လီဗာပူးကို သရေကစားပြီး မန်စီးတီးထိပ်ဆုံး၌ ရပ်တည်ဆဲ

 

 

ပရီမီယာလိဂ်ပွဲစဉ်     (၃၂)   မှ အကောင်းဆုံး   ပွဲစဉ်ဖြစ်သည့်  ဦးဆောင်သူ မန်စီးတီးနှင့် ဒုတိယ နေရာမှ လီဗာပူးအသင်းတို့ ပွဲစဉ် ကို   ဧပြီ   ၁၀   ရက်    ညပိုင်းက    အီတီဟက်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ      တစ်ဖက် နှစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ 
အမှတ်ပေးဖလား   ချန်ပီယံ ဖြစ်ရေးအတွက်   အရေးပါသည့် ပွဲစဉ်ဖြစ်သည့်အလျောက်    နှစ်သင်းစလုံး    ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့သည်။ မန်စီးတီးအသင်းသည် အိမ်ကွင်းပရိသတ်ရှေ့တွင်  လီဗာပူးအသင်းထက်    ကောင်းမွန်သည့်   ကစားဟန်၊  သာလွန်သည့် စိတ်ဓာတ်တို့ကို ပြသနိုင်ခဲ့သည်။ 
ပွဲချိန် ၅ မိနစ်တွင် ဆေးလ်ဗား၏ ဖန်တီးမှုကို ဒီဘရိုင်းဂိုးသွင်းယူ နိုင်ခဲ့သည့်အတွက် မန်စီးတီးအသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ လီဗာပူး အသင်းသည် ဦးဆောင်ဂိုး   ခွင့်ပြုပေးလိုက်ရပြီးနောက်  မကြာမီတွင်  ချေပဂိုးရရှိခဲ့ပြီး တိုက်စစ်တွင် ပွဲထွက်လာသည့် ဂျိုတာက သွင်းယူပေး ခဲ့သည်။  ပွဲချိန် ၃၆ မိနစ်တွင် ကန်ဆယ်လို၏ ဖန်တီးမှုကို ဂျီးဆပ် ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် မန်စီးတီးအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။     
သို့သော်လည်း ဒုတိယပိင်းပြန်လည်စတင်ပြီး မကြာမီတွင် ဆာလာ ၏ ဖန်တီးမှုကို မာနေး ဂိုးသွင်းယူနိုင်ခဲ့သဖြင့် လီဗာပူးအသင်း ဒုတိယ ချေပဂိုးရရှိခဲ့သည်။ တစ်ဖက်နှစ်ဂိုးစီ သရေကျပြီးနောက် ပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အကြိတ်အနယ်ရှိလာခဲ့သည်။ ပွဲချိန် ၆၃ မိနစ်တွင် မန်စီးတီး အသင်းမှ    စတားလင်းဂိုးသွင်းယူနိုင်ခဲ့သော်လည်း      ဗွီ‌အေအာရ်က ပယ်ဖျက်ခဲ့သောကြောင့် လီဗာပူးအသင်း သက်သာရာရခဲ့သည်။ 
မန်စီးတီးအသင်းက  ဂိုးကန်သွင်းခွင့်   ၁၁  ကြိမ်တွင်  ဂိုးပေါက် တည့်မှု   ငါးကြိမ်ရှိခဲ့ပြီး  အဆိုပါငါးကြိမ်မှ  သွင်းဂိုးနှစ်ဂိုးရရှိခဲ့သည်။ ပြိုင်ဘက်   လီဗာပူးအသင်းက   ဂိုးကန်သွင်းခွင့်    ခြောက်ကြိမ်တွင် ဂိုးပေါက်တည့်မှု  လေးကြိမ်ရှိခဲ့ပြီး အဆိုပါလေးကြိမ်မှ  သွင်းဂိုးနှစ်ဂိုး ရရှိခဲ့သည်။
ယခုပွဲစဉ်သရေကျမှုကြောင့် မန်စီးတီးအသင်းသည် ၃၁ ပွဲကစားပြီး  ၇၄ မှတ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး လီဗာပူး အသင်းက ၃၁ ပွဲကစားပြီး ၇၃ မှတ်ဖြင့် ဒုတိယနေရာမှ ဆက်လက်ဖိအား ပေးလျက်ရှိနေသည်။  မန်စီးတီးအသင်းသည် လက်ကျန်ပွဲစဉ် ခုနစ်ပွဲ တွင် ကစားရခက်ခဲသည့်အသင်းအနေဖြင့် ဝက်စ်ဟမ်းနှင့် ဗီလာအသင်း တို့သာရှိပြီး   ပြိုင်ဘက်  လီဗာပူးအသင်းက  မန်ယူ၊ အဲဗာတန်၊ စပါး၊ ဗီလာအသင်းတို့ ကျန်ရှိနေသေးသည်။                                                  အောင်ဇော်