ပြည်သူလူထုပါဝင်ရန်လိုသည့် ပလတ်စတစ်စီမံခန့်ခွဲမှု

 

မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာ ဗျူဟာနှင့်   ပင်မလုပ်ငန်းအစီအစဉ်   (၂၀၁၈-၂၀၃၀)   တွင် ရည်မှန်းချက်ပန်းတိုင်  (၆)  ခုကို   အခြေခံချမှတ်ထားပြီး မြို့ပြဧရိယာများမှ  ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ၊ စက်မှု လုပ်ငန်းနှင့် ဆေးဘက်ဆိုင်ရာ  စွန့်ပစ်ပစ္စည်းများ၊    ပလတ် စတစ်စွန့်ပစ်ပစ္စည်းများ၊   ဘေးအန္တရာယ်ရှိ  စွန့်ပစ်ပစ္စည်း များနှင့် သိသာစွာများပြားလာသော အခြားစွန့်ပစ်ပစ္စည်းများ စသည်တို့ကို စနစ်တကျသိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်းများနှင့်    စွန့်ပစ်အရည်များ (လူနေအိမ်များနှင့်  စက်မှုလုပ်ငန်းများမှ စွန့်ပစ်ရေဆိုးများ)  စွန့်ပစ်ခြင်းနှင့်  ပြုပြင်သန့်စင်ခြင်းများ နှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများ၊ စွန့်ပစ်ပစ္စည်း   စီမံခန့်ခွဲမှုဆိုင်ရာ  ဝန်ဆောင်မှုလုပ်ငန်းများ  ရေရှည်တည်တံ့ရေးအတွက်လည်း  စနစ်တကျဆောင်ရွက် ရမည့် အချက်များကို ဖော်ပြထားသည်။

 


ကမ္ဘာပေါ်တွင်   နှစ်စဉ်ပလတ်စတစ်ပစ္စည်း   မက်ထရစ် တန်ချိန်     သန်း   ၃၀၀  ခန့်    ထုတ်လုပ်သုံးစွဲလျက်ရှိရာ ယင်းအနက် ထက်ဝက်ခန့်မှာ တစ်ခါသုံး ပလတ်စတစ်ပစ္စည်း များဖြစ်သည်။ ပလတ်စတစ်သည် ပြန်လည်ပြုပြင်ထုတ်လုပ် သုံးစွဲနိုင်သော်လည်း အများစုကို စွန့်ပစ်နေကြပြီး လွန်စွာ နည်းပါးသည့် ရာခိုင်နှုန်းမျှကိုသာ အမှန်တကယ်ပြန်လည် ပြုပြင်  ထုတ်လုပ်နေကြခြင်းဖြစ်သည်။  စွန့်ပစ်လိုက်သည့်  ပလတ်စတစ်ပစ္စည်းများကိုလည်း  အနည်းငယ်မျှကိုသာ မီးရှို့ ဖျက်ဆီးနိုင်ခြင်းဖြစ်သည်။ အများစုမှာ ပတ်ဝန်းကျင်၌ ပျံ့နှံ့ပြီး ရေထုနှင့် မြေထုထဲတွင် ပလတ်စတစ်ညစ်ညမ်းမှု ဆိုးကျိုး များကို ဖြစ်ပေါ်စေသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ် စွန့်ပစ်ပလတ် စတစ် မက်ထရစ်တန်ချိန် ရှစ်သန်းခန့် သမုဒ္ဒရာများထဲသို့ စီးဝင်လျက်ရှိပြီး  ရေနေသတ္တဝါများကို  အန္တရာယ်အမျိုးမျိုး ဖြစ်ပေါ်စေသည့်အပြင် ဆွေးမြည့်ကြေပျက်သွားသည့် ပလတ် စတစ်ပစ္စည်းများမှ ထွက်ပေါ်လာသည့် မိုက္ကရိုပလတ်စတစ် များကို ငါးများက စားသုံးခြင်း၊ ငါးများကို လူတို့က   စားသုံး ခြင်းဖြင့် လူ့ခန္ဓာကိုယ်ထဲသို့ မိုက္ကရိုပလတ်စတစ်များ ရောက်ရှိ လာစေသည်။ 

 


၂၀၁၅   ခုနှစ်   ကမ္ဘာလုံးဆိုင်ရာ    အချက်အလက်များအရ ပလတ်စတစ် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အားနည်းသည့် နိုင်ငံ များထဲတွင်  မြန်မာနိုင်ငံသည်  အဆင့်  ၂၀  တွင် တည်ရှိနေ သည်။    မြန်မာနိုင်ငံသည်    စွန့်ပစ်ပလတ်စတစ်ပစ္စည်း      တစ်နှစ်လျှင် မက်ထရစ်တန် ၀ ဒသမ ၄၆ သန်းခန့် စွန့်ပစ်ပြီး ယင်းအနက် မက်ထရစ်တန် ၀ ဒသမ ၁ သန်းခန့် ပင်လယ်ထဲသို့ ရောက်ရှိ သွားသည်ဟုဆိုသည်။ မြန်မာနိုင်ငံသည်  စွန့်ပစ် ပလတ်စတစ်ဆိုင်ရာ ပြဿနာများနှင့် ဆိုးကျိုးသက်ရောက် မှုများကို   ဖြေရှင်းဆောင်ရွက်မှုများရှိသော်လည်း   ထူးခြား ထိရောက်သည့် အောင်မြင်မှုမရသေးသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ မအောင်မြင်ရခြင်း၏ အဓိကအကြောင်း အရာများမှာ   မူဝါဒနှင့်  စည်းမျဉ်းစည်းကမ်း၊ ဘတ်ဂျက်၊ နည်းပညာဆိုင်ရာ   အားနည်းချက်များကြောင့်   ဖြစ်သည် ဟုဆိုသည်။

 


ယခုအခါ အဏ္ဏဝါအမှိုက်သရိုက် ညစ်ညမ်းမှုလျှော့ချရေး  အစီအစဉ်အနေဖြင့် အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်   ရေးဆွဲခြင်းနှင့်    စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ကို ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း  ဆောင်ရွက်သွားမည်ဖြစ်သည်။   စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုတွင် အဓိကအကျဆုံးမှာ ပြည်သူများ၏ အသိသုတ ပြည့်စုံမှုနှင့်   စည်းကမ်းနှင့်အညီ   လိုက်ပါဆောင်ရွက်မှုပင် ဖြစ်သည်။  ပလတ်စတစ် သုံးစွဲမှုလျှော့ချခြင်း၊ အကြိမ်ကြိမ် ပြန်လည် သုံးစွဲခြင်း၊ ပြန်လည်ပြုပြင်ထုတ်လုပ်သုံးစွဲခြင်းတို့တွင် ပြည်သူများက သိရှိနားလည်စွာ၊  တက်ကြွစွာပူးပေါင်း ဆောင်ရွက်နိုင်ကြစေကြောင်း။         ။