ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဟားခါးမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


 

ဟားခါး အောက်တိုဘာ ၂၆


ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ် ဟားခါးမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ယနေ့တွင် ဝမ္မသူးမောင်အားကစားကွင်း အဆင့်မြှင့်တင် တည်ဆောက်နေမှု၊ ပြည်နယ်တရားလွှတ်တော်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)၊ ပညာရေးဒီဂရီကောလိပ် (ဟားခါး)၊ ဟားခါးတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမနှင့် တက္ကသိုလ်စာကြည့်တိုက် တိုးချဲ့တည်ဆောက်မည့် မြေနေရာ တို့ကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးဇိုဘွဲ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ်ဝန်ကြီး များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီခွဲတွင် ချင်းပြည်နယ် ဟားခါးမြို့ရှိ ဝမ္မသူးမောင် အားကစားကွင်း အဆင့်မြှင့်တင် တည်ဆောက်နေမှုအား ကြည့်ရှု စစ်ဆေးရာ အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်က အားကစားကွင်း အဆင့်မြှင့်တင် တည်ဆောက်မှု လုပ်ငန်းအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက အားကစားကွင်း ဝင်ပေါက်အား မြေ အနေအထားအရ ပိုမိုသင့်လျော်သည့် နေရာသို့ ပြောင်းရွှေ့တည်ဆောက် နိုင်ရေး၊ လိုအပ်ပါက ပွဲကြည့်စင်အမိုး တိုးချဲ့တပ်ဆင် တည်ဆောက်နိုင်ရန် ကြိုတင်မျှော်တွေး တွက်ချက်စီမံဆောင်ရွက်ထားနိုင်ရေး၊ ပွဲကြည့်စင် အောက်ဘက်တွင် အားကစားပွဲတော် ကာလများအတွင်း အားကစားသမား များ တည်းခိုနေထိုင်နိုင်ရန်နှင့် အခြား လိုအပ်ချက်များအတွက် အကျိုးရှိစွာ အသုံးပြုနိုင်ရေး ထည့်သွင်းလျာထား တည်ဆောက်နိုင်ရေးတို့ကို မှာကြား သည်။
ထို့နောက် ဒုတိယသမ္မတသည် ဝမ္မသူးမောင် အားကစားကွင်း အဆင့်မြှင့်တင် တည်ဆောက်နေမှုများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယသမ္မတသည် ချင်းပြည်နယ် တရားလွှတ်တော် တည်ဆောက်နေမှုအား လှည့်လည် ကြည့်ရှုစစ်ဆေးရာ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်နှင့် အဆောက်အဦ ဦးစီးဌာန တာဝန်ရှိသူ များက လိုက်လံရှင်းလင်းတင်ပြသည်။
ချင်းပြည်နယ်တရားလွှတ်တော် အဆောက်အဦသည် အလျားပေ ၁၂၀၊ အနံပေ ၁၄၀၊ အမြင့် ၅၆ ပေရှိ သံကူ ကွန်ကရစ် (၃) ထပ် အဆောက်အဦ ဖြစ်ပြီး စီမံကိန်း တန်ဖိုးငွေကျပ် ၆၃၉၃ သန်းဖြစ်ကြောင်း သိရသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဒုတိယသမ္မတသည် အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး) စုဝေးခန်းမသို့ ရောက်ရှိရာ ကျောင်းအုပ်ကြီး ဒေါက်တာ ဆလိုင်း တလွန်ဇထန်းက ကျောင်းဆိုင်ရာ အချက်အလက်များ၊ ပညာသင်နှစ် အလိုက် သင်ကြားပို့ချမှုများ၊ စီမံကိန်း လုပ်ငန်းများနှင့် တည်ဆောက်ဆဲ အဆောက်အဦဆိုင်ရာ အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ဒုတိယသမ္မတသည် အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး) တည်ဆောက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး ဒေသတွင်း ချယ်ရီပင်များ အား စီမံချက်ချမှတ် စိုက်ပျိုးကြရန် မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် ဟားခါး ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီး ဒေါ်မိညိုညိုရှိန်က ဟားခါးပညာရေး ဒီဂရီကောလိပ် တည်ဆောက်ရေး လုပ်ငန်းအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက ဒီဂရီကောလိပ် တိုးမြှင့်ပြီး ဖြစ်သဖြင့် Master Plan ပါအတိုင်း စံကိုက် အဆောက်အဦများ ဆောက်လုပ် နိုင်ရန်မြေနေရာ ကြိုတင်ရှာဖွေထား ရေးနှင့် ကျောင်းအဝင် လမ်းဘေးဝဲယာ ဒေသတွင်း ချယ်ရီပင်များ စိုက်ပျိုး ထားနိုင်ရေး လမ်းညွှန်မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် ခိုစီလိုဆိုတောင်ပေါ်ရှိ ပန်းခြံ တည်ဆောက်မည့်နေရာသို့ ရောက်ရှိ ပြီး ဟားခါးမြို့ ရှုခင်းအား ကြည့်ရှုကာ တောင်တက်လမ်းအား ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် လမ်းအတက်အဆင်းများ အားပြေပြစ်အောင် ပြင်ဆင်ဆောင် ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတ သည် ဟားခါးတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ တည်ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခ ချုပ် ဒေါက်တာ လျန်ဇာခုပ်က ရှင်းလင်းတင်ပြသည်။
ဟားခါးဘွဲ့နှင်းသဘင်ခန်းမသည် အလျား ၂၅၂ ပေနှင့် ၆ လက်မ၊ အနံ ၂၀၈ ပေရှိ သံကူကွန်ကရစ် အဆောက် အဦဖြစ်ပြီး စီမံကိန်းတန်ဖိုး ငွေကျပ် ၉၃၃၁ ဒသမ ၁၉၄ သန်း ဖြစ်ပြီး ဒီဇင်ဘာလအတွင်း တည်ဆောက် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတ သည် ဟားခါးတက္ကသိုလ် စာကြည့် တိုက်တိုးချဲ့ ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးသည်။
အလှူငွေများ ပေးအပ်
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် Hakha University Chapel တည်ဆောက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။
သတင်းစဉ်