နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်နှင့် တွေ့ဆုံဆွေးနွေး

Image not available

 

 

အိန္ဒိယသမ္မတက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

 

နယူးဒေလီ ဖေဖော်ဝါရီ ၂၈
အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်နှင့် တွေ့ဆုံဆွေးနွေးပြီး အိန္ဒိယသမ္မတက တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။
ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အဖွဲ့ဝင်များနှင့်အတူ ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ အိမ်တော်သို့ ရောက်ရှိရာ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်က ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက် သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယ သမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်တို့သည် သမ္မတ အိမ်တော် North Drawing Room ၌ တွေ့ဆုံဆွေးနွေး ကြသည်။
တွေ့ဆုံစဉ် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာရေး၊ စွမ်းအင်၊ ပေါင်းစည်းဆက်နွှယ်ရေး၊ ခရီးသွား လုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်များ အပါအဝင် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များ ဆက်လက်အကောင်အထည်ဖော်ဆောင်ရေးနှင့် နိုင်ငံ တကာမျက်နှာစာများတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရေးတို့ကို အလေးပေးဆွေးနွေးခဲ့ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များတွင် အိန္ဒိယနိုင်ငံမှ ဆက်လက်ထောက်ခံအားပေးရေး၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး၊ လူမှု-စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူညီ ချက်နှင့်အညီ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား စိစစ်၍ ပြန်လည်လက်ခံသွားရေးဆိုင်ရာ ကိစ္စရပ်များကို လည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြသည်။
တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များနှင့်အတူ အိန္ဒိယသမ္မတ နိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်က တည်ခင်းဧည့်ခံ သည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ကြ သည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယ သမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်တို့သည် ဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာသည့် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အပြန်အလှန်မိတ်ဆက် ပေးကြသည်။
မိန့်ခွန်းပြောကြား
ယင်းနောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့က မိန့်ခွန်းပြောကြားကြသည်။
အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်က အဆွေတော် သမ္မတကြီး၏ အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် နိုင်ငံတော်ခရီးစဉ်ကို မိမိအနေဖြင့် ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ ယခုခရီးစဉ်သည် လူကြီးမင်းတို့၏ လှပသည့် မြန်မာပြည်သို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် လာရောက်ခဲ့သော မိမိ၏ နိုင်ငံတော်ခရီးစဉ် အပြီး တစ်နှစ်ကျော်အကြာကာလနှင့် မိမိတို့၏ အိန္ဒိယ အစိုးရသစ်ပြီးခဲ့သည့် မေလက ကျမ်းသစ္စာကျိန်ဆိုပွဲသို့ လူကြီးမင်း တက်ရောက်ချီးမြှင့်ခဲ့ပြီး တစ်နှစ်မပြည့်မီတွင် ဖြစ်ပေါ်လာသည့် ခရီးစဉ်ဖြစ်ပါကြောင်း။
မိမိတို့နှစ်နိုင်ငံသည် ရေ ၊ မြေ နှစ်ခုစလုံး ဆက်စပ်နေ သည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အပြင် နှစ်နိုင်ငံ ရှည်လျားသည့် ယဉ်ကျေးမှုချင်း ရင်းနှီးနေသည့် နိုင်ငံများ ဖြစ်သည့်အတွက် မကြာခဏတွေ့ဆုံကြခြင်းမှာ သဘာ၀ကျ ပါကြောင်း။
ဘာသာစကားမှသည် အစားအစာ၊ အဝတ်အစားမှ သည် ရိုးရာဓလေ့ စသည်ဖြင့် မိမိတို့ နှစ်နိုင်ငံ၏ ညီအစ်မ ယဉ်ကျေးမှုများသည် ကိုယ်ပိုင်ဟန်အတိုင်း ဖွံ့ဖြိုးတိုးတက် ခဲ့ကြရုံသာမက ဆက်လည်းဆက်စပ်နေကြပါကြောင်း၊ မြန်မာနိုင်ငံ၏ ဧရာ၀တီမြစ်နှင့် အိန္ဒိယနိုင်ငံ ဂယာကို ဖြတ်သန်းစီးဆင်းသည့် ဖဲလ်ဂူးမြစ်တို့၏ မြင့်မြတ်သည့် ရေများသည် မိမိတို့နှစ်နိုင်ငံ၏ ကိုးကွယ်ယုံကြည်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ စိတ်ကူးစိတ်သန်းများ၏ အစိတ်အပိုင်း များအဖြစ် အစဉ်တည်ရှိလာခဲ့ကြပါကြောင်း၊ လူကြီးမင်း တို့ကို မိသားစုဝင်များကဲ့သို့ ကြိုဆိုဧည့်ဝတ်ပြုရသည့် အတွက် ဝမ်းမြောက်ဝမ်းသာရှိလှပါကြောင်း။
ဆက်လက်ထောက်ခံ
လူကြီးမင်းတို့ကို ယခုလို တွေ့ဆုံခွင့်ရခိုက် လူကြီးမင်း တို့နိုင်ငံ၏ ဒီမိုကရေစီနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုတိုးချဲ့ဖွံ့ဖြိုးနိုင်ရေးအတွက် အိန္ဒိယနိုင်ငံအနေဖြင့် အပြည့်အဝ ဆက်လက်ထောက်ခံကြောင်း ထပ်လောင်း ပြောကြားလိုပါကြောင်း၊ အောင်မြင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှတစ်ဆင့် တည်ငြိမ်ညီညွတ်ပြီး ဖွံ့ဖြိုးသော မြန်မာနိုင်ငံ ဖြစ်လာရေးအတွက် အိန္ဒိယနိုင်ငံက ရပ်တည် ပေးလျက်ရှိပါကြောင်း။
ငြိမ်းချမ်းရေးသည် ခွဲခြား၍ မရနိုင်သည့်အတွက် လူကြီးမင်းတို့ တိုင်းပြည်၏ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းနိုင်မှုသည် နှစ်နိုင်ငံ ထိစပ်နေသည့် အိန္ဒိယနယ်စပ်တစ်လျှောက် အေးချမ်းတည်ငြိမ်ရေးကို လည်း ဖြစ်ထွန်းစေနိုင်ပါကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက် ပြီး လူကြီးမင်းတို့ကို မိမိတို့၏ ဒီမိုကရေစီဖက်ဒရယ်မူဝါဒ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အတွေ့အကြုံများကို မျှဝေပြီး အကူအညီပေးရန် ဆန္ဒရှိပါကြောင်း။
ငြိမ်းချမ်းရေး ဖြစ်ထွန်းစေရမည်
ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးပိုမိုခိုင်မာစေရန်အတွက် ချမ်းသာကြွယ်ဝမှုကို ခွဲဝေမှုမှတစ်ဆင့် ငြိမ်းချမ်း ရေးကို ဖြစ်ထွန်းစေရမည်ဖြစ်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံ အကြား လမ်းပန်းဆက်သွယ်ရေးသည် လမ်းများ တည်ဆောက်ခြင်း၊ ရေလမ်းများအသုံးပြုခြင်း၊ ဆိပ်ကမ်း များ အဆင့်မြှင့်တင်ခြင်း၊ နှစ်နိုင်ငံလေကြောင်းဝန်ဆောင် မှုများ တိုးချဲ့ခြင်းမှတစ်ဆင့် ပိုမိုကျယ်ပြန့်လာနေပြီဖြစ်ပါ ကြောင်း။
ရင်းနှီးမြှုပ်နှံဆောင်ရွက်
ငြိမ်းချမ်းရေးအတွက် နောက်ထပ်အရေးကြီးသည့် အချက်မှာ အရည်အသွေးပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ အနေဖြင့် အခြေအနေများကို ၎င်းတို့ကိုယ်တိုင် ပြောင်းလဲ နိုင်သည့် အင်အားရှိကြောင်းကို ပြည်သူများကိုယ်တိုင် သိနားလည်ခြင်းအတွက် အလေးထားသည်ဟု ပြောခဲ့ဖူး ပါကြောင်း၊ ယင်းယုံကြည်ချက်အရ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ အရည်အသွေးနှင့် စွမ်းဆောင် ရည်မြှင့်တင်ရန် ရင်းနှီးမြှုပ်နှံဆောင်ရွက်နေပါကြောင်း။
မြန်မာများ၏ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆိုသည့် စကားပုံကို ကိုးကားပြီး ပြောလိုပါကြောင်း၊ ယင်းစကားပုံ အရ မိမိတို့၏ အကျိုးစီးပွားများသည် တစ်ခုကိုတစ်ခု အမှီသဟဲပြုနေကြပါကြောင်း၊ အဆိုပါပညာရှိ စကားပုံသည် နှစ်နိုင်ငံအနေဖြင့် အပြန်အလှန် အကျိုးစီးပွားဖက်များ အဖြစ် တည်ရှိနေကြသည်ကို ထင်ဟပ်စေပါကြောင်း။
လူကြီးမင်းတို့၏ ဗုဒ္ဓဂယာနှင့်မဟာဗောဓိညောင်ပင် ဘုရားဖူးခရီးစဉ်သည် မိမိတို့နှစ်နိုင်ငံ၏ ရာစုနှစ်ပေါင်း များစွာ ကြာမြင့်သည့် ဆက်ဆံရေးကို ကောင်းချီးပေးပါစေ၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုနှင့်အဖွဲ့ဝင်များအားလုံး သက်ရှည်ကျန်းမာကြပါစေ၊ မြန်မာပြည်သူများ အားလုံး ဖွံ့ဖြိုးတိုးတက်ပြီး ကြွယ်ဝချမ်းသာကြပါစေ၊ အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ထာဝရအဓွန့်ရှည်တည်တံ့ပါစေဟု ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိမိနှင့်တကွ မြန်မာ ကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယနိုင်ငံ၏ မြို့တော်ဖြစ်သည့် သာယာလှပသော သမိုင်းဝင်နယူးဒေလီမြို့သို့ စတင် ရောက်ရှိချိန်မှစ၍ နွေးထွေးပျူငှာစွာ ကြိုဆို ဧည့်ခံသည့် အတွက် အဆွေတော်၊ အိန္ဒိယအစိုးရနှင့် ပြည်သူများကို လှိုက်လှဲဝမ်းမြောက်စွာ ကျေးဇူးတင်ရှိပါကြောင်း မြန်မာ ကိုယ်စားလှယ်အဖွဲ့၏ကိုယ်စား ပြောကြားလိုပါကြောင်း။
သမိုင်းကြောင်းနောက်ခံတူညီ
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံအကြားတွင် ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် တူညီသော ယဉ်ကျေးမှုတန်ဖိုးများနှင့် ပြည်သူများအချင်းချင်းအကြား ခိုင်မြဲသည့် ဆက်ဆံရေးအပေါ် အခြေခံပြီး အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်သည့် ဆက်ဆံရေးရှိထားပါ ကြောင်း၊ ထို့ပြင် အိန္ဒိယနိုင်ငံ၏ မြင့်မြတ်သည့်အရပ်တွင် စတင်အခြေတည်ခဲ့သည့် ဗုဒ္ဓသာသနာတော်သည် မိမိတို့ နှစ်နိုင်ငံကို စိတ်ပိုင်းဆိုင်ရာအရရော ယဉ်ကျေးမှုအရပါ တစ်သားတည်းရှိစေခဲ့ပြီး နှစ်နိုင်ငံပြည်သူများအကြား ထူးခြားသည့် ဆက်ဆံရေးအခြေခံကို ဖန်တီးပေးခဲ့ပါ ကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် လွတ်လပ်ရေးပြန်လည်ရရှိ ရန်အတွက် ကာလကြာရှည်စွာ ကြိုးပမ်းခဲ့ကြသည့် သမိုင်း ကြောင်းနောက်ခံမှာလည်း တူညီကြပါကြောင်း။
မိမိတို့ နှစ်နိုင်ငံအကြား အထူးကောင်းမွန်သည့် ဆက်ဆံရေးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်မြင့်မားသည့်အခြေအနေသို့ ရောက်ရှိနေသည့် ယခုကဲ့သို့ အရေးကြီးသည့် အချိန်ကာလတွင် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခွင့်ရရှိသည့်အတွက် အထူးပင် ဝမ်းမြောက်ကျေနပ်မိပါကြောင်း။
နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းစေခဲ့
မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များ မကြာခဏ အပြန်အလှန် သွားလာ လည်ပတ်မှုများ ရှိခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် အဆွေတော် အိန္ဒိယသမ္မတကြီး ရှရီ ရမ် နက်သ် ကိုဗင့်ဒ်နှင့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီတို့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်များသည် နှစ်နိုင်ငံ ပြည်သူများ အကျိုးစီးပွားအတွက် နှစ်နိုင်ငံ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုနယ်ပယ်ကို ပိုမိုကျယ်ပြန့်လာစေပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေခဲ့ပါကြောင်း။
ယနေ့တွင် မိမိအနေဖြင့် အဆွေတော် အိန္ဒိယ သမ္မတကြီး ရှရီ ရမ် နက်သ် ကိုဗင့်ဒ်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ် ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံပြည်သူများ အပြန်အလှန် လည်ပတ်သွားလာမှု၊ ပေါင်းစည်းဆက်နွှယ်မှု၊ ယဉ်ကျေးမှု နှင့် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များ အပါအဝင် ကျယ်ပြန့်လှ သည့် နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်း စွာဖြင့် အနှစ်သာရရှိရှိ ဆွေးနွေးနိုင်ခဲ့သည့်အတွက် မိမိအနေဖြင့် အထူးပင်ဝမ်းမြောက်မိပါကြောင်း။
အကူအညီများကို အထူးတန်ဖိုးထား
ထို့ပြင် ယနေ့ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ များနှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးလဲလှယ် ပွဲကို တက်ရောက်နိုင်ခဲ့သည့်အတွက်လည်း ဝမ်းမြောက်မိပါ ကြောင်း၊ ယနေ့ လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန် လွှာများနှင့် သဘောတူညီမှုများသည် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုတိုးတက်ကျယ်ပြန့်စေမည်ဖြစ်သည့်အပြင် မိမိတို့ နှစ်နိုင်ငံနှင့် ပြည်သူများ၏ ဘုံအကျိုးစီးပွားကို ဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါကြောင်း၊ ပေါင်းစည်း ဆက်နွှယ်မှု၊ အခြေခံအဆောက်အဦ၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး အပါအဝင် နှစ်နိုင်ငံအကျိုးတူ နယ်ပယ်များစွာ အိန္ဒိယနိုင်ငံ မှ မြန်မာနိုင်ငံအတွက် ပံ့ပိုးပေးလျက်ရှိသည့် ဖွံ့ဖြိုးတိုးတက် ရေး အကူအညီများကို မိမိတို့ အထူးပင်တန်ဖိုးထားပါ ကြောင်း။
မိမိတို့၏ အတူတကွ အားထုတ်ကြိုးပမ်းဆောင်ရွက်မှု များ၊ နှစ်နိုင်ငံ ရှိရင်းစွဲချစ်ခင်ရင်းနှီးသည့် ဆက်ဆံရေး နှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသော ပူးပေါင်း ဆောင်ရွက်မှုများသည် လာမည့်နှစ်များတွင် ဆက်လက် ရှင်သန်ထွန်းကားလာစေမည်ဟု မိမိအနေဖြင့် ယုံကြည်ပါ ကြောင်း။
အိန္ဒိယနိုင်ငံ၏ “အရှေ့နှင့်ထိတွေ့ဆက်ဆံရေးမူဝါဒ” နှင့် “အိမ်နီးချင်းဦးစားပေးမူဝါဒ” များနှင့် မြန်မာနိုင်ငံ၏ “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒ” များသည် မိမိတို့၏အတူတကွ ကြိုးပမ်းအားထုတ်မှု များကို ပိုမိုအားဖြည့်ပေးလျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့် အာဆီယံအဖွဲ့အကြား ပေါင်းစည်းဆက်နွှယ်မှု ပိုမို ကောင်းမွန်လာအောင် ကြိုးပမ်းရာတွင် မိမိတို့နိုင်ငံ၏ မဟာဗျူဟာမြောက်သည့် ပထဝီဝင်အနေအထားအရ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် အရှေ့တောင်အာရှကို ဝင်-ထွက် သွားလာနိုင်မည့် ဝင်ပေါက်အဖြစ် အဓိကအခန်း ကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း။
မိမိတို့ အကောင်အထည်ဖော်လျက်ရှိသည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးပို့ဆောင်ရေးစီမံကိန်း ကဲ့သို့သော အခြေခံအဆောက်အဦစီမံကိန်းများ ပြီးစီးခဲ့ပါ က ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိသည့် မြန်မာနိုင်ငံ၏ အနောက် မြောက်ပိုင်းဒေသနှင့် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသ တို့မှ ပြည်သူများအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ အရေးကြီးသည့် အခြေခံ အဆောက်အဦဆိုင်ရာ စီမံကိန်းများ ဆောလျင်စွာ ပြီးစီး အောင် အတူတကွ ဆောင်ရွက်ရန်အတွက် မိမိတို့ နှစ်နိုင်ငံ ၏ ကတိကဝတ်များကို ထပ်လောင်းပြီး အတည်ပြုကြရမည် ဖြစ်ပါကြောင်း။
အလားအလာကောင်းများစွာရှိ
မိမိတို့နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံဆက်ဆံရေးကဏ္ဍတွင် သာမက အာဆီယံ-အိန္ဒိယ မဟာဗျူဟာမြောက်သည့် မိတ်ဖက်ဆက်ဆံရေးမူဘောင် အောက်မှလည်း ပိုမိုမြှင့်တင်နိုင်မည့် အနေအထားနှင့် အလားအလာကောင်းများစွာ ရှိနေသေးသည်ဟု မိမိတို့ အနေဖြင့် ယုံကြည်ပါကြောင်း။
ပိုမိုနီးကပ်စွာ ဆောင်ရွက်သွားရန်လိုလား
မြန်မာနိုင်ငံသည် သိမ်မွေ့နက်နဲလှသည့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလကို ဖြတ်သန်းလျက်ရှိရာ စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ တစ်နိုင်ငံ ၏ စိန်ခေါ်မှုများကို အခြားတစ်နိုင်ငံက နားလည်ပြီး အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှုများ ပေးခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာလာစေရန် အတွက် အရေးကြီးသည့် အချက်တစ်ရပ်ဖြစ်ပါကြောင်း၊ အခွင့်ကြုံခိုက် ဒေသဆိုင်ရာနှင့် နိုင်ငံတကာမျက်နှာစာတွင် အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် တစိုက် မတ်မတ် ဆက်လက်ထောက်ခံပေးလျက်ရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အာဆီယံ-အိန္ဒိယ မဟာဗျူဟာကျ သည့် မိတ်ဖက်ဆက်ဆံရေး၊ ဘင်းမ်စတက်၊ ဂင်္ဂါ-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုလသမဂ္ဂ စသည့် ဒေသ ဆိုင်ရာနှင့် နိုင်ငံတကာမျက်နှာစာများတွင် အိန္ဒိယနိုင်ငံနှင့် ပိုမိုနီးကပ်စွာ ဆက်လက်ဆောင်ရွက်သွားရန် လိုလားပါ ကြောင်း ထပ်လောင်းအတည်ပြု ပြောကြားလိုပါကြောင်း။
မိမိအနေဖြင့် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုများကို တွေ့မြင်နေရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါ ကြောင်း၊ အိန္ဒိယအစိုးရနှင့် ပြည်သူများ၏ မနားမနေ ကြိုးပမ်းအားထုတ်မှုများကြောင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များသည် အိန္ဒိယနိုင်ငံကို တိုးတက်မှုများ ရရှိနေပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးအင်အား တစ်ရပ်အဖြစ် အသွင်ပြောင်းလဲစေနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အချိန်တိုအတွင်း အိန္ဒိယ နိုင်ငံ၏ လူမှု-စီးပွားရေး အလျင်အမြန် တိုးတက်လာပြီး အိန္ဒိယ ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြှင့်တင်နိုင် သည့်အတွက် အားရမိပါကြောင်း၊ အနာဂတ်ကာလတွင် လည်း အိန္ဒိယ ခေါင်းဆောင်များ၏ ပြောင်မြောက်သည့် ဦးဆောင်မှုများနှင့် အိန္ဒိယပြည်သူများအနေဖြင့် ပိုမို တိုးတက်သာယာဝပြောမှုများကို ဆက်လက်ရရှိခံစား နိုင်မည်ဟု မိမိအနေဖြင့် စစ်မှန်စွာ ယုံကြည်ပါကြောင်း။
လေးနက်ခိုင်မာစွာ ကတိပြု
မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏ အရေးကြီးသည့် အိမ်နီးချင်းအိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးကို အစဉ်အမြဲ အလေးထားပါကြောင်း၊ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးအပေါ် မိမိတို့၏ ယုံကြည်ကတိပြုမှုကို အခြေတည်လျက် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ခိုင်မာသည့် ချစ်ခင်ရင်းနှီးသော ဆက်ဆံရေးအစဉ်အလာ ပိုမိုတိုးတက်ခိုင်မြဲလာစေရေးကို လေးနက်ခိုင်မာစွာ ကတိပြုပါကြောင်း ထပ်လောင်း အတည်ပြု ပြောကြားလိုပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့် အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်ဖြစ် သည့် “ဆဘ်ကာ ဆဒ်သ်၊ ဆဘ်ကာ ဗီကပ်စ်၊ ဆပ်ကာ ဗီရွှက်စ် (Sabka Sath, Sabka Vikas, Sabka Vishwass)” “(အားလုံးအတူတကွ၊ အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုံးစုံ ယုံကြည်မှုနဲ့ အတူ)” နှင့်အညီ နှစ်နိုင်ငံနှင့် ပြည်သူများ၏ အပြန်အလှန် အကျိုးကျေးဇူး ဖြစ်ထွန်းရေးအတွက် ဘုံအကျိုးတူကိစ္စရပ်များတွင် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယ နိုင်ငံနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း။
နိဂုံးမချုပ်မီ အဆွေတော်သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်နှင့်ဇနီး ရှရီမာတီ ဆာဗီးတာ ကိုဗင့်ဒ်တို့ ရွှင်လန်း ကျန်းမာ ချမ်းသာကြစေရေးအတွက်လည်းကောင်း၊ အိန္ဒိယ သမ္မတနိုင်ငံ ဆက်လက်ဖွံ့ဖြိုးတိုးတက်သာယာဝပြောစေရေးအတွက်လည်းကောင်း ဆုမွန်ကောင်းများ တောင်းလိုက် ပါကြောင်း၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်ဟု ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အိန္ဒိယ သမ္မတနိုင်ငံ သမ္မတအိမ်တော် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြသည်။
လက်ဆောင်ပစ္စည်း ပေးအပ်
ယင်းနောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ဓာတ်ပုံ မှတ်တမ်းအယ်လ်ဘမ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်း များ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဖွဲ့ဝင် များနှင့်အတူ ခေတ္တ တည်းခိုမည့် Taj Palace ဟိုတယ်သို့ ရောက်ရှိကာ ညအိပ်ရပ်နားကြသည်။

 

သတင်းစဉ်