(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှ အသင်းလိုက်အားကစားနည်းများအတွက်  အုပ်စုမဲခွဲပွဲကို ဧပြီ ၆ ရက်တွင် ပြုလုပ်မည်

 

ရန်ကုန်   ဧပြီ   ၁


၂၀၂၂ ခုနှစ်  မေ  ၁၂ ရက်မှ ၂၃ ရက်အထိ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်   လက်ခံကျင်းပမည့်   (၃၁)  ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှ အသင်းလိုက်အားကစားနည်းများအတွက်  အုပ်စုမဲခွဲပွဲကို ဧပြီ ၆ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

 


ဗီယက်နမ်အိုလံပစ်ကော်မတီသည်  ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်းစုစုပေါင်း ၄၀ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ယင်းအားကစားနည်းများအနက် အသင်းလိုက်အားကစား နည်းများကိုသာ အုပ်စုမဲခွဲပွဲပြုလုပ်ခြင်းဖြစ်သည်။ တစ်ဦးချင်း၊ နှစ်ယောက်တွဲ၊   သုံးယောက်တွဲ၊  လေးယောက်တွဲပွဲစဉ်များ ပါဝင်သည့်အားကစားနည်းများကိုမူ အားကစားနည်းအလိုက် အုပ်ချုပ်သူများ   အစည်းအဝေးမှသာ   ပွဲစဉ်ရေးဆွဲမည်ဖြစ် သည်။ 

 


ဧပြီ  ၆   ရက်တွင်   ပြုလုပ်မည့်  အုပ်စုမဲခွဲပွဲတွင် ဘောလုံးအမျိုးသားပြိုင်ပွဲ၊    အမျိုးသမီးပြိုင်ပွဲ၊   ဖူဆယ် အမျိုးသားပြိုင်ပွဲ၊     အမျိုးသမီးပြိုင်ပွဲ၊   ဘော်လီဘော အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲနှင့် Handball ပြိုင်ပွဲ တို့အတွက် အုပ်စုမဲခွဲပွဲများ ပြုလုပ်မည်ဖြစ်သည်။ ဘောလုံး အမျိုးသားပြိုင်ပွဲတွင်  ၁၀  သင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ရှစ်သင်း၊ ဖူဆယ်အမျိုးသားပြိုင်ပွဲတွင်   ခြောက်သင်း၊  အမျိုးသမီး ပြိုင်ပွဲတွင်   ငါးသင်း   ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စုမဲခွဲပွဲပြုလုပ်မည့် အားကစားနည်းများအနက် မြန်မာ နိုင်ငံအနေဖြင့် ဘောလုံးအမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ ဖူဆယ်အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ ဘော်လီဘော အမျိုးသမီးပြိုင်ပွဲတို့တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

 


(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေ  ၁၂  ရက်တွင်   ပြုလုပ်မည်ဖြစ်ပြီး   ပိတ်ပွဲအခမ်းအနားကို မေ  ၂၃  ရက်တွင်  ပြုလုပ်မည်ဖြစ်သည်။ ဘောလုံးအပါအဝင် အားကစားနည်းအချို့ကိုမူ မေ ၆ ရက်တွင် စတင်ကျင်းပမည် ဖြစ်သည်။ 

ရဲရင့်လွင်