မြန်မာ - အမေရိကန် ကိုဗစ်-၁၉ အလွန် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအား ဆွေးနွေး


 

နေပြည်တော် အောက်တိုဘာ ၂၇


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းသည် အမေရိကန်ပြည်ထောင်စုအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ငွေကြေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (U.S. International Development Finance Corporation-DFC) ၏ အမှုဆောင်အရာရှိချုပ် Mr. Adam Boehler ဦးဆောင်သော အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြောင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများရှိနေသော်လည်း မြန်မာ နိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများ တိုးတက်ရရှိအောင် ဆောင်ရွက် နိုင်ခဲ့ခြင်းနှင့် စီးပွားရေးတိုးတက်မှု အခြေအနေများကို အသိပေးပြောကြား ခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် (CE-RP)နှင့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည် ထူ‌ထောင်ရေးနှင့် ပြုပြင်ပြောင်းလဲ ရေးစီမံချက် (MERRP) ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင် မည့် အခြေအနေများအား ရှင်းလင်း ဆွေးနွေးသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် ရေးကဏ္ဍများတွင် အမေရိကန် ပြည်ထောင်စုက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဆိုပါက ကြိုဆိုမည်ဖြစ် ကြောင်း ပြောကြားသည်။
အမေရိကန်အစိုးရ ကိုယ်စား လှယ်အဖွဲ့က မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများနှင့် စပ်လျဉ်း ၍ သိလိုသည်များကို မေးမြန်းဆွေးနွေး ကြပြီး မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှုများကို ပွင့်လင်း မြင်သာစွာဖြင့် နိုင်ငံတကာစံနှုန်းများ နှင့်အညီ ခွင့်ပြုလျက်ရှိသည်ကို သိရှိ ရသည့်အတွက် အသိအမှတ်ပြု ကြောင်း ပြောကြားသည်။ မြန်မာနိုင်ငံ ၏ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေး ကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှုကဏ္ဍများတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အလားအလာ များကို ဆွေးနွေးသည်။ အမေရိကန် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ရေးအတွက် လိုအပ်သော နည်းပညာအကူအညီ များကို ဆက်လက်အထောက်အပံ့ ပေးလိုကြောင်းလည်း ပြောကြား သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်း များ ဈေးကွက်ရရှိ‌ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးတို့အတွက် နည်းပညာ အကူအညီပေးရန် အသင့် ရှိကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးချဲ့ဆောင်ရွက်ရေးနှင့် ပတ်သက် ၍ ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ မြန်မာဘက်မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အစိုးရ အရာရှိများ တက်‌ရောက်ခဲ့ကြပြီး အမေရိကန် ပြည်ထောင်စုဘက်မှ ဒီအက်ဖ်စီ၏ အမှုဆောင်အရာရှိချုပ် နှင့်အတူ အမေရိကန်ပို့ကုန်-သွင်းကုန် ဘဏ်၊ ဘဏ္ဍာထိန်းဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတို့မှ အကြီးတန်း အရာရှိများ ပါဝင်တက်‌ရောက်ခဲ့ကြ သည်။
ဒီအက်ဖ်စီသည် အမေရိကန် အစိုးရက ချမှတ်ခဲ့သည့် Better Utilization of Investments Leading to Development Act (BUILD) အရ ၂၀၁၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် အမေရိကန်ဘဏ္ဍာရေး အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများက စွမ်းအင်၊ ကျန်းမာရေး၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာကဏ္ဍများတွင် ရင်ဆိုင်နေ ရသည့် စိန်ခေါ်မှုများကို ကူညီဖြေရှင်း နိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဒီအက်ဖ်စီသည် ပုဂ္ဂလိကကဏ္ဍအပါ အဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီမံကိန်း များ၊ နည်းပညာသစ်များ အသုံးချရေး လုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ဘီလီယံ ၆၀ ကျော် ရင်းနှီး မြှုပ်နှံသွားရန် မျှော်မှန်းထားကြောင်း သိရသည်။ သတင်းစဉ်