
အာဖရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမ အကျော့ပွဲစဉ်မှ အီဂျစ်အသင်းနှင့် ဆီနီဂေါ အသင်းတို့ ပွဲစဉ်ကို မတ် ၂၆ ရက် နံနက်ပိုင်း က ကာရီယိုကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ အီဂျစ်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်သည် ဆီနီဂေါအသင်းအနိုင်ရရှိခဲ့သည့် အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲစဉ် ပြီးနောက် ဒုတိယအကြိမ် ပြန်တွေ့သည့် ပွဲစဉ်ဖြစ်သည်။
လီဗာပူးတိုက်စစ်မှူး နှစ်ဦးဖြစ်သည့် ဆာလာနှင့် မာနေးတို့၏ အားပြိုင်မှုကို မြင်တွေ့ရပြီး အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်မှု၊ ဂိုးကန်သွင်းမှုများဖြင့် အကြိတ်အနယ်ရှိသည့် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။ ပွဲချိန်လေးမိနစ်တွင် ဆီနီဂေါ အသင်းမှ ဆစ် ကိုယ့်ဂိုးကိုယ် သွင်းယူမိ သလိုဖြစ်ခဲ့၍ အီဂျစ်အသင်း ဦးဆောင်ဂိုး ရရှိခဲ့သည်။ ထို့နောက်တွင် ပွဲချိန်ပြည့် သည်အထိ တစ်ဖက်နှင့်တစ်ဖက် ထပ်မံ ဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် အီဂျစ် အသင်းကတစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အီဂျစ်အသင်းနှင့် ဆီနီဂေါအသင်းတို့၏ ဒုတိယအကျော့ကို မတ် ၂၉ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အနိုင်ရရှိမည့် အသင်းသည် နိုဝင်ဘာတွင် ကာတာနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။
အောင်ဇော်