
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်
====================
စိန်ပန်းသစ္စာ
======
ရှင်ထွေးလေး
=======
ရန်ကုန်တက္ကသိုလ်မုခ်ဦးမှဝင်၍ အဓိပတိလမ်းကို ခြေချမိသူတိုင်းသည် အစွမ်းကုန် ပွင့်လန်းနေသော ရဲရဲနီနေသည့် စိန်ပန်းပွင့်များကို မြင်ရသည့်အခါ ရဲရင့်တက်ကြွသော စိတ်ခံစားမှု ဖြစ်ပေါ်လာကြပါသည်။ စိန်ပန်းနီများက မြင်ရသူတို့၏ စိတ်နှလုံးကို ရဲရင့်တက်ကြွစေခြင်း ဖြစ်ပါသည်။ စိန်ပန်းနီတို့ လွှမ်းခြုံသော ရန်ကုန်တက္ကသိုလ်သည် ခေတ်ကာလ အဆက်ဆက် အခက်အခဲအမျိုးမျိုးကို ရဲရဲတောက် ကြံ့ကြံ့ခံရင်ဆိုင်ပြီး မားမားမတ်မတ် ဆက်လက်ရပ်တည်လျက်ရှိရာ မကြာခင် ရောက်ရှိတော့မည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ် (၁၀၀ )တိတိ ပြည့်မြောက်၍ ရာပြည့်သဘင်ပွဲတော်ကို ဆင်နွှဲရတော့မည် ဖြစ်ပါသည်။
ချစ်သူတို့နယ်မြေ ကံ့ကော်တော
ရန်ကုန်တက္ကသိုလ်နယ်မြေသည် ကံ့ကော်တို့ မွှေးပျံ့ထုံသင်းရာ ဌာနီဖြစ်၍ ချစ်သူတို့နယ်မြေ၊ ကံ့ကော်မြေ၊ ကံ့ကော်တောဟုလည်း ထင်ရှားအမည်တွင် သည်။ ရန်ကုန်တက္ကသိုလ်ဟု နှုတ်ဖျားမှ ရွတ်ဆိုလိုက် လျှင်လည်း လူတိုင်း၏ တက္ကသိုလ်အတွေးပုံရိပ်ကို ဆွဲဆောင်စိုးမိုးနိုင်သော ထင်ရှားကျော်ကြားသည့် အထိမ်း အမှတ်များမှာ ကံ့ကော်တော၊ ဂျပ်ဆင်ဘုရားကျောင်း၊ ဘွဲ့နှင်းသဘင်နှင့် အထင်ကရ သစ်ပုပ်ပင်ကြီးတို့ပင်ဖြစ် သည်။ ထိုကဲ့သို့ ကံ့ကော်တော၊ ဂျပ်ဆင်ဘုရားကျောင်း၊ ဘွဲ့နှင်းသဘင်နှင့် အထင်ကရ သစ်ပုပ်ပင်ကြီးတို့လောက် ထင်ရှားကျော်ကြားခြင်း မရှိသော်လည်း ရန်ကုန် တက္ကသိုလ်ကို အလှဆင်နေသော အလှတရားတစ်ရပ်မှာ စိန်ပန်းပင်များပင် ဖြစ်ပါသည်။
စိန်ပန်းပင်များသည် ရန်ကုန်တက္ကသိုလ်၏ အဓိပတိလမ်းမ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ပေါက် ရောက်နေကြသည်။ စိန်ပန်းပင်များသည် အရွယ်အနိမ့်၊ အမြင့် မညီညာကြသော်လည်း သူ့ရာသီ အချိန်အခါ ရောက်လျှင် ပင်ပျို၊ ပင်အိုမကျန် အပင်အားလုံးသည် ရဲရဲနီသော ပွင့်ချပ်များဖြင့် အဓိပတိလမ်းတစ်လျှောက် ရဲရဲ နီစွေးနေအောင် အစွမ်းကုန် အလှဆင်ထားကြစမြဲသာ ဖြစ်သည်။ ပင်လုံးကျွတ် ထိန်ထိန်နီရဲနေအောင် ပွင့်ရုံသာမက အဓိပတိလမ်းတစ်လျှောက်လုံးလည်း ရဲရဲနီစွေးအောင် ခင်းပေးထားကြရာ ပတ္တမြားပန်းခင်းကြီး နှင့်ပင် တူချေသေးသည်။ ထို့ပြင် ပွင့်ချပ်ပွင့်လွှာဖတ်တွေက တစ်ခါတစ်ခါတွင် လေအတိုးမှာ ဝေ့ဝဲကာ နွဲ့ယိမ်း ကြွေကျလာတတ်ကြသေး၍ ကြည်နူးစရာ ကောင်းလှ သော မြင်ကွင်းဖြစ်ပါသည်။
ခွဲခြား၍မရနိုင်
စိန်ပန်းပင်များသည် ရန်ကုန်တက္ကသိုလ်၏ အရိပ် အောက်ဝယ် မွှေးရနံ့ထုံသင်းသော ကံ့ကော်ပန်းပင်များ လောက် လူတို့နှုတ်ဖျားတွင် တသသ မရှိသော်လည်း ကျောင်းတော်ကို အလှဆင်ရာ၌ အစွမ်းကုန်တာဝန်ကျေ သည်သာဖြစ်၍ ရန်ကုန်တက္ကသိုလ်နှင့် စိန်ပန်းသည်လည်း ခွဲခြား၍မရနိုင်ပါ။ ထို့ကြောင့်လည်း ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော တေးသံသာတို့တွင် စိန်ပန်းတို့အလှကို စာပေအက္ခရာထက် သီကျူးဖွဲ့ဆိုခဲ့ကြသည်။ ခေတ် အဆက်ဆက် စိန်ပန်းအကြောင်း သီကုံးဖွဲ့ဆိုထားသည့် ကဗျာစာပေများသာမက တေးသီချင်းသံများသည် ယနေ့ ထက်တိုင် ရှင်သန်နိုးကြားနေကြဆဲ ဖြစ်သည်။ ကျောင်း ဖွင့်ချိန်ရောက်သော်လည်း အကြောင်းကြောင်းကြောင့် ကျောင်းသို့ မရောက်နိုင်ကြသည့်အခါ မည်သူမဆို “ကျောင်းဖွင့်ချိန် စိန်ပန်းတွေလည်း မြေမှာ ကျဲပြန့်နေ...ကံ့ကော်ပန်းတွေနဲ့အတူ သူနဲ့တွေ့ရာမြေ...တက္ကသိုလ် သို့မဟုတ် မြကျွန်းသာ အင်းလျားကန်ရေမြေ”ဆိုသော တွံတေးသိန်းတန်သီချင်းနှင့် “ဒီအချိန် ကျောင်းတော်ကြီးရဲ့ အလယ်မှာ စိန်ပန်းတွေလည်း ပွင့်နေပြီကွာ... အချိန်စက်ဝိုင်း များက ကုစားမစွမ်းနိုင်ပါ ... အလွမ်းရယ် မပြေဘူး ကျောင်းသား ဘဝ...”ဟူသည့် တေးသီချင်းများကို ဆိုညည်းတတ်ကြ ပါသည်။ ကျောင်းကို လွမ်းဆွတ်တမ်းတမိတတ်ကြပါသည်။ အခါအခွင့်တိုက်ဆိုင်၍ ကံ့ကော်ကိုမြင်လျှင် မြကျွန်းညိုညို ကျောင်းတော်ကို သတိရတမ်းတမိတတ်သကဲ့သို့ စိန်ပန်း ကိုမြင်ပါကလည်း မြကျွန်းညိုညို ကျောင်းတော်ကို လွမ်းဆွတ်တမ်းတကြသည်သာ ဖြစ်သည်။
မြကျွန်းညိုတွင် ကံ့ကော်တွေ ပွင့်လန်းချိန် ရောက်ပြီ ဆိုလျှင် မွှေးပျံ့ကြိုင်သင်းသလို စိန်ပန်းများ ပွင့်လန်း ဝေဆာချိန်တွင်လည်း ပတ်ဝန်းကျင်တစ်ခုလုံးကို ပတ္တမြား သွေးနီနီစွေးကာ လောကအလှဆင်သည်သာ။ ကံ့ကော် လည်း ကံ့ကော်မွှေးရနံ့ ကံ့ကော်အလှနှင့် ရှိသလို စိန်ပန်း လည်း စိန်ပန်းအလှနှင့်သာပင်။ မည်သူက ပိုလှပိုသာပါ သည်ဟု ကျွန်မတော့ မဆိုဝံ့ပါ။ ကံ့ကော်နှင့် စိန်ပန်းတွေသာ အသက်ရှိ၍ စကားများပြောတတ်ကြမည်ဆိုလျှင် အလှချင်းယှဉ် အပြိုင်ကြဲကြလေမည်လားကိုတော့ မဆိုတတ်ပါ။ စင်စစ်တွင် ကျွန်မတို့ကသာ ကံ့ကော်နှင့် စိန်ပန်းတို့၏ မတူညီသည့် အလှတရားကို ခိုင်းနှိုင်းအတွေး နယ်ချဲ့နေမိတတ်ကြခြင်းလည်း ဖြစ်နိုင်ပါသည်။
သစ္စာရှိစွာ ပွင့်လန်းမြဲ
စိန်ပန်းသည် ကံ့ကော်ကဲ့သို့ မွှေးရနံ့ကြိုင်လှိုင် သင်းပျံ့ခြင်းမရှိ၊ လူတို့က ဆံကေသာထက် အမြတ်တနိုး ဂုဏ်ယူပန်ဆင်ခြင်း မခံရသော်လည်း သူ့ရာသီချိန်ခါရောက် လျှင် သစ္စာရှိစွာ ပွင့်လန်းမြဲ ဖြစ်သည်။ လောကပတ်ဝန်းကျင် ကို နှိမ့်ချစွာ အလှဆင်ရန် ကြိုးပမ်းမြဲဖြစ်သည်။ လောက ပတ်ဝန်းကျင်တွင်လည်း အချို့သောလူများသည် စိန်ပန်းနှင့် တူသည်ဟု ကျွန်မတွေးတောမိပါသည်။ လောကအတွက် မွှေးရနံ့ကို သူတို့ မပေးနိုင်ကြသော်လည်း သူ့နည်း သူ့ဟန် တော့ အလှဆင်ပေးတတ်ကြသည် မဟုတ်ပါလား။ ထိုသို့ အလှဆင်သည့်အတွက်လည်း မည်သည့် အခွင့်အရေးကို များ သူတို့တောင့်တကြသနည်း။ တောင့်တကြဟန် မတူပါချေ။
စိန်ပန်းပင်များသည် နွေဦးရာသီအစမှ မိုးဖြိုင်ဖြိုင် ရွာသည့် မိုးလရာသီအထိ ဝေဝေဆာဆာ ပွင့်သည့်အခါ တွင် တက္ကသိုလ်နယ်မြေတစ်ခုလုံး ပန်းချီကားချပ် ကြီးနှင့်ပင် တူနေပေသေးသည်။ မိုးထဲလေထဲတွင် မည်သည့်ပန်းများ ပွင့်ကြသည်ဖြစ်စေ၊ မပွင့်ကြတော့သည် ဖြစ်စေ စိန်ပန်းများကတော့ ဝေဆာမြဲ၊ ဝေဆာဆဲ၊ ပွင့်လန်းမြဲ၊ ပွင့်လန်းကြသည်သာဖြစ်သည်။ လောက သဘာဝအရလည်း ကျွန်မတို့ ပတ်ဝန်းကျင်တွင် စိန်ပန်း လိုလူများ ရှိတတ်ကြပေသည်။ လောကအတွက် မိမိတို့ ၏အကျိုးပြုမှုကို မည်သူက အသိအမှတ်ပြုကြသည် ဖြစ်စေ၊ အသိအမှတ် မပြုကြသည်ဖြစ်စေ မိမိတို့အလုပ် မိမိတို့ဆက်လုပ်ကြသည်သာ ဖြစ်သည်။
v စာမျက်နှာ ၆ မှ
အိမ်တစ်အိမ်တွင် မောင်ငယ်၊ နှမငယ်များအတွက် သားကြီးသမီးကြီးများသည် စိန်ပန်းနှင့်တူသည်ဟု ကျွန်မဆိုချင်လှသည်။ မိခင်၊ ဖခင်တို့သည်လည်း သားသမီးတို့အတွက် စိန်ပန်းနှင့်တူသည်သာ ဖြစ်ချေ သည်။ ရောင်စုံပန်းဥယျာဉ်ထဲ၌ ကံ့ကော်နှင့်တူသော မောင်ငယ်၊ နှမ ငယ်၊ သားငယ်၊ သမီးငယ်တို့ လှသွေးကြွယ် မွှေးပျံ့မလာခင်ဝယ် စိန်ပန်းတို့ကဲ့သို့ လောကအလှဆင် ပေးကြသည် မဟုတ်ပါလား။ စိန်ပန်းကို ကံ့ကော်ကဲ့သို့ မမွှေးပျံ့ရကောင်းလားဟု အပြစ်ဆိုပေက စိန်ပန်း၏ သစ္စာ၊ မေတ္တာကို စော်ကားခြင်းသာမည်ပေသည်။ ကျွန်မတို့သည် အဘယ်ကြောင့်များ မတူညီသည့် အလှ တရားများကို နှိုင်းယှဉ်ခိုင်းနှိုင်းနေဖို့ လိုမည်နည်း။ ကံ့ကော်လည်း ကံ့ကော်အလှနှင့်၊ စိန်ပန်းလည်း စိန်ပန်း အလှနှင့် ရှိကြသည်ကို သတိပြုဆင်ခြင်သင့်ချေသည်။ အရှိတရားကို လက်ခံခြင်းသည်ပင် လောကအလှတရား တစ်ပါးဟု မြင်မိချေသည်။
စိန်ပန်းတို့ထက်ပို၍ လောကအကျိုးပြု
စင်စစ်အားဖြင့် သူတစ်ပါး အသိအမှတ်ပြုမှုအတွက် လောကအကျိုးသယ်ဆောင်လိုခြင်းသည် လွန်စွာ အင်မတန် သိမ်နုတ်ညံ့ဖျင်းလှချေသည်။ လူ့လောက ပတ်ဝန်းကျင်တွင် လူအများနှင့် ပေါင်းသင်းဆက်ဆံသည့် အခါ စိန်ပန်းကဲ့သို့ ကျင့်ကြံရန်၊ အားထုတ်တတ်ရန် လိုအပ်ပေသည်။ ရာသီချိန်ခါရောက်လျှင် မပျက်မကွက် ပွင့်လန်းမြဲဖြစ်သည့် စိန်ပန်း၏သစ္စာကဲ့သို့ ခိုင်မာမြဲမြံရန် လိုအပ်ပေသည်။ အကျိုးအမြတ်တွက်၍ အလုပ်လုပ် ဆောင်ခြင်းသည် စိန်ပန်း၏ သစ္စာနှင့် သွေဖည်လှပါသည်။ စဉ်းစားတွေးခေါ်မှု မပြုနိုင်သော စိန်ပန်းတို့သည်ပင် အကျိုး တစ်စုံတစ်ရာမမျှော်လင့်ဘဲ မပျက်မကွက် လောကအလှ ဆင်နိုင်ကြပါလျှင် စဉ်းစားတွေးခေါ်မှု ပြုနိုင် သော သက်ရှိ လူသားတို့သည်လည်း စိန်ပန်းတို့ထက်ပို၍ လောကအကျိုး ပြုကြရန် သင့်ပေသည်ဟု တွေးထင်မိသည်။
မိဘတို့က သားသမီးတို့အတွက် စွန့်လွှတ်အနစ်နာခံ သည့်အခါတိုင်း မည်သည့်အကျိုးကို ပြန်လည်မျှော်လင့် သည်ဟူ၍ ကြားဖူးကြပါသနည်း။ အစ်ကိုကြီး၊ အစ်မကြီး တို့က မောင်ငယ်၊ နှမငယ်တို့အတွက် ငဲ့ညှာအနစ်နာခံပေး သည့်အခါတိုင်း ပြန်လည်အသိအမှတ်ပြုမှုကို မျှော်လင့် သည်ဟူ၍ ကြားဖူးကြပါသနည်း။ ဆရာသမားတို့က တပည့်သားမြေးများအတွက် လမ်းသစ်ဖောက်ပေးသည့် အခါများတွင်လည်း တပည့်တို့ထံမှ အကျိုးတစ်စုံတစ်ရာ မျှော်လင့်သည်ဟူ၍ မရှိတတ်ကြပါ။ ရှေးလူကြီးမိဘများ သည်လည်း နောင်လာနောက်သားတို့အတွက် တစ်စုံ တစ်ရာဆောင်ရွက်ခဲ့ကြရာတွင် မိမိတို့အကျိုးအတွက် မျှော်ကိုးလုပ်ဆောင်ခဲ့ကြသည်ဟူ၍ မရှိခဲ့ကြပါ။ စိန်ပန်း တို့ကဲ့သို့ပင် မိမိတို့ကို မွှေးကြူပါစေ၊ ပန်ဆင်ပါစေဟူ၍ မျှော်လင့်ပွင့်လန်းကြခြင်း ဟုတ်ဟန်မတူပါ။ ဤလောကတွင် စိန်ပန်းကဲ့သို့ လောကအလှဆင်သည့် ပုဂ္ဂိုလ်များ ပေါများစွာ ပေါ်ပေါက် ခဲ့သည်ဟု ဆိုနိုင်ပါသည်။
အမိရန်ကုန်တက္ကသိုလ်၌လည်း စိန်ပန်းပွင့်များကဲ့သို့ ရဲရဲနီသော သစ္စာတရားပန်ဆင်သည့် ပုဂ္ဂိုလ်များ ပေါ်ပေါက် ခဲ့ပါသည်။ မြန်မာ့ဒီမိုကရေစီသမိုင်းအစဟု ဆိုနိုင်သော မြန်မာ့ပညာရေးသမိုင်း ပြုပြင်ပြောင်းလဲမှုအစသည်ပင် မည်သည့်အကျိုးအမြတ် တစ်စုံတစ်ရာကိုမှ မမျှော်ကိုး သော ကျောင်းသားတို့၏ အားထုတ်ကြိုးပမ်းခဲ့မှုတို့ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။ မိမိတို့ဘွဲ့ရပြီးနောက်တွင် ပိုင်ဆိုင်ကြရတော့မည့် မြို့အုပ်၊ အရေးပိုင်ရာထူး ဂုဏ်ဒြပ် များကို စွန့်လွှတ်၊ ယုတ်စွအဆုံး မိဘဆွေမျိုးတို့ထံမှ အမွေ ဆက်ခံခွင့်တို့ကိုပင် စွန့်လွှတ်ခဲ့ကြသော ကျောင်းသားထု သည် မြန်မာ့ပညာရေးသမိုင်းတွင် အက်ဥပဒေကို ပြင်ဆင်ရန်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြပါသည်။ ထိုသို့ ခေတ်အဆက်ဆက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြသော၊ တိုက်ပွဲဝင်ခဲ့ကြသော ကျောင်းသားထု၏ သွေးသစ္စာ ကို ကိုယ်စားပြု၍လည်း စိန်ပန်းနီတို့က ရဲရဲတောက် သင်္ကေတ ပြု ပွင့်လန်းနေကြသည့်အလား ထင်မှတ်ရပါသည်။
လောကအလှဆင်
စိန်ပန်း၏ သဘောသဘာဝသည် တည်တံ့ခိုင်မြဲသည်။ စိန်ပန်းပွင့်များသည် လေနတ်မင်းက ဝေ့ဝဲကျီစယ်လိုက်၊ မိုးနတ်မင်းက ထစ်ချုန်းရွာသွန်းလိုက်သည်နှင့် မြေမှာ ကြဲပြန့်ရသည်။ သို့ရာတွင် စိန်ပန်းတို့သည် ပင်ပျို၊ ပင်အို တို့ထက်တွင် ပွင့်လန်းနေသည့်အခါတွင်လည်း အစွမ်းကုန် ပွင့်လန်း၍ သြကာသဝန်းကျင်ကို အလှဆင်ပေးသကဲ့သို့ မြေမှာကြဲပြန့်ရသည့်အခါတွင်လည်း တစ်မျိုးတစ်ဖုံ အလှ ဆင်ပေးနေသည်သာဖြစ်သည်။ ရနံ့ကင်း၍ ကောက်ယူ မွှေးကြူမည့်သူ၊ ပန်ဆင်မည့်သူ မရှိသော်လည်း ပွင့်မြဲပွင့်၊ ကြွေမြဲကြွေ၍ အလှဆင်ပေးတတ်ပါသည်။ ထို့ပြင် စိန်ပန်း ပွင့်များက အလှအပသက်သက် ပွင့်ရုံသာမကဘဲ အသုံးပြု တတ်မည်ဆိုပါက ကျန်းမာရေးအတွက်ပင် အကျိုးပြုတတ် သည်ကို လူသိနည်းလှပါသည်။ သို့ရာတွင် လူသိသည် ဖြစ်စေ၊ မသိသည်ဖြစ်စေ စိန်ပန်းများက မိမိတို့အစွမ်းရှိသမျှ လောကအလှဆင် အကျိုးပြုလျက်ပင် ဖြစ်သည်။
စိန်ပန်းလိုကျင့် စိန်ပန်းလိုကြံကြပါဟူသည်မှာ အပြောလွယ်သလောက် အလုပ်ခက်ပေသည်။ လူတစ်ဦးနှင့် တစ်ဦး အပြန်အလှန် အကျိုးမျှော်ကိုးခြင်းမရှိ သစ္စာ၊ မေတ္တာ ထားနိုင်ကြလျှင် အလွန်ပင်ကြည်နူးချမ်းမြေ့စရာ ကောင်းလှပေမည်။ သို့သော် ထိုအရာသည် အပြောလွယ် သလောက် အလုပ်ခက်လှပေသည်။ ထိုသို့ တစ်ဦးနှင့်တစ်ဦး အတုံ့အလှည့် အကျိုးမျှော်ကိုးခြင်း မရှိသည့်သဘောသည် စိန်ပန်းက ဆံကေသာထက် ပန်ဆင်ခြင်း မခံရသော်လည်း ပွင့်လန်းဝေဆာမြဲသဘောနှင့် တူချေပေလိမ့်မည်။
လူတို့၏မနောမှာ မိမိတို့၏လုပ်ဆောင်ချက်များ အတွက် အသိအမှတ်ပြုခံချင်တတ်သည့် သဘော သဘာဝ ရှိတတ်ကြသည်မှာ မှန်သော်လည်း လောကတွင် ပန်းတစ် မျိုးနှင့်တစ်မျိုးပင် ပွင့်လန်းဝေဆာ သည့် သဘောသဘာဝချင်း မတူကြပါ။ ကံ့ကော်များက တပို့တွဲလမှ တန်ခူးလအထိ ပွင့်လန်းပြီး ရနံ့မွှေးကြိုင် သည်။ စိန်ပန်းများက နွေဦးအစမှ မိုးလရာသီအထိ ကာလရှည်ကြာ ပွင့်လန်းသော်လည်း ရနံ့မရှိ။ မိမိ၏ အရောင်အသွေးဖြင့်သာ ဝန်းကျင်လောက၏ အလှ တန်ဆာဆင်ရသည်။ စိန်ပန်းကို ကံ့ကော်ကဲ့သို့ ရနံ့ မသင်းထုံရကောင်းလားဟု အပြစ်မဆိုသာ။ စိန်ပန်းပွင့် တို့က ကောက်ယူပန်ဆင်ခြင်း မခံရသောကြောင့် မပွင့်လန်းတော့ပါဟူ၍ မရှိပါ။ စိန်ပန်းကဲ့သို့ စိတ်သဘောမျိုး ထားတတ်ကြရန် လိုအပ်လှပေသည်။
ရဲရဲနီသော သစ္စာတရား
အမိရန်ကုန်တက္ကသိုလ်၏ ပညာရိပ်ဝယ် ခိုလှုံ လာကြသည့် ကျောင်းသားမောင်မယ်များကိုလည်း ဘဝခရီးကို လျှောက်လှမ်းကြသည့်အခါတွင် ကံ့ကော် ကဲ့သို့ မွှေးပျံ့သင်းထုံစေချင်ပါသည်။ အထူးသဖြင့် စိန်ပန်းကဲ့ သို့ ရာသီသဘာဝကို ကြံ့ကြံ့ခံရင်ဆိုင်သကဲ့သို့ လောကဓံ ကို ကြံ့ကြံ့ခံပြီး လောကအလှဆင်စေချင်ပါသည်။ ကံ့ကော်တို့ကဲ့သို့ မွှေးရနံ့ကြောင့် လူတို့သတိပြုမိပြီး ချီးကျူးမြှောက်စားခံရသည့်အခါတွင် လောကဓံကို မမေ့မလျော့ သတိချပ်စေလိုပါသည်။ စိန်ပန်းကဲ့သို့ အမြတ်တနိုး ချီးမြှောက်ခြင်း မခံရသည့်အခါတွင်လည်း အလုပ်မပျက်၊ အပြုံးမပျက် ရင်ဆိုင်ကြစေလိုပါသည်။ စိန်ပန်း၏ ရဲရဲနီသော သစ္စာတရားကို မမေ့မလျော့ နှလုံးသွင်းစေလိုပါသည်။
အမှန်စင်စစ်တွင် စိန်ပန်းပင်များပွင့်ချိန်ဝယ် မွှေးပျံ့ ဝေဆာလာသည့် ကံ့ကော်ပန်းများနှင့် အလှဆင်ထားသော ရန်ကုန်တက္ကသိုလ်သည် ရှုမငြီးသည့် သက်ရှိပန်းချီကား ချပ်ကြီးသဖွယ်သာ ဖြစ်သည်။ စိန်ပန်းတို့နှင့် ကံ့ကော် ပင်တို့ရှိရာ အဓိပတိလမ်းမထက်တွင် လျှောက်လှမ်းကြ ရမည့် ကျောင်းသားတို့၏ မြကျွန်းညိုဘဝအိပ်မက်များ ရှင်သန်ရာ အမိရန်ကုန်တက္ကသိုလ်၏ ကြည်နူးချမ်းမြေ့ ဖွယ် ကကွက်များသည် ရန်ကုန်တက္ကသိုလ်ရှုမျှော်ခင်း တွင် ဆက်လက်ကခုန်နေကြမည်ကို ရှုမျှော်အားပေးရပေ ဦးမည်။ မွှေးရနံ့သင်းပျံ့သော ကံ့ကော်ကဲ့သို့ မျိုးဆက် သစ်များ မွေးထုတ်ပေးနေသကဲ့သို့ စိန်ပန်းကဲ့သို့ ကျရာ နေရာတွင် လောကအလှဆင်မည့် သားကောင်းမောင်မယ် များကို ဆက်လက်မွေးထုတ်ပေးမည့် အမိရန်ကုန် တက္ကသိုလ်၏ ရာပြည့်သဘင်ကို စောင့်မျှော်အားပေး ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။ ။
- Log in to post comments