
ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် သည် စတုဂတ်အိုးပင်းတင်းနစ် ပြိုင်ပွဲတွင် ဘယ်လာရုစ် တင်းနစ် မယ် ဆာဘယ် လင်ကာကို အနိုင် ရရှိပြီး လေးကြိမ်ဆက် ဖလား ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တင်းနစ်မယ်သည် ယခု ဖလားမဆွတ်ခူးမီ ဒိုဟာဖလား၊ အင်ဒီးယန်းဝဲလ်ဖလားနှင့် မီယာမီ ဖလားတို့ကို ဆွတ်ခူးထားသည်။
ကမ္ဘာ့နံပါတ်တစ် ပိုလန် တင်းနစ်မယ် ဆွီယာတက်ခ်သည် ပြိုင်ဘက် ဆာဘယ်လင်ကာကို ၆-၂၊ ၆-၂ ဖြင့် အနိုင်ရရှိကာ ဖလား ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်လုပွဲတွင် ဆာဘယ်လင်ကာ ကို ၁ နာရီနှင့် ၂၅ မိနစ်ကြာ ယှဉ်ပြိုင်ကစားခဲ့ရသော ဆွီယာ တက်ခ်သည် လာမည့်လတွင် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ဆွီယာတက်ခ်သည် စတုဂတ် အိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီမီး ဖိုင်နယ်တွင် ရုရှားတင်းနစ်မယ် ဆမ်ဆွန်နိုဗာကို ၆-၇ (၄-၇)၊ ၆-၄၊ ၇-၅ ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲ သို့ တက်လှမ်းလာနိုင်ခဲ့သည်။ ပြိုင်ဘက် ဆာဘယ်လင်ကာက ဆီမီးဖိုင်နယ်အဆင့်တွင် စပိန် တင်းနစ်မယ် ဘာဒိုဆာကို ၇-၆ (၇-၅)၊ ၆-၄ ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာနိုင် ခြင်း ဖြစ်သည်။
အောင်ဇော်