးလုပ်ရင် ရတယ်ဆိုပြီး လိုက်ပြီးမလုပ်ပါနဲ့။
အကယ်၍ စိတ်ထဲမှာ ဒါများဖြစ်နိုင်မလားဆိုတဲ့ အတွေးဝင်လာရင် အစီ အစဉ်မှာ သမားတော်ကြီးတွေကို မေးလို့ရပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုဗစ်ရောဂါကို ကာကွယ်လို့ရမလား။ ကိုဗစ်ရောဂါ ပျောက်အောင် လုပ်လို့ ရမလားဆိုတာတွေကို မေးစေချင်ပါတယ်။ မေးတဲ့အခါမှ ကိုယ်ကအမှန်အတိုင်း သိရမှာပါ။
နောက်တစ်ခုကတော့ ရွေးကောက်ပွဲနဲ့ ကိုဗစ်အခြေအနေကို ကျွန်မ တင်ပြချင်ပါတယ်။ နိုင်ငံခြားမှာ မဲပေးတဲ့ ပြည်သူတွေဟာ ၂၀၁၅ နဲ့စာရင် ၃ ဆလောက် တက်လာပါတယ်။ ၃ ဆလောက်တက်လာပြီးတော့ သို့သော် အရင် ၂၀၁၅ နဲ့စာရင် မဲပေးဖို့ စာရင်းထည့်ထားတဲ့ ပြည်သူတွေရဲ့ မဲပေးဖြစ်တဲ့ ရာခိုင်နှုန်းကတော့ ၂၀၁၅ နဲ့စာရင် ကျလာပါတယ်။ ၂၀၁၅ တုန်းကဆိုရင် ၇၅ ရာခိုင်နှုန်းက မဲပေးဖြစ်တယ်။ အခုအချိန်မှာတော့ ၆၉ ရာခိုင်နှုန်းက မဲပေး ပါတယ်။ သို့သော် ကိန်းဂဏန်းအရ အားလုံးစုပေါင်းလိုက်မယ်ဆိုရင် ၃ ဆ လောက် ပိုပြီးတော့ မဲပေးပါတယ်။ အများက မဲပေးဖို့ လိုလားပြီးတော့ မဲဆန္ဒရှင် တွေကနေ နိုင်ငံခြားသံရုံးတွေမှာ ပုံစံ - ၁၅ တွေ ထုတ်ထားပေမယ့်လည်း မဲလာမပေးနိုင်တဲ့ ပြည်သူတွေရှိခဲ့ပါတယ်။ ဒါက အဓိကအားဖြင့် ကိုဗစ်ရဲ့ အခက်အခဲကြောင့်လို့ ကျွန်မတို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ ကတည်းက ပုံစံ - ၁၅ ထုတ်တယ်ဆိုတာ မဲပေးချင်တဲ့စိတ်ဆန္ဒရှိလို့ ထုတ်တယ် လို့ နားလည်ပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေမှာဆိုရင် မဲသွားပေးဖို့ကို အခြေအနေ တော်တော်ခက်ခဲပါတယ်။
တချို့နိုင်ငံတွေမှာ မြို့ကြီးက လွဲလို့ တခြားနေရာတွေမှာ မဲရုံတွေ ထောင်ခွင့်မပေးဘူးဆိုပြီး သတ်မှတ်ထားတာတွေလည်း ရှိပါတယ်။ အဲဒီလို ကြတော့ ကျွန်မတို့ပြည်သူတွေက လာရောက်မပေးနိုင်တဲ့ အခါကျတော့ လည်း ဒီမဲတွေကမပေးဖြစ်ဘူးပေါ့။ သို့သော် ၆၉ ရာခိုင်နှုန်းဆိုတာ အင်မတန်မှ မြင့်တဲ့ ရာခိုင်နှုန်းပါ။ ၇၅ ရာခိုင်နှုန်းလောက်တော့ မမြင့်ဘူးပေါ့။ ကျွန်မတို့ရဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ရွေးကောက်ပွဲကို အလေးထားပြီး နိုင်ငံသူနိုင်ငံသားများရဲ့ တာဝန်ကို အလေးထားပြီးတော့ ၆၉ ရာခိုင်နှုန်းက ကြိုတင်မဲတွေ ပေးပြီးပြီဆိုတာ သိရလို့ ဝမ်းသာပါတယ်။
အခုရွေးကောက်ပွဲနီးလာတာနဲ့အမျှ ပြည်သူလူထုဟာ ကိုဗစ် - ၁၉ အတွက် ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းကနေ နေဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အောင်နိုင် ရေးနဲ့ ပတ်သက်လို့ လှုပ်ရှားနေတဲ့ ပါတီအသီးသီးဟာ စည်းမျဉ်းစည်းကမ်း တွေကို သတိပြုပြီး လိုက်နာစေချင်ပါတယ်။ ဒါဟာအများရဲ့ ကျန်းမာရေး အတွက်လည်း ဖြစ်တယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လည်း ဖြစ်ပါတယ်။ ဒါကြောင့် သည်းခံကြပါ။ အောင်နိုင်ရေးကို အင်တိုက် အားတိုက် လုပ်ချင်ကြတယ်ဆိုပေမယ့် အရေးကြီးတာကတော့ ၈ ရက်နေ့ ကျရင် အင်တိုက်အားတိုက် မဲပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကြိုတင်မဲပေးခွင့်ရှိသူတွေ ကလည်း ၈ ရက်နေ့ မတိုင်ခင်စပြီး မဲပေးနိုင်ပါတယ်။ ဒါကြောင့် မဲပေးဖို့အတွက် ကိုယ့်ရဲ့အင်အားတွေကို စုထားပါ။ အောင်နိုင်ရေးအတွက် ပါတီတိုင်းက သူတို့ရဲ့တာဝန်အရ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းက လုပ်သင့်လုပ်ထိုက် တာတော့ လုပ်ရမှာပေါ့။ ကျွန်မတို့ပြည်သူတွေက ကိုယ်ထောက်ခံတဲ့ပါတီကို ဝန်းရံတဲ့နေရာမှာ ကိုဗစ် စည်းမျဉ်းစည်းကမ်းဘောင် ကျော်သွားတာတွေလည်း ရှိတတ်ပါတယ်။ အဲဒါတွေကို သတိပြုပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါနဲ့ပတ်သက်ရင် ကျွန်မ မကြာခဏ ပြောပါတယ်။ နောင်အတွက် လည်း ကျွန်မတို့ စဉ်စားရတယ်ပေါ့။ စီးပွားရေးအခြေအနေတွေအတွက် စဉ်းစားရပါတယ်။ ဒီဟာတွေကိုလည်း မျက်ခြည်မပြတ်ကြည့်နေပါတယ်ဆိုတာ ပြည်သူတွေကို ထပ်မံပြောချင်ပါတယ်။
ဒါကြောင့် နောင်ရေးအတွက် မပူရဘူးလို့ မပြောပါဘူး။ မပူရဘူးပြောရင် လည်း ပူမှာပါပဲ။ စိတ်မပူပါနဲ့ ဆိုပေမယ့်လည်း ဒါဟာ ကိုယ့်ရဲ့နောင်ရေးအတွက် ကိုယ်စိတ်ပူမှာပေါ့။ ဒီအခြေအနေတွေအရ ဘယ်လောက်ထိ ဆိုးနိုင်မလဲ၊ စိတ်ပူစရာမရှိဘူးလို့လဲ ပြောလို့မရဘူးပေါ့။ ကျွန်မပြောချင်တာကတော့ အခု လောလောဆယ်မှာ အရေးကြီးတာက ကျန်းမာဖို့ပဲ။ ဒီရောဂါကပ်ကြီးကို ကျော်လွှားနိုင်ဖို့ အဓိက ပထမဦးဆုံးလုပ်ရမယ့် ကိစ္စက ကျန်းမာနေပြီဆိုရင် ဘာမဆိုလုပ်လို့ရတယ်။ မကျန်းမာရင် လုပ်လို့မရဘူး။ ဒါကြောင့် ကျန်းမာခြင်း သည် အကောင်းဆုံး လာဘ်လာဘဖြစ်တယ်ဆိုတာ အင်မတန်မှ မှန်ပါတယ်။ ကျန်းမာအောင်နေကြပါ။ ပြီးတော့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြပါ။ အခြေခံကျတဲ့ Mask တပ်ဖို့၊ နှာခေါင်းစည်းတပ်ဖို့ အင်မတန်အရေးကြီး ပါတယ်။ အားလုံးကသာ နှာခေါင်းစည်းတပ်မယ်ဆိုရင် ကိုဗစ်ပြန့်ပွားမှုနှုန်းဟာ အများကြီးကျသွားမှာပါ။ ကျွန်မလည်း လေ့လာပါတယ်။ ဘယ်နိုင်ငံတွေမှာ ရောဂါပြန့်နေတယ်။ ဘယ်နိုင်ငံမှာ ရောဂါမပြန့်ဘူး။ အခုဆိုရင် ရောဂါပြန့်တဲ့ နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံပါတယ်ဆိုတော့ ကျွန်မနည်းနည်း အံ့အားသင့်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဂျပန်နိုင်ငံသူ၊ ဂျပန်နိုင်ငံသားများဟာ အင်မတန်မှ စည်းကမ်းလိုက်နာတဲ့ လူမျိုးတွေပါ။ သိပ်ပြီးတော့ စည်းကမ်းရှိပါတယ်။
ကျွန်မနည်းနည်းလေ့လာကြည့်တဲ့အခါ ဂျပန်မှာဆိုရင် လူဦးရေက များတဲ့ အခါ သူတို့ သွားရေးလာရေးက မီးရထားတွေထဲမှာ၊ Bus Car တွေထဲမှာ လူတွေများတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြန့်ပွားမှုရှိတယ်လို့ ခန့်မှန်းကြ ပါတယ်။ ဒါကြောင့် လူများများစုရင်တော့ ဖြစ်တတ်ပါတယ်။ ကျွန်မနားလည် သလောက်ကတော့ ဂျပန်နိုင်ငံသူ၊ ဂျပန်နိုင်ငံသားတွေဟာ Mask ကို အမြဲဝတ် ပါတယ်။ Mask ဝတ်ထားတာတောင်မှ လူတွေ ကျပ်ကျပ်သပ်သပ်ဖြစ်ရင် တော့ ကူးနိုင်မယ်လို့ ဒီလိုပဲခန့်မှန်းရပါတယ်။ အဲဒီတော့ ကျွန်မတို့ပြည်သူ တွေ နံပါတ်တစ် တတ်နိုင်သမျှ လူစုလူဝေးတွေကို ရှောင်ပါ။ နံပါတ်နှစ် Mask မတပ်ဘဲ အပြင်ကို မသွားပါနဲ့။ မလွှဲမရှောင်သာ အပြင်ကို သွားရမယ်ဆိုရင် Mask တပ်ပါ။ Mask တပ်ခြင်းဟာ ရောဂါ ပြန့်ပွားမှုကို အများကြီး ကာကွယ်မှု ပေးနိုင်ပါတယ်။ နောက်ပြီး ကိုယ့်အိမ်ကိုလာတဲ့ ဧည့်သည်တွေကို အားမနာ ပါနဲ့။ Mask တပ်ဖို့ပြောပါ။ လက်သန့်စင်ဖို့ပြောပါ။ ကိုယ့်အိမ်မှာ အသက် အရွယ်ကြီးတဲ့ မိဘတွေရှိရင် အတူတူထမင်းမစားပါနဲ့။ ဘာဖြစ်လို့လဲဆိုရင် ကိုယ်ကိုယ်တိုင်က အပြင်ထွက်ရတဲ့လူဖြစ်ရင် ကိုယ်ကနေ အကယ်၍ ရောဂါပိုး ပါလာပြီဆိုရင် ကိုယ်က အသက်ကငယ်လို့၊ ကျန်းမာလို့ ဘာမှမဖြစ်ဘူး ဆိုပေမယ့် ဘာမှမဖြစ်တာတော့ မဟုတ်ဘူးပေါ့။ ရောဂါ ပိုးပါလာပြီဆိုရင်တော့ ဖြစ်တာပေါ့။ ဒါပေမယ့် ရောဂါဒဏ်ကို ခံနိုင်တယ်ဆိုပေမယ့် အိမ်က အသက် အရွယ်ကြီးတဲ့ ကိုယ့်မိဘတွေက ခံနိုင်ချင်မှ ခံနိုင်မယ်။
အထူးသဖြင့် မိဘတွေမှာ ရောဂါအခံရှိရင် ခံနိုင်ရည်ကလည်း ကျမှာ ဖြစ်ပါတယ်။ ဒါကြောင့်အများအတွက် စဉ်းစားပြီးတော့ အိမ်မှာ ထမင်းလက်ဆုံ စားတဲ့ အလေ့အကျင့်တွေကို ဒီအချိန်ကာလအတွင်းမှာတော့ ရှောင်ရပါမယ်။ ဒါမှလည်း မိသားစုအတွင်းမှာ ရောဂါပိုးမပြန့်မှာဖြစ်ပါတယ်။ အားလုံးက အခု ဆိုရင် ကိုဗစ်နဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို တော်တော်သိနေပြီလို့ ထင်ပါတယ်။ အရေးကြီးတာက လိုက်နာလား၊ မလိုက်နာလားပါပဲ။ စည်းမျဉ်း စည်းကမ်းတွေကို သိပြီးတော့ မလိုက်နာဘူးဆိုရင် သိရကျိုးမနပ်ပါဘူး။ ဒါကြောင့် သိရကျိုးနပ်အောင် ကျွန်မတို့ ထပ်တလဲလဲ ပြောတာတွေကို နားထောင်ရကျိုးနပ်အောင်လို့ ရပ်ထဲရွာထဲမှာလိုက်ပြီး အော်လံတွေနဲ့ ဆော်သြ နေတယ်။ ဆော်သြချက်တွေကို နားထောင်ရ ကျိုးနပ်အောင်လို့ ကျန်းမာအောင် နေကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။