
နေပြည်တော် မတ် ၃၀
မသမာသူများအနေဖြင့် လူမှုကွန်ရက်ဖြစ်သည့် Facebook တွင် အမည်အမျိုးမျိုးဖြင့် ကိုယ်ပိုင် Page များ ဖွင့်လှစ်အသုံးပြုကာ ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင်ပြောဆို၍ ၎င်းတို့နှင့် ဆက်သွယ်လာသူ ငွေစက္ကူအတု ဝယ်ယူ လိုသူများထံမှ ငွေကြေးလိမ်လည်ရယူမှုများ ဖြစ်ပွား လျက်ရှိသဖြင့် အဆိုပါ Facebook အကောင့်ပိုင်ရှင် များကို ဖမ်းဆီးရမိရေးအတွက် အထူးအမှုစစ်အဖွဲ့ များ ဖွဲ့စည်း၍ နည်းပညာအကူအညီရယူကာ စုံစမ်း ရှာဖွေဖော်ထုတ်ခဲ့ရာ လူမှုကွန်ရက် စာမျက်နှာပေါ် တွင် ငွေစက္ကူအတု အရောင်းအဝယ် ပြုလုပ်ရန် ဖွင့်လှစ်ထားသော Facebook Page များဖြစ် သည့် “Shine Money” ငွေတုရောင်းဝယ်ရေး၊ “ပိုင်ကြီးပိုင်ကြီး” ၊ “ကွီးကောင်းမြတ်” ၊ “ခြူးခြူး”၊ “ထိုင်းဘာသာဖြင့် ရေးသားထား သည့် Facebook Page” ၊ “အောင်ကောင်းမာန်” ငွေတုစက္ကူ ဖြန့်ဖြူးရောင်းဝယ်ရေး၊ “ငွေတု ရောင်းဝယ်ရေး” Facebook Page တို့အား စိစစ်တွေ့ရှိခဲ့ရသည်။
စုံစမ်းဖော်ထုတ်
ထိုသို့ စိစစ်တွေ့ရှိရသည့် Facebook Page ပိုင်ရှင်များကို နည်းပညာ အကူအညီများဖြင့် ဖော်ထုတ်ဖမ်းဆီးရမိရေးဆောင် ရွက်ခဲ့ရာ “Shine Money” ငွေတုရောင်းဝယ်ရေး Facebook Page အသုံးပြုသည့် အကောင့် ပိုင်ရှင်ကို စုံစမ်းဖော်ထုတ် ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကျွဲတဲကုန်း ကျေးရွာအုပ်စု ညောင်ဝင်းကျေးရွာ နေ ဇွဲဝေဖြိုး (၂၂) နှစ် (ဘ)ဦးကျော်သူရမိုးနှင့် အေးပပမျိုး (၁၈) နှစ် (ဘ) ဦးမျိုးညီညီ တို့ ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရ သည့်အတွက် မတ် ၃ ရက် ည ၉ နာရီခွဲတွင် ၎င်းတို့၏ နေအိမ် အား ဝင်ရောက်ရှာဖွေရာ ငွေစက္ကူ အတုနှင့်ပတ်သက်၍ ဆက်စပ် ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်းမရှိ သော်လည်း ငွေစက္ကူအတုများ ရရှိမည်ဖြစ်ကြောင်း အခြားသူများ ယုံကြည်အောင် ပြောဆိုကာ ငွေကြေးလိမ်လည် ရယူခဲ့ရာ၌ အသုံးပြုခဲ့သော Facebook Page များ ဖွင့်လှစ်ထားသည့် လက်ကိုင် ဖုန်းသုံးလုံးတို့ကို သိမ်းဆည်း ရမိခဲ့သည်။
စစ်ဆေးတွေ့ရှိခဲ့
အလားတူ “ပိုင်ကြီးပိုင်ကြီး” Page ၊ “ကွီးကောင်းမြတ်” Page ၊ “ခြူးခြူး” Page ၊ ထိုင်းဘာသာဖြင့် ရေးသားထားသည့် Page တို့ကို အသုံးပြုသည့် အကောင့်ပိုင်ရှင် ကို စုံစမ်းဖော်ထုတ်ခဲ့ရာ မြန်အောင်မြို့နယ် ကနောင်မြို့ ကျွဲတဲကုန်းကျေးရွာအုပ်စု ညောင် ဝင်းကျေးရွာနေ သက်ပိုင်ဖြိုး (၃၀) နှစ် (ဘ) ဦးမျိုးမြင့် ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရသည့်အတွက် မတ် ၃ ရက် ည ၉ နာရီ ၄၅ မိနစ်တွင် ၎င်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ငွေစက္ကူ အတုနှင့်ပတ်သက်၍ ဆက်စပ် ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်း မရှိ သော်လည်း ၎င်း၏လက်ကိုင်ဖုန်း မှ အထက်ပါအကောင့်များဖြင့် ဆက်သွယ်ရေး ကွန်ရက်အား အသုံးပြုပြီး ယုံကြည်အောင် ပြောဆိုကာ ငွေကြေးလိမ်လည် ရယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ ရသည်။
ငွေကြေးလိမ်လည်ရယူ
အလားတူ “အောင်ကောင်း မာန်” ငွေတုစက္ကူဖြန့်ဖြူး ရောင်း ဝယ်ရေး Facebook Page ကို အသုံးပြုသည့် အကောင့်ပိုင်ရှင် ကို စုံစမ်းဖော်ထုတ်ခဲ့ရာ မြန်အောင်မြို့နယ် ကနောင်မြို့ ကျွဲတဲကုန်း ကျေးရွာအုပ်စု ညောင်ဝင်းကျေးရွာနေ ဟိန်းထက် ဖြိုး(၁၈)နှစ် (ဘ) ဦးကျော်စိုးနိုင်မှ အသုံးပြုလျက်ရှိကြောင်း သိရှိ ရသည့်အတွက် မတ် ၃ ရက် ည ၁၁ နာရီခွဲတွင် ၎င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ငွေစက္ကူ အတုနှင့်ပတ်သက်၍ ဆက်စပ် ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်း မရှိ သော်လည်း ၎င်း၏ လက်ကိုင်ဖုန်း မှ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ငွေအတုများ ရရှိမည် ဖြစ်ကြောင်း ပြောဆိုပြီး အခြား သူများထံမှ ငွေကြေးလိမ်လည် ရယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ ရသည်။
သိမ်းဆည်းရမိ
အလားတူ “ငွေတုရောင်းဝယ် ရေး” Facebook Page ကို အသုံး ပြုသည့် အကောင့်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်ခဲ့ရာ မြန်အောင် မြို့နယ် ကနောင်မြို့ ကျွဲတဲကုန်း ကျေးရွာအုပ်စု ညောင်ဝင်းကျေး ရွာနေ သက်ဝေခိုင် (၁၈) နှစ် (ဘ) ဦးရဲမြင့်၊ အေးပြည့်စုံ (၁၇) နှစ် (ဘ) ဦးမြင့်ဌေး၊ အောင်ခန့်ပိုင် (၁၇) နှစ် (ဘ) ဦးစိန်သောင်းတို့ သုံးဦးမှ အသုံးပြုလျက်ရှိကြောင်း သိရှိရသည့်အတွက် မတ် ၃ ရက် ည ၁၀ နာရီခွဲတွင် ၎င်းတို့၏ နေအိမ်များသို့ ဝင်ရောက်ရှာဖွေ ခဲ့ရာ ငွေစက္ကူ အတုနှင့်ပတ်သက်၍ ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိ ခြင်းမရှိသော်လည်း ငွေစက္ကူအတု များ ရရှိမည်ဖြစ်ကြောင်း အခြား သူများ ယုံကြည်အောင် ပြောဆို ကာ ငွေကြေးလိမ်လည်ရယူခဲ့ရာ၌ အသုံးပြုခဲ့သော Facebook Page များ ဖွင့်လှစ်ထားသည့် လက်ကိုင် ဖုန်း ခုနစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့သည်။
စုံစမ်းဖော်ထုတ်သွားမည်
ဖမ်းဆီးရမိသူများ၏ ထွက်ဆို ချက်အရ ၎င်းတို့သည် ငွေစက္ကူ အတုများ ရောင်းဝယ်ရေးဟု ဖော်ပြထားရှိသော်လည်း အမှန် တကယ် ငွေစက္ကူအတုများ ပြုလုပ်၍ အရောင်းအဝယ် ပြုလုပ် ခြင်းမဟုတ်ဘဲ လူမှုကွန်ရက် စာမျက်နှာကို အသုံးပြု၍ ငွေစက္ကူ အတု ဝယ်ယူလိုသူများကို ယုံကြည် အောင် ပြောဆိုပြီး ငွေစက္ကူအတု မှာယူရန် ကြိုတင်ငွေလွှဲပေးပို့သည့် ငွေများကို လိမ်လည်ရယူခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ် သိရှိရသည့်အတွက် ဖမ်းဆီးရမိ ခဲ့သူ ဇွဲဝေဖြိုး ပါ ခုနစ်ဦးတို့ကို ကနောင် နယ်မြေရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)ဖြင့် အသီးသီး အမှုဖွင့်အရေးယူ ထားရှိကြောင်းနှင့် အလားတူ ငွေစက္ကူအတုများ အရောင်း အဝယ်ပြုလုပ်သူများကို ဆက် လက် စုံစမ်းဖော်ထုတ်သွားမည် ဖြစ်ကြောင်းနှင့် မိဘပြည်သူများ အနေဖြင့်လည်း ထိုကဲ့သို့အရောင်း အဝယ်ပြုလုပ်သူများကို သိရှိပါက နီးစပ်ရာ ရဲစခန်းများသို့ သတင်း ပေးပို့ တိုင်ကြားနိုင်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထား ကြောင်း သိရသည်။
သတင်းစဉ်