
နေပြည်တော် ဧပြီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများပေးပို့ပြီး ပြန်လာသည့် မော်တော်ယာဉ်အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ ဝင်တစ်ဦး ကျဆုံးပြီး အမျိုးသားတစ်ဦး သေဆုံးကာ ဒုမြို့နယ်ပညာရေးမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၉ ရက် နံနက်ပိုင်းတွင် ရွာငံမြို့နယ်ပညာရေးမှူးရုံးမှ ဒုမြို့နယ်ပညာရေးမှူး ဦးဝင်း လွင်မိုး ဦးစီးသည့် ပညာရေးဝန်ထမ်းများသည် ရွာငံမြို့နယ် စာစစ်ဌာနမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာများအား တောင်ကြီးမြို့ရှိ ပြည်နယ်ပညာရေးမှူးရုံးသို့ မော်တော်ယာဉ်တစ်စီးဖြင့် သွားရောက်အပ်နှံပြီး မွန်းလွဲ ၃ နာရီခွဲတွင် တောင်ကြီးမြို့မှ ရွာငံမြို့သို့ အောင်ပန်း - ရွာငံ ကားလမ်းအတိုင်း ထွက်ခွာလာခဲ့ရာ ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာအနီးအရောက်၌ လမ်း၏ဝဲယာတို့မှ အသင့်စောင့် ဆိုင်းနေသည့် PDF အမည်ခံအကြမ်းဖက်သမား ၂၅ ဦးခန့်မှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ သဖြင့် မော်တော်ယာဉ်ပေါ်ပါ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့သဖြင့် အကြမ်းဖက်သမား များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားသည်။
ထိုသို့အကြမ်းဖက်သမားများ၏ ချောင်းမြောင်းပစ်ခတ်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး ကာ အောင်ပန်း-ရွာငံလမ်းအတိုင်းမောင်းနှင်လာသည့် MDY 2G/5848 မန္တလေး-တောင်ကြီး ခရီးသည် တင်ယာဉ်ပေါ် လိုက်ပါစီးနင်းလာသည့် တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်ကွက်နေ ဦးခင်မောင်အေး ၆၀ နှစ် (ဘ) ဦးဘမောင်တွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ပြီး အဖြေလွှာပို့ပြီး ပြန်လာသည့် မော်တော်ယာဉ်ပေါ်ပါ ဒုမြို့နယ်ပညာရေးမှူး ဦးဝင်းလွင်မိုးတွင် ဦးခေါင်းဝဲဘက်ကျည် ရှပ်ထိဒဏ်ရာတစ်ချက်ရရှိခဲ့သည်။
ဖြစ်စဉ်တွင် ကျဆုံး၊ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို အောင်ပန်းတပ်မတော်ဆေးရုံနှင့် တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံတို့သို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်