
စပိန်လာလီဂါပွဲစဉ် (၃၀) မှ အကောင်းဆုံး ပွဲစဉ်တစ်ပွဲဖြစ်သည့် ဘာစီလိုနာအသင်းနှင့် ဆီဗီလာအသင်းတို့ပွဲစဉ်ကို ဧပြီ ၄ ရက် နံနက်က နူးကမ့်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာအသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုနိုင်ပွဲ ကြောင့် ၂၉ ပွဲ ကစားပြီး အက်သလက်တီကို မက်ဒရစ်၊ ဆီဗီလာအသင်းတို့နှင့် ရမှတ် ၅၇ မှတ်တူ ဂိုးကွာခြားချက်အသာဖြင့် ဒုတိယ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ပြိုင်ဘက် ဆီဗီလာအသင်းသည် ယခုပွဲရှုံးနိမ့်မှုကြောင့် ပြိုင်ပွဲစုံ လေးပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနှင့် ကြုံတွေ့ခဲ့သည်။
ဘာစီလိုနာအသင်းသည် ဇန်နဝါရီ ၂၁ ရက်က ကိုပါဒယ်ရေး ဖလားပြိုင်ပွဲတွင် ဘီလ်ဘာအိုအသင်းကို သုံးဂိုး - နှစ်ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ခြေစွမ်းပြသကာ ရှုံးပွဲကြုံတွေ့ထားခြင်းမရှိ စွမ်းဆောင်ထားနိုင်သည်။ ဘာစီလိုနာ အသင်းအတွက် တစ်လုံးတည်းသော အနိုင် ဂိုးကို ပွဲချိန် ၇၂ မိနစ်တွင် ဒမ်ဘီလီ၏ ဖန်တီးမှု မှ တစ်ဆင့် ပက်ဒရီက သွင်းယူပေးခဲ့သည်။
ဘာစီလိုနာအသင်းသည် လာမည့်ပွဲစဉ် အဖြစ် ဧပြီ ၈ ရက်တွင် ယူရိုပါလိဂ်ပြိုင်ပွဲ၌ ဖရန့်ဖတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အောင်ဇော်