အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၂၃


အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အကျဉ်းထောင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက အကြောင်းအမျိုးမျိုးကြောင့် အကျဉ်း ကျခံနေရသူများသည်လည်း မိမိတို့ နိုင်ငံသားများဖြစ်၍ အခြားပြည်သူ များနည်းတူ ကျန်းမာရေးစောင့်ရှောက် မှုများရရှိရန်မှာ ဆေးပညာကျင့်ဝတ် များအရ အရေးကြီးပါကြောင်း၊ မြန်မာ နိုင်ငံ၏ အကျဉ်းထောင်အချို့နှင့် အချုပ်ခန်းအချို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားတွေ့ရှိမှုကို ယခုရက်ပိုင်း၌ သတင်းများရရှိပြီး ချက်ချင်း ပြည်ထဲ ရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ကာ Rapid Antigen Diagnostic Test Kit များဖြင့် ရောဂါစစ်ဆေးခြင်းအပါအဝင် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များကို စတင်လုပ်ဆောင်လျက်ရှိပါ ကြောင်း၊ အကျဉ်းထောင်များသည် အလုံပိတ် ပတ်ဝန်းကျင်ဖြစ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး အလွန်နီးကပ်စွာ နေထိုင်ရခြင်း၊ တစ်ကိုယ်ရေသန့်ရှင်း ရေးအတွက် လိုအပ်ချက်ရှိနေနိုင်ခြင်း၊ အာဟာရပြည့်ဝမှု လိုအပ်ချက်များ ရှိနိုင်ခြင်း၊ ကိုယ်ခံအားကျနေနိုင်ခြင်း တို့ ကြောင့် ကိုဗစ်-၁၉ ကဲ့သို့ ကူးစက် မြန်သော ရောဂါတစ်စုံတစ်ဦးတွင် ဖြစ်ပွားပါက အလွန်လျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားမည်ဖြစ်သဖြင့် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အကျဉ်းဦးစီး ဌာနနှင့်ပေါင်းစပ်၍ အထူးအလေးထား ကာ ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။
ကိုဗစ်-၁၉ သည် ပြင်ပမှ ထောင်ဝင်စာ လာတွေ့သူများနှင့် ဝန်ထမ်းများမှတစ်ဆင့် အကျဉ်းကျ ခံနေရသူများထံသို့ လည်းကောင်း၊ ထိုသို့ ရောဂါကူးစက်ဖြစ်ပွားသူ အကျဉ်းသားမှတစ်ဆင့် အခြားသော အကျဉ်းသားများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများထံသို့ လည်း ကောင်း အပြန်အလှန်အဆင့်ဆင့် ကူးစက်နိုင်သဖြင့် အကျဉ်းဦးစီးဌာန နှင့် ရောဂါဆိုင်ရာသတင်းများအချိန် နှင့် တစ်ပြေးညီမျှဝေကာ ချိန်သား ကိုက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ သည် အကျဉ်း ထောင်များ၏ သဘောသဘာဝအရ လျင်မြန်စွာကူးစက်ပြန့်ပွားနိုင်သည် ဖြစ်သဖြင့် လုပ်ငန်းများကိုအချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ် အကျဉ်း ဦးစီးဌာနမှူးများ၊ အကျဉ်းဦးစီးဌာန ဆေးမှူးချုပ်၊ အကျဉ်းထောင်မှူးများ နှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး များသည် အချိန်နှင့်တစ်ပြေးညီ စနစ် တကျသတင်းမျှဝေခြင်း၊ ချိတ်ဆက် ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင် ရမည့်အပြင် ဆုံးဖြတ်ချက်များကို လည်း ချက်ချင်းချမှတ်ကာ အကောင် အထည်ဖော်ရမည် ဖြစ်ပါကြောင်း၊ အကျဉ်းထောင်၌ စတင်တွေ့ရှိ သော ကိုဗစ်-၁၉ ကို အချိန်နှင့်တစ်ပြေးညီ ထိန်းချုပ်ကာ အကျဉ်းထောင်များ၌ ကပ်ရောဂါအသွင် ပြန့်ပွားကူးစက်မှုမရှိစေရေးအတွက် ကာကွယ်ထိန်းချုပ် မှု လုပ်ငန်းများကို ပြတ်ပြတ်သားသား တိတိကျကျ စနစ်ကျစွာ အရှိန်မြှင့်၍ အမြန်ဆုံးဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း။
ယခုပြုလုပ်သော အစည်းအဝေး အပြီးတွင်လည်း အစည်းအဝေးမှ ထွက်ပေါ်လာမည့် လုပ်ဆောင်ရန် အချက်များကို တိုင်းဒေသကြီး/ ပြည်နယ် အကျဉ်းဦးစီးဌာနမှူးနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး တို့က မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် မြေပြင်အခြေအနေများနှင့် ကိုက်ညီသည့်လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် အသေးစိတ်ဆက်လက် ဆွေးနွေးပြီး အကောင်အထည်ဖော် ကြရမည် ဖြစ်ပါကြောင်း။
အကျဉ်းထောင်များ၏ ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေ လေ့လာ ဆန်းစစ်ခြင်းကိုလည်း ၂၀၂၀ ပြည့်နှစ် ဇွန်လက ပြီးစီးပြီဖြစ်၍ အကျဉ်းသား များ၏ ကျန်းမာရေးကဏ္ဍအတွက် အကျဉ်းထောင်များ၌ ပြည်သူ့ကျန်းမာ ရေးနှင့်ပတ်သက်၍ ဆောင်ရွက်သည့် အချက်များကို ယခုထက် အရှိန်အဟုန် မြှင့်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ ပြုလုပ်နိုင်ရန်အတွက် ကျန်းမာရေးအသိပေးကြေညာချက် များ ကြိုတင်အသံသွင်းထည့်ထား သော လက်ကိုင်အသံချဲ့စက်များကို ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ အထူး သဖြင့် ရောဂါလက္ခဏာတစ်စုံတစ်ရာ မပြသ ဘဲ ရောဂါပိုးရှိနေနိုင်ကြောင်းနှင့် ကိုဗစ်-၁၉ အလွန် လျင်မြန်စွာကူးစက် ပြန့်ပွားနေသည်ဆိုသည့် အချက်တို့ကို အသိပေးပြောကြားစေလိုပါကြောင်း၊ အကျဉ်းထောင်များ၌ ကိုဗစ်-၁၉ ဖြစ်ပွားသူတစ်ဦးတွေ့ရှိပါက အခြား များစွာသော အကျဉ်းသားများ၌လည်း ကူးစက်ပြီးဖြစ်နေနိုင်သည် ဖြစ်ပါ ကြောင်း၊ အကျဉ်းထောင်များသည် စည်ကမ်း၊ စည်းမျဉ်းများဖြင့် အမြဲ လုပ်ဆောင်နေခြင်းဖြစ်သဖြင့် အကျဉ်း သားများအား ရောဂါကာကွယ်ရေး စည်းကမ်းများချမှတ်ပေးရာ၌ လွယ်ကူ ပြီး လိုက်နာဆောင်ရွက်မှုအားကောင်း မည်ဟု ထင်မြင်ပါကြောင်း။
ထို့အပြင် အကျဉ်းထောင်ဝန်ထမ်း များအနေဖြင့်လည်း ပါးစပ်နှင့် နှာခေါင်းစည်း (mask) အပြင် မျက်နှာ အကာ (face shield) ကိုပါ တပ်ဆင် စေလိုပါကြောင်း၊ ယခုအစည်းအဝေး သို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များ၏ လက်ရှိအခြေအနေ အရပ်ရပ်နှင့်အညီ ပွင့်လင်းပြတ်သား စွာ ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များ၊ စိုက်ပျိုးရေးစခန်းများနှင့် ကုန်ထုတ် ရေးစခန်းများ အရေအတွက်၊ အကျဉ်း ထောင် ကျန်းမာရေး လုပ်ငန်းများအား စီမံချက်များ ချမှတ်ဆောင်ရွက်နေမှု၊ ယခင်က ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများဖြင့် ထောင်ဝင်စာ ပေးတွေ့ခဲ့သော်လည်း စက်တင်ဘာ လဆန်းပိုင်းမှစတင်ကာ ထောင်ဝင်စာ တွေ့မှုအား ခေတ္တပိတ်ထားမှု၊ အကျဉ်း ထောင်များတွင် ရောဂါကာကွယ်ရေး စည်းကမ်းများချမှတ် ဆောင်ရွက်နေမှု၊ ရောဂါကာကွယ်ရေး အသုံးအဆောင် နှင့် ပစ္စည်းကိရိယာများ ဝယ်ယူထားမှု၊ အကျဉ်းသားအသစ်များ၊ အချုပ်သား အသစ်များ ရောက်ရှိလာပါက အကျဉ်း သားဟောင်းများ၊ အချုပ်သားဟောင်း နှင့် ရောနှောမထားသေးဘဲ သီးခြား အဆောက်အဦတွင် ၁၄ ရက် ထားရှိ ပြီး သီးခြားအဆောင်နေရာတွင် နောက်ထပ် ခုနစ်ရက်ကြာထားရှိမှု၊ အကျဉ်းသားအသစ်များနှင့် အကျဉ်း ကျခံမှုကာလ ပြည့်မြောက်ပြီး လွတ်မြောက်သူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/ မရှိ စစ်ဆေးပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ကူညီပံ့ပိုးပေးရန် စသည်တို့ကို လည်းကောင်း။
ဆက်လက်၍ အကျဉ်းဦးစီးဌာန ဆေးမှူးချုပ် ဒေါက်တာသန့်ဇော်ဝင်း က အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ချက်များကို အခြေခံ ၍ ညွှန်ကြားချက်စာ (၈၃)ကြိမ် ထုတ်ပြန်ပြီး အလေးထားဆောင်ရွက် နေမှု၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ပံ့ပိုးပေးရန် ကိစ္စရပ်များ ကိုလည်းကောင်း တင်ပြသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်း ရေး) ဒေါက်တာသန္တာလွင်က လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွား နေမှုအခြေအနေများ၊ သာယာဝတီ အကျဉ်းထောင်နှင့် အခြားအချုပ်ခန်း များတွင် ကိုဗစ်-၁၉ ဖြစ်ပွားတွေ့ရှိမှု အတွက် ကွင်းဆင်းအဖွဲ့ စေလွှတ် ဆောင်ရွက်ခဲ့မှုနှင့် အကျဉ်းထောင် များတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အတွက် ဆောင်ရွက်မည့် နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များ ကို အကျဉ်းချုပ် ရှင်းလင်းတင်ပြ သည်။
ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်း ရေး) ဒေါက်တာ စည်သူအောင်က သာယာဝတီ အကျဉ်းထောင်တွင် ကိုဗစ်-၁၉ ဖြစ်ပွားတွေ့ရှိမှုအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့မှုနှင့် သာယာ ဝတီအကျဉ်းထောင်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးကိစ္စရပ်များ အကြံပြု ဆောင်ရွက်ခဲ့မှုတို့ကို တင်ပြခဲ့ပြီး၊ အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက် ၍ အကျဉ်းသားသစ်များအား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရန်၊ အကျဉ်းသား သစ်များကို သီးခြားထားရှိရာတွင် ရောက်ရှိသည့် ရက်တူသူများကိုသာ အဖွဲ့လိုက် အတူတူထားရှိရန်နှင့် ရောက်ရှိရက်မတူသူများအား အတူတူ ထားရှိခြင်း မပြုလုပ်ရန်၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အကျဉ်းသား များအတွက် သီးခြားထားရှိ ကုသရန် အဆောင်နေရာထားရှိရန်၊ ပြင်းထန် သည့် ရောဂါလက္ခဏာရှိသူများအား စနစ်တကျ လွှဲပြောင်းကုသမှုပေးရေး စီစဉ်ဆောင်ရွက်ရန်၊ အကျဉ်းထောင် များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများ တင်းကျပ်စွာဆောင်ရွက် ရန်နှင့် နေ့စဉ်သတင်းပေးပို့ရန်နှင့် အကျဉ်းထောင်မှ လွတ်မြောက်သူများ အား ကိုဗစ်-၁၉ ရောဂါစစ်ဆေးရန် တို့ကို အကြံပြုတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် လာကြသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသ ကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူးများက အသီးသီးတင်ပြကြသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကိုဗစ်-၁၉ ရောဂါ ရှိ/ မရှိ စစ်ဆေးရန်အတွက် စစ်ဆေးမည့်သူ အရေအတွက်အား အကျဉ်းဦးစီးဌာနမှ စာရင်းပြုစုပေးပို့ ရန်နှင့် အကျဉ်းဦးစီးဌာနအနေဖြင့် အကျဉ်းထောင်ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများတွင် မိမိတို့ ဝန်ကြီးဌာနမှ ပံ့ပိုးပါဝင်ရမည့် ကိစ္စရပ် များအား ဆန်းစစ်မှုများ ပြုလုပ် ပေးပို့ရန်တို့ကို အကြံပြုပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က အကျဉ်းထောင်များ ကဲ့သို့ လူများစုဝေးနေထိုင်ရာ နေရာ များသည် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွား ရန် လွယ်ကူသော နေရာများဖြစ်သဖြင့် လုပ်ငန်းများကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပြီး မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အကျဉ်းဦးစီး ဌာနနှင့် ပူးပေါင်းလက်တွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ စိုးဦးနှင့် အစည်းအဝေးသို့ တက်ရောက်လာကြ သူများက အထွေထွေဆွေးနွေးမှုနှင့် အကြံပြုမှုတို့ကို ဆောင်ရွက်ခဲ့ပြီး ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်း များကို ချမှတ်ခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက နိဂုံး ချုပ် အမှာစကားပြောကြားသည်။
သတင်းစဉ်