
နေပြည်တော် အောက်တိုဘာ ၂၇
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒ(မူကြမ်း)အပြီးသတ် အကြံဉာဏ် ရယူခြင်းအစည်းအဝေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ သိပ္ပံ၊ နည်းပညာ နှင့် ဆန်းသစ်တီထွင်မှုကောင်စီ ဒုတိယဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး ဦးရဲမင်းဦး၊ အစိုးရဝန်ကြီးဌာန အသီးသီး ကိုယ်စားပြု ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီအဖွဲ့ဝင် အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ၊ UNESCAP မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံတကာပေါ်လစီ ကျွမ်းကျင်သူများ တက်ရောက် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမူဝါဒ (မူကြမ်း) သည် စနစ်တကျ ရေရှည်တည်တံ့ ခိုင်မြဲ၍ ဟန်ချက်ညီသောဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ရန်အတွက် ပညာရေးဝန်ကြီးဌာနသည် UNESCAP ၏အကူအညီဖြင့် နိုင်ငံတကာမူဝါဒ ကျွမ်းကျင်ပညာရှင်များထံမှ အကြံ ဉာဏ်များရယူကာ၊ မြန်မာနိုင်ငံ၏ ဝန်ကြီး ဌာန၊ အဖွဲ့အစည်းအသီးသီးနှင့် ကျွမ်းကျင်သူများ၏ အကြံဉာဏ်များ ဖြင့် မူဝါဒမူကြမ်းအား ခြောက်လကြာ အင်တိုက်အားတိုက် ရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ အဆိုပါ မူဝါဒမူကြမ်း အား အဆင့်ဆင့် အကြံဉာဏ်များရယူ ဆောင်ရွက်ပြီးစီးလာရာ ယခုအခါ အပြီးသတ် အကြံဉာဏ်ရယူခြင်း ဖြစ်သောကြောင့် တက်ရောက်လာ သော ပညာရှင်များ၏ အကြံဉာဏ် များဖြင့် ပိုမိုပြည့်စုံသော မူဝါဒတစ်ရပ် ဖြစ်လာစေရန် ရည်ရွယ်ပါကြောင်း၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင် မှုမူဝါဒ ထွက်ပေါ်လာပါကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ပူးပေါင်းအကောင်အထည်ဖော်ရမည် ဖြစ်သည့်အတွက် အလေးပေးဆွေးနွေး စေလိုကြောင်းနှင့် ဆွေးနွေးမှုများ အတွက်လည်း ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ယင်းနောက် United Nation ESCAP မှ Mr. Jonathan Wong (Chief of Technology and Inno-vation Division) က အဖွင့်စကား ပြောကြားရာတွင် United Nation၏ ယုံကြည်ချက်ဖြစ်သော သိပ္ပံ၊ နည်း ပညာနှင့် ဆန်းသစ်တီထွင်မှုများသည် တိုင်းပြည်တစ်ပြည်၏ ရင်ဆိုင်နေရ သော အခက်အခဲများကို ကျော်လွှား နိုင်ပြီး SDG 2030 ကို ရရှိစေနိုင်မည့် အရာများဖြစ်ကြောင်း၊ သိပ္ပံ၊ နည်းပညာ နှင့် ဆန်းသစ်တီထွင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် တိုင်းပြည်၏ စီးပွားရေးရည်မှန်းချက်၊ ရေရှည် တည်တံ့ခိုင်မြဲသော လူမှုရေး၊ စီးပွား ရေးများကို ရရှိနိုင်မည့် ကူးပြောင်းရေး လမ်းကြောင်းပင် ဖြစ်ပါကြောင်း၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကဏ္ဍသည် တိုင်းပြည်၏ နည်းပညာ စွမ်းရည်များ မြှင့်တင်ရန်အတွက် အစိုးရဌာနအချင်းချင်းပူးပေါင်းမှုများ လိုအပ်ပါကြောင်း၊ မူဝါဒကြမ်း ထွက်ပေါ်ရေးအတွက် COVID ကာလ ၌ပင် အင်တိုက်အားတိုက် ပါဝင် ဆောင်ရွက်ပေးခဲ့ကြသော ပညာရေး ဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များအား ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာ ကြသည့် ဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများမှ မူဝါဒမူကြမ်းအား ဝိုင်းဝန်းဆွေးနွေးကြကြောင်း သိရ သည်။ သတင်းစဉ်