ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


 

နေပြည်တော် အောက်တိုဘာ ၂၇


အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး မစ္စတာ ရာနီယယ်နီ ဆာဘာတူချီအား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ဥ‌ရောပသမဂ္ဂ သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်းကို ဦးစွာ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား ပူးပေါင်း ဆောင်ရွက်မှု ဆက်လက်မြှင့်တင် သွားရေး၊ ကျန်းမာရေး၊ ပညာရေး နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးအတွက် ဥရောပသမဂ္ဂ မှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်အောင်မြင် သည့်အခါ မြန်မာပြည်သူများ လက်လှမ်းမီရရှိရေးအတွက် ကူညီပံ့ပိုး ရေး၊ ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲလေ့လာရန် ကျွမ်းကျင် ပညာရှင်များ စေလွှတ်ထားမှုအခြေ အနေတို့နှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထောက်ပံ့ကူညီမှုများ ပေးအပ်
ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်း ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် များနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥရောပသမဂ္ဂမှ ဆက်လက်ကူညီ ပံ့ပိုးမှုများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရသော မြန်မာအလုပ်သမား များအား ထောက်ပံ့ကူညီမှုများ ပေးအပ်ခြင်းအတွက် ကျေးဇူးတင်ရှိ ကြောင်းနှင့် တစ်ဖက်၏ စိန်ခေါ်မှုနှင့် စိုးရိမ်ပူပန်မှုများအပေါ် တစ်ဖက်က နားလည်ရန်နှင့် ယင်းပြဿနာများ အပေါ် အပြုသဘော ချဉ်းကပ် ဖြေရှင်းသွားရန် အရေးကြီးကြောင်း ထည့်သွင်းဆွေးနွေး ပြောကြား သည်။
သတင်းစဉ်