အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံရသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစိုးဦးတို့အပေါ် စီရင်ချက်အမိန့်ချမှတ်

 

နေပြည်တော်   ဧပြီ   ၂၀
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍    အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး စစ်ဆေး တွေ့ရှိချက်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊   ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်း သည် GAVI HSS2 Grant  (Global Alliance for Vaccines and Immunization-Health System Strengthening 2) ဖြင့် ဆောင်ရွက် သော   လုပ်ငန်းများနှင့်ပတ်သက်၍    စီမံချက်မန်နေဂျာအဖြစ် ဆောင်ရွက်စဉ် ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ် ၁၆၁ ဒသမ ၁၉၈ သန်းကို  နစ်နာဆုံးရှုံး စေခဲ့ခြင်းကြောင့် ဒေါက်တာထားထားလင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစိုးဦး သည် GAVI HSS2 Grant ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများတွင် တာဝန်ယူကြီးကြပ်ပြီး    စီမံခန့်ခွဲရသူဖြစ်သည့် အလျောက် နိုင်ငံတော်၏ ငွေကြေးနစ်နာဆုံးရှုံးစေသည့် ဒေါက်တာ ထားထားလင်း၏ ဆောင်ရွက်မှုတွင် ကြီးကြပ်စစ်ဆေးရန် ပျက်ကွက် ခြင်း၊ စီမံခန့်ခွဲရန် ပျက်ကွက်ခြင်းတို့သည် နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရန်အတွက် အားပေးကူညီမှုကို  ဖြစ်စေခဲ့ခြင်းကြောင့် ဒေါက်တာစိုးဦးအပေါ် ယင်းဥပဒေပုဒ်မ ၅၆/၆၃ အရလည်းကောင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၃၆/၂၀၂၁ ဖြင့် လက်ခံစစ်ဆေးခဲ့သည်။ 
ယင်းအမှုအပေါ် ပြစ်မှုထင်ရှားသဖြင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က   ယနေ့တွင်   ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ကျခံစေရန်နှင့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)   ဒေါက်တာစိုးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ အလုပ်နှင့် ထောင်ဒဏ်  ၂  နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်