
ဆောင်းပါး
=======
ကိုဗစ်ကာလတွင် အိမ်မွေးတိရစ္ဆာန်များမှ လူကိုကူးစက်နိုင်သည့် ရောဂါများအား ကာကွယ်ခြင်း
========================================================
ဒေါက်တာခင်စန်းမော်
ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း၏ အရိပ်အခြည်ကို မြင်ရ ကတည်းက ဆေးကုသသည့်အလုပ်ကို ခေတ္တရပ်နားပြီး အိမ်တွင်သာ နေထိုင်ခဲ့သော်လည်း ပညာရပ်နှင့် ပတ်သက်သောအလုပ်များနှင့် လုံးဝကင်းကွာသွားသည် တော့ မဟုတ်ပါ။
ပထမ အလုပ်တာဝန်က အိမ်မွေးတိရစ္ဆာန်တို့၏ ကျန်းမာရေးကိစ္စအမျိုးမျိုးအတွက် ဖုန်းဖြင့်မေးမြန်း ကြသော မိတ်ဆွေများအား သင့်တော်သော အကြံဉာဏ် ပေးရခြင်း ဖြစ်ပါသည်။
ယခုလို အင်တာနက်ကို တွင်ကျယ်စွာ အသုံးပြုနိုင် လာသော ခေတ်၊ အိမ်၏ ပြင်ပသို့ သွားရောက်ရန် အလွန် တွန့်ဆုတ်နေရသောခေတ်၊ ကပ်ရောဂါအန္တရာယ် ကင်းဝေးအောင် သူသူငါငါ သတိကြီးစွာ ထားနေရသော ခေတ်မှာ ကျွန်မတို့ တိရစ္ဆာန်ဆေးကုဆရာဝန်များ အနေဖြင့် Tele service ခေါ် အွန်လိုင်းမှ ဆေးကုသ ပေးသည့်နည်းလမ်းကို သုံးသင့်သည့်နေရာတွင် သုံးပြီး ကူညီပေးကြခြင်း ဖြစ်ပါသည်။ (နိုင်ငံရပ်ခြားတွင် ဤ Tele service အတွက် အခကြေးငွေ ယူကြပါသည်။)
အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များက အိမ်မွေးတိရစ္ဆာန် တို့၏ မကျန်းမာသော အခြေအနေများ၊ သူတို့မျက်စိဖြင့် တွေ့ရသော လက္ခဏာများကို ဆရာဝန်ထံ ဖုန်းဆက်၍ ပြောပြသည်။ အရေပြားအနာ၊ ထိခိုက်ဒဏ်ရာရမှုများ စသည်တို့ကို ဓာတ်ပုံရိုက်ပြီး Viber နှင့် Facebook Messenger မှ ပို့ကာ ဆက်သွယ်မေးမြန်းကြပါသည်။ အချို့ဆိုလျှင် ချောင်းဆိုးနေသည့်ပုံ၊ အသက်ရှူကျပ် နေသည့်ပုံ၊ လမ်းလျှောက်ရာတွင် မူမမှန်သည့်ပုံများကို ဗီဒီယိုရိုက်ပြီး ပို့ကြသည်။ ကျွန်မတို့က မေးသင့်မေးထိုက် သည့် အချက်အလက်များကို မေးမြန်း၊ ပိုင်ရှင်က ပြုစု စောင့်ရှောက်ပေးရန် လိုအပ်သည်များကို အကြံပြု၊ သာမန်အပယိကကိစ္စများအတွက် ဆေးတိုက်ခိုင်း၊ ဆေးလိမ်းခိုင်း၊ ဆရာဝန်၏ ကုသမှုကို မဖြစ်မနေ ခံယူ ရမည့် အရေးကြီးသော အခြေအနေများအတွက် ဖွင့်သည့် ဆေးခန်းသွားပြရန် တိုက်တွန်းပေးခြင်းတို့ ဖြစ်ကြသည်။
ဒုတိယအလုပ်တာဝန်က ပညာရပ်နှင့် သက်ဆိုင် သော Webinar များကို online မှ တက်ရောက်ပြီး စဉ်ဆက်မပြတ် ပညာဖြည့်ဆည်းနေရခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်တန့်ထားရသော ခရီးသွားလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ အသက် မွေးဝမ်းကျောင်းအလုပ်အကိုင်များ များစွာရှိနေကြသော် လည်း ပညာရပ်နှင့်ပတ်သက်သော လေ့လာသင်ယူစရာ များက ရပ်တန့်မနေပါ။ အစဉ်အမြဲ ရှေ့သို့ တိုးတက် နေပါသည်။ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး လက်ရှိ အခြေအနေသတင်းများ၊ သုတေသနပြုလုပ်မှုများ၊ တိရစ္ဆာန်များက ထပ်မံပါဝင်ပတ်သက်နေခြင်း ရှိ၊ မရှိ၊ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများ၏ ကာကွယ်၊ ထိန်းချုပ်၊ ကုသသည့် နည်းလမ်းများ စသောအကြောင်းအရာများကို လက်လှမ်းမီသမျှ ဖတ်ရှုမှတ်သားရခြင်းမျိုးလည်း ပါဝင် ပါသည်။
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ စိန့်ဂျိုးဆက် တက္ကသိုလ်တွင် ဒေါက်တာရီးယာ့ဒ်ဆာကစ်၏ စမ်းသပ်မှု တစ်ခုကို BBC news က ပြသသွားရာ အလွန်စိတ်ဝင် စားဖွယ်ကောင်းလှပါသည်။
သူက “ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတွေရှိတဲ့ လူနာဆောင်မှာ ပုံမှန်မဟုတ်တဲ့ အနံ့အသက်တစ်မျိုး ရှိတာကို ကျွန်တော် သတိထားမိတယ်။ ဒါကြောင့် အနံ့ခံကောင်းတဲ့ ခွေးတွေကို လေ့ကျင့်ပေးပြီး စမ်းသပ် ခဲ့ပါတယ်။ ကိုဗစ်-၁၉ အတည်ပြုလူနာတွေဆီက သီးသန့်ထူးခြားတဲ့အနံ့ကို ခွေးရဲ့ အနံ့ခံစွမ်းရည် အသုံးပြုပြီး စမ်းသပ်ခဲ့တာ မှန်ကန်တိကျမှုက ၉၈-၁၀၀ ရာခိုင်နှုန်း ရှိနေတယ်” ဟု ပြောဆိုခဲ့ပါသည်။ ကတော့ပုံ ရှိသော အဝိုင်းထုချွန်တစ်ခုစီတွင် ကိုဗစ်-၁၉ ရောဂါ မရှိသောသူတို့၏ နမူနာပစ္စည်းများ၊ အတည်ပြုလူနာ များ၏ နမူနာပစ္စည်းများ ထည့်ထားပြီး လေ့ကျင့် ထားသော အနံ့ခံခွေး Balgian malinois ခွေးမငယ်အား ရှူခိုင်းရာ အတည်ပြုလူနာ၏ နမူနာပစ္စည်းထည့်ထား သော ကတော့ရှေ့တွင် ခွေးက ထိုင်ချပြီး ရွေးချယ်လိုက် သည်ကို ဗီဒီယိုမှာ တွေ့မြင်ရပါသည်။
မူးယစ်ဆေးဝါးများနှင့် ဖောက်ခွဲရေးပစ္စည်းများကို အနံ့ခံခွေးများအား အသုံးပြု၍ ရှာဖွေဖော်ထုတ်သကဲ့သို့ ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာများအား ခွေး၏ အနံ့ခံ စွမ်းရည်ကိုအသုံးပြု၍ ရှာဖွေဖော်ထုတ်ပြီး လူ့အသက် ဆုံးရှုံးမှုကို လျှော့ချရန် ကြိုးပမ်းသည့် ဤသုတေသန စမ်းသပ်ချက်ကို ကမ္ဘာ့နိုင်ငံ အများအပြားက စိတ်ဝင်စား နေကြကြောင်း သိရှိလိုက်ရသည်။
တတိယအလုပ်တာဝန်က ပြည်သူလူထုက သိလို စိတ်ဖြင့် မေးမြန်းကြသော မေးခွန်းများအတွက် Online မီဒီယာများကတစ်ဆင့် အွန်လိုင်းအင်တာဗျူး၊ Live interview ၊ Zoom interview များ ဖြေကြားပေးခြင်း ဖြစ်ပါ သည်။ အင်တာဗျူးများတွင် တိရစ္ဆာန်ဆေးကုဆရာဝန်၊ စာရေးဆရာ တစ်ယောက်အဖြစ် မေးမြန်းကြသော မေးခွန်း များအနက် တစ်ခုမှာ အလွန်စိတ်ဝင်စားစရာ ကောင်းလှပြီး သိသင့်သိထိုက်သော အကြောင်းအရာဖြစ်သောကြောင့် အကျယ်တဝင့် တင်ပြလိုပါသည်။
ထိုမေးခွန်းက “အခုလို ကိုဗစ်-၁၉ ကပ်ရောဂါကာလ ကြီးမှာ မိသားစုတွေနဲ့အတူ အိမ်မွေးတိရစ္ဆာန်တွေပါ အိမ်မှာသာ နေထိုင်နေရချိန် ဖြစ်ပါတယ်။ ခါတိုင်းက အလုပ် သွားသူသွား၊ ကျောင်းသွားသူသွား၊ မိသားစုတစ်စုလုံးနဲ့ အိမ်မွေးတိရစ္ဆာန်တို့ လက်ပွန်းတတီးနေရချိန်က နည်းပါ တယ်။ အခုတော့ တစ်နေကုန် အတူရှိနေကြတာဖြစ်လို့ အိမ်မွေးတိရစ္ဆာန်ကနေ ဘယ်လိုရောဂါမျိုးတွေ ကူးစက် နိုင်ပါသလဲ။ ဘာတွေကို သတိထားဖို့လိုအပ်ပါသလဲ” ဟူ၍ ဖြစ်သည်။
ကိုဗစ်-၁၉ ဒုတိယလှိုင်းစတင်ပြီး မကြာမီမိတ်ဆွေ တစ်ဦးက ဖုန်းဆက်ဖူးပါသည်။ သူသည် အဖျားမရှိ၊ အစားအသောက်မပျက်ဘဲ ချောင်းဆိုးနေသည်၊ မကြာခဏ နှာချေသည့်အပြင် ခန္ဓာကိုယ်အရေပြားပေါ်မှာ ယားယံ သည့် အဖုအပိန့်များ ထွက်လာသဖြင့် ပူပင်သောက ရောက်နေရရှာသည်။ စေ့စေ့စပ်စပ်မေးကြည့်မှ ယခင်က အတူအိပ်ခွင့်မပြုသော ကြောင်များ သူ့အိပ်ရာပေါ်တွင် လာအိပ်ကြသည်ကို သိရ၏။
သန့်ရှင်းရေးလုပ်စေသောအခါ အိပ်ရာပေါ်မှ ကြောင် မွေးများ အများအပြားထွက်လာခဲ့သည်။ ကြောင်များနှင့် ခွဲအိပ်ပြီးနောက် သူလည်း သက်သာသွားပါသည်။
ခြံဝင်းကျယ်ကျယ်ဖြင့် နေထိုင်သူ၊ ယခင်ကတည်းက အိမ်မွေးတိရစ္ဆာန်များကို လှောင်အိမ် သို့မဟုတ် သီးသန့် နေစရာ သတ်မှတ်ပေးထားသူ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များ မှအပ အခြားမိသားစုတို့၏ နေမှုပုံစံတွင် လူနှင့် အိမ်မွေး တိရစ္ဆာန်တို့ အတူတကွရှိနေကြသော အချိန်ကာလက ပိုမိုရှည်ကြာလာခဲ့သည်။ မိသားစုများပြီး နေရာကျဉ်းကျပ် သူတို့တွင် လူအချင်းချင်းလည်း ခပ်ခွာခွာနေဖို့ခက်၊ အိမ်မွေးတိရစ္ဆာန်များနှင့်လည်း ပိုမိုနီးကပ်လာကြသည်။
အိမ်မွေးခွေး၊ အိမ်မွေးကြောင်များမှ လူကိုကူးစက် နိုင်သော ရောဂါများထဲတွင်...
- ဗက်တီးရီးယား ရောဂါများ၊
- Fungus မှိုပိုးကြောင့် ဖြစ်သောရောဂါများ၊
- ခန္ဓာပြင်ပ ကပ်ပါးကောင်များ၊
- ခန္ဓာတွင်း ကပ်ပါးကောင်များ၊
- ကုတ်ခြစ်ကိုက်ခဲသော ဒဏ်ရာများ၊
- ဗိုင်းရပ်စ်ရောဂါများ ပါဝင်ကြပါသည်။
ဗက်တီးရီးယား ရောဂါများ
အချို့သော ဗက်တီးရီးယား ရောဂါပိုးများဖြစ်ကြ သည့် ဆဲမိုနဲလား (Salmonella)နှင့် ကမ်ပိုင်လိုဘက်တာ (Campylobacter) တို့သည်လည်းကောင်း၊ ဂျီရာဒီယာ (Giardia) ပရိုတိုဇွတို့သည်လည်းကောင်း တိရစ္ဆာန်မှ လူကို ကူးစက်လျှင် အစာအိမ်နှင့် အူလမ်းကြောင်းရောင်သော ရောဂါ ပြင်းထန်စွာ ဖြစ်တတ်သည်။ ကူးစက်ပုံမှာ တိရစ္ဆာန် အညစ်အကြေးများမှ ကူးစက်ခြင်း ဖြစ်သည်။ လက်ပတို စပိုင်ရာ (Leptospira) ဗက်တီးရီးယားသည် ရောဂါပိုး ပါနေသော ခွေးတို့၏ ဆီးမှတစ်ဆင့် ကူးစက်တတ်သည်။ လူကို ရောဂါကူးစက်သောအခါ အသည်းနှင့် ကျောက်ကပ် ရောဂါ ဆိုးရွားစွာ ဖြစ်တတ်သည်။
Fungus မှိုပိုးကြောင့်ဖြစ်သော ရောဂါများ
ခွေး၊ ကြောင်တို့၏ အရေပြားတွင် မှိုပိုးကြောင့် ဖြစ်သော Ringworm ခေါ် အရေပြားယားနာများသည် လူကို ကူးစက်စေတတ်သည်။
ခန္ဓာပြင်ပကပ်ပါးကောင်များ
အရေပြားဝဲပိုးများ၊ မွှား၊ လှေး၊ သန်းတို့သည် လူကိုလည်း တွယ်ကပ်သွေးစုပ်နိုင်၊ ယားနာများ ဖြစ်ပွား စေသည်သာမက မွှားကသယ်ဆောင်လာသော ရောဂါများ ကိုလည်း ဖြစ်ပွားစေတတ်သည်။
ခန္ဓာတွင်း ကပ်ပါးကောင်များ (သန်ကောင်များ)
သန်လုံးကောင်၊ သန်ပြားကောင်၊ ချိတ်သန်ကောင် တို့သည်လည်း လူကိုကူးစက်တတ်ပြီး သန်ရောဂါ ဖြစ်စေ တတ်သည်။ တိရစ္ဆာန်တို့၏ အညစ်အကြေးများမှတစ်ဆင့် ကူးစက်ခြင်း ဖြစ်သည်။
ကုတ်ခြစ်ကိုက်ခဲသော ဒဏ်ရာများ
ကြောင်က ကုတ်ခြစ်ကိုက်ခဲလိုက်သော ဒဏ်ရာများ တွင် ဘာတိုနဲလား (Bartonella)ဗက်တီးရီးယား ပါလာ သောအခါ ရောင်ရမ်းခြင်း၊ အရေပြား အရည်ကြည်ဖုများ ဖြစ်လာခြင်း၊ ပြန်ရည်ဂလင်းအကျိတ်များ ရောင်ခြင်းတို့ ဖြစ်တတ်ပါသည်။
ဗိုင်းရပ်စ်ရောဂါများ
ဗိုင်းရပ်စ်ရောဂါများအနက် အရေးအကြီးဆုံးရောဂါမှာ ခွေးရူးရောဂါပင် ဖြစ်သည်။ အားလုံးသိရှိကြသည့်အတိုင်း ခွေးရူးရောဂါသည် လူအပါအဝင် သွေးနွေးသတ္တဝါများတွင် ဖြစ်ပွားတတ်သည့် ရောဂါ ဖြစ်ပြီး ခွေးရူးရောဂါဖြစ်သောအခါ ကုရာနတ္ထိ ဆေးမရှိဘဲ အသက်ဆုံးရှုံးကြရသည်။ ခွေးရူး ရောဂါပိုး ပါနေသည့် တိရစ္ဆာန်တို့၏ သွားရည်သည် အကိုက် ခံရသော ဒဏ်ရာမှတစ်ဆင့် ဝင်သွားခြင်းကြောင့် ကူးစက် သည်။
ဤရောဂါအုပ်စုများသည် အကြမ်းဖျင်းခြုံငုံ၍ ပြောထားခြင်းဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလတွင် အိမ်တွင်သာ အကန့်အသတ်ဖြင့်နေရသော အခါ အချို့လူများသည် စိတ်ဖိစီးမှုဖြစ်လာပြီး အိမ်မွေး တိရစ္ဆာန်များနှင့် ပိုမိုလက်ပွန်းတတီးနေခြင်း၊ အကြောင်းမဲ့ သက်သက် ထိခိုက်နာကျင်အောင် စနောက်ခြင်းတို့ဖြင့် ဖြေသိမ့်တတ်ကြသည်။ ထိုအပြုအမူများက မှားယွင်းနေပါ သည်။ မကျန်းမမာ မအီမသာ ဖြစ်နေသောသူများသည် အိမ်မွေးတိရစ္ဆာန်များကို ပွေ့ဖက်ခြင်း၊ နွေးထွေးအောင် ပိုက်ထားခြင်း၊ လက်ပွန်းတတီးနေခြင်း၊ အတူအစာ စားခြင်း၊ အတူတကွ အိပ်ခြင်းတို့ မပြုလုပ်သင့်ပါ။
တိရစ္ဆာန်များက လူကို နမ်းခြင်း၊ လျှာဖြင့်လျက်ခြင်း တို့ကိုလည်း ခွင့်မပြုရပါ။
လူကိုကူးစက်နိုင်သည့် နည်းလမ်းများမှကာကွယ်ခြင်းရောဂါကာကွယ်သည့် နည်းလမ်းများအကြောင်းကို ပြောရလျှင် အခြေခံစည်းကမ်းများက အတူတူပင် ဖြစ်ကြောင်း တွေ့ရမည်။
အိမ်မွေးတိရစ္ဆာန်များကို ကိုင်တွယ်ပြီးတိုင်း လက်များကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောပါ။
အိမ်မွေးခွေး၊ အိမ်မွေးကြောင်များတွင် သန်း၊ လှေး၊ မွှားများ ကပ်တွယ်မှုမရှိစေရန် အစဉ် သတိပြုပါ။ သန့်ရှင်းသပ်ရပ်အောင် အမွေး ညှပ်ပေးခြင်း၊ ရေချိုးပေးခြင်းတို့ကို ပြုလုပ် ပေးပါ။ အမွေးညှပ်ပေးစဉ် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ထားပါ။
အရေပြား ယားနာများ ရှိ၊ မရှိ စစ်ဆေးပါ။ ရှိနေပါက ဆရာဝန်ထံ တိုင်ပင်ဆွေးနွေး အကြံရယူပါ။
သန်ကောင်ရောဂါ ကင်းဝေးအောင် သန်ကောင် အားလုံးကို နှိမ်နင်းနိုင်သည့် သန်ချဆေး မှန်မှန် တိုက်ကျွေးပါ။
ခြံကျယ်ကျယ်ဖြင့် မွေးမြူထားပါက ခြံထဲမှ မြေကြီးများကို ကိုင်တွယ်တိုင်း၊ သစ်ပင်၊ ပန်းပင်များကို မြေဆွတိုင်း လက်အိတ် ဝတ်ဆင်ပါ။ ခြံထဲက မြေကြီးထဲမှာ အိမ်မွေး တိရစ္ဆာန်တို့၏ ဆီး၊ ဝမ်း အညစ်အကြေးများ ရှိနေနိုင်သည်။ ယင်းတို့ကို မြင်တွေ့ပါက ဂေါ်ပြား၊ အမှိုက်အိတ်များ အသုံးပြု၍ စနစ်တကျကျုံးပြီး အမှိုက်ပုံးထဲ စွန့်ပစ်ပါ။ မိသားစုထဲတွင် ကလေးများရှိနေပါက တိရစ္ဆာန်တို့၏ အညစ်အကြေးများကို ထိတွေ့ ကိုင်တွယ်ခြင်း မပြုလုပ်ရန် တားမြစ်ပါ။
အိမ်ထဲတွင်သာ မွေးမြူပါက အိမ်မွေးတိရစ္ဆာန် တို့၏ ဆီး၊ ဝမ်း အညစ်အကြေးများကို စနစ် တကျ သုတ်သင်ရှင်းလင်းစွန့်ပစ်ပါ။ လက်အိတ်၊ အမှိုက်ဂေါ်ပြား၊ အမှိုက်အိတ်တို့ကို အသုံးပြုပါ။ ကြောင်သဲ သို့မဟုတ် အညစ်အကြေးစွန့်ဗန်း ကို မကြာမကြာ ဆေးကြောပြီး အသစ်လဲပေးပါ။
တိရစ္ဆာန်တို့၏ အစာခွက်၊ ရေခွက်များကို သီးသန့်စီထားပါ။ အစာကျွေးပြီးတိုင်း အစာ ခွက်များကို သန့်ရှင်းအောင် ဆေးကြော သန့်စင်ပါ။ ရေခွက်ထဲတွင် သန့်ရှင်းသော ရေကို ထည့်ပေးထားရမည်။
အိမ်မွေးတိရစ္ဆာန်တို့အတွက် ပေးထားသော အိပ်ရာ၊ စောင်၊ အရုပ်စသည်တို့ကို ဆပ်ပြာရည် ဖြင့် မကြာခဏ လျှော်ဖွပ်သန့်စင်ပေးရမည်။
မကျန်းမာသော လမ်းဘေး ခွေး၊ ကြောင်များ အား မကိုင်ပါနှင့်။ ကိုင်မိလျှင် လက်များ ကို သေချာစွာ ဆေးကြောသန့်စင်ပါ။
ခွေးရူးရောဂါသည် လူနှင့် တိရစ္ဆာန်တို့အတွက် အလွန်အရေးကြီးသောကြောင့် အကြောင်း မသိသော ပြင်ပမှ တိရစ္ဆာန်များအား ခြံထဲ၊ အိမ်ထဲသို့ အဝင်မခံပါနှင့်။ မိမိ၏ အိမ်မွေး တိရစ္ဆာန်များကို အကိုက်မခံရအောင်ကာကွယ် ပါ။ ကာကွယ်ဆေးထိုးရန် အချိန်ရောက်လျှင် ဆရာဝန်ထံ အကြောင်းကြားပါ။
မိမိ၏ အိမ်မွေးတိရစ္ဆာန်ကဖြစ်စေ၊ ပြင်ပမှ ရုတ်တရက် ဝင်လာသော လေလွင့်တိရစ္ဆာန် များမှဖြစ်စေ လူကိုကိုက်သွားလျှင် နီးစပ်ရာ ဆေးရုံတစ်ခုခုသို့ သွားရောက်၍ ခွေးရူးရောဂါ ကာကွယ်ဆေး ချက်ချင်းထိုးသင့်ကြောင်း အကြံပြုလိုက်ပါသည်။ ။
- Log in to post comments