လုပ်ကြံသတင်းကပ်ဘေးကို ကြံ့ကြံ့ခံ ခုခံကြပါစို့

Type
၁

ဆောင်းပါး

=======

 

လုပ်ကြံသတင်းကပ်ဘေးကို ကြံ့ကြံ့ခံ ခုခံကြပါစို့

===========================

 

ဒေါက်တာဇင်မာကျော် (သတင်းအတတ်ပညာ)

 

နှစ်စဉ် အောက်တိုဘာလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် သတင်းအချက်အလက် ဆိုင်ရာ သိနားလည်မှုရက်သတ္တပတ်အဖြစ် ယူနက်စကိုက ဦးစီးဦးဆောင်ပြု၍ ၂၀၁၂ ခုနှစ်မှစတင်ကာ ကမ္ဘာနှင့် အဝှမ်း အထိမ်းအမှတ်အခမ်းအနားများ ကျင်းပခဲ့သည်။ နှစ်စဉ် Global Media and Information Literacy (MIL) Week အထိမ်းအမှတ် “သတင်းစကား” ကို ပြည်သူများထံ ဖြန့်ဝေပေးလျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်အတွက် သတင်း စကားမှာ “လူတိုင်းအတွက် တစ်ဦးချင်းစီက မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုဖြင့် လုပ်ကြံ သတင်းကပ်ဘေးကို ကြံ့ကြံ့ခံ ခုခံကြပါစို့” ဖြစ်သည်။

 

အခြေခံလူ့အခွင့်အရေး

 

နိုင်ငံအားလုံးနှင့် နိုင်ငံတကာအဖွဲ့အစည်းများက လုပ်ကြံသတင်းများ၏ခြိမ်းခြောက်မှုများကို သတိပြု လာကြရသည်။ ကမ္ဘာကြီးသည် ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းနှင့် ဆက်နွှယ်သည့် နောက်ထပ်လှိုင်း တစ်ခုဖြစ်သည့် လုပ်ကြံသတင်းကပ်ဘေးကိုလည်း ရင်ဆိုင်နေရသည်။ လုပ်ကြံသတင်းများသည် ပြည်သူ့ ကျန်းမာရေးအတွက် စိန်ခေါ်မှုများကို မီးလောင်ရာ လေပင့်သလို ဖြစ်နေသည့်အပြင် ယင်းကိုထပ်မံအား ကောင်းစေသည့်အချက်များမှာ ကျား၊မ ရေးရာ ဘက်လိုက်မှု၊ မညီမျှမှုများနှင့် လူမှုစီးပွားကဏ္ဍများကို ပုံစံမျိုးစုံဖြင့် ဆက်နွှယ်နေသည့် အကဲစမ်းမှုများပင် ဖြစ်သည်။ လုပ်ကြံသတင်းများသည် လူမှုဘဝများနှင့် နိုင်ငံ့အရေးကို တစ်ဖက်စွန်းရောက်စေရန် အားဖြည့်ကြ သကဲ့သို့ လူမျိုးရေးဆန့်ကျင်မှုအခြေခံစိတ် ဖြစ်ပေါ် အောင်လည်း ပံ့ပိုးပေးနေကြပြီး ကိုဗစ်-၁၉ ကဲ့သို့သော အကျပ်အတည်းများကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တုံ့ပြန်နေမှုများကိုလည်း ရှုပ်ထွေးစေမှုများ ဖြစ်ပေါ်စေ ပါသည်။ လုပ်ကြံသတင်းများသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်သို့ ရောက်ရှိရေးနှင့် အခြေခံလူ့အခွင့်အရေး ဖြစ်သည့် သတင်းအချက်အလက်နှင့် သိမြင်ဗဟုသုတရှိမှု တစ်စုံကို ခြိမ်းခြောက်လျက်ရှိနေပေသည်။

 

မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာသိနားလည်ခြင်းသည် အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ကူညီပေးနိုင်သည်။ MIL သည် သတင်းအချက်အလက် လက်ခံရယူသည့်သူတိုင်းကို လုပ်ကိုင်ခွင့်ရှိရန် ဆောင်ရွက် ပေးသည်။ MIL၏ အရေးပါသည့် တတ်ကျွမ်းမှုတစ်ခုမှာ ပြည်သူများက သတင်းအချက်အလက်နှင့် လုပ်ကြံသတင်း ကွဲပြားခြားနားမှု၊ ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ် များနှင့် ထင်မြင်ယူဆချက်ပေးခြင်းများကို မည်သည့် နေရာမှ မည်ကဲ့သို့ရှာရမည်ဆိုသည်ကို သိကြပြီး အတည် မပြုနိုင်သည့်အကြောင်းအရာများကို ဖြန့်ဝေခြင်း မလုပ် ကြဖို့ ဘာကြောင့်အရေးကြီးသနည်းဆိုသည်များကို သိနားလည်ကြခြင်း ဖြစ်သည်။

 

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကို ရှုမြင်ရာတွင် အထူးသဖြင့် ယင်းသည် သေရေးရှင်ရေး ပြဿနာရပ် တစ်ခု ဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားကြည့်လျှင် MIL သည် ပြည်သူများက သတင်းအချက်အလက်၊ ဆက်သွယ် ဆက်ဆံရေးနှင့် နည်းပညာများတွင် သူတို့၏တတ်ကျွမ်း မှုကို တိုးတက်အောင်လုပ်ဆောင်ခြင်းဖြင့် စဉ်ဆက် မပြတ်ဖွံဖြိုးရေးနှင့် အုပ်ချုပ်မှုအလေ့အထများတွင် ပါဝင်မှုကို မြှင့်တင်ပေးသည်။ MIL ဖွံ့ဖြိုးလာခြင်းသည် လုပ်ကြံသတင်းများတိုက်ဖျက်ရေးအတွက် ရေရှည်နှင့် စနစ်ကျသော တုံ့ပြန်မှုမူဝါဒများ ပေါ်ထွန်းလာစေသည်။ ယင်းတွင် ယူနက်စကို၏ “အနာဂတ်ပညာရေး” အတွက် ဆောင်ရွက်ချက်များအပေါ် တုံ့ပြန်ခြင်းနည်းလမ်းများ ထင်ဟပ်နေသည့် ပြည်သူ့ရေးရာမူဝါဒများကို နိုင်ငံတော်နှင့် အဖွဲ့အစည်းဆိုင်ရာ အဆင့်ဆင့်တို့ထံမှ တောင်းခံထားပါသည်။ MIL သည် ပေါင်းစပ်ထားသည့် ကမ္ဘာကြီးတွင် ပညာရေးအတွက်မည်ကဲ့သို့ ပြန်လည် စဉ်းစားနိုင်ကြမလဲဆိုသည့် မရှိမဖြစ်အစိတ်အပိုင်းတစ်ခု ကိုလည်း ပံ့ပိုးပေးထားပါသည်။ MIL သည် ပညာရေးမူဝါဒနှင့် ပညာရေးအလေ့အထ နှစ်ခုလုံးတွင် လုပ်ကြံသတင်းများ တိုက်ဖျက်ရေး အသိအမြင်အတွက် မျှော်မှန်းချက်အသစ်နှင့် နည်းဗျူဟာအသစ်များကို အစိတ်အပိုင်းတစ်ခုအဖြစ် ဖွဲ့စည်းပေးထားသည်။

 

အချက်အလက် သိုလှောင်ထားမှုများ

 

ဒစ်ဂျစ်တယ်ခေတ်တွင် MIL သည် မဖြစ်မနေသိရှိရန် အလွန်အရေးပါသည့်အရာ ဖြစ်လာပါသည်။ နည်းပညာ ထွန်းကားလာခြင်း၊ အချက်အလက်အများအပြား ဖော်ပြ သည့် လုပ်ငန်းပုံစံများ ပေါ်ထွက်လာခြင်း၊ မီဒီယာဖွံ့ဖြိုး လာခြင်းနှင့် သတင်းအချက်အလက် အဆမတန်များပြား လာခြင်းများသည် ထုတ်လုပ်မှုနှင့် သတင်းအချက်အလက် အသုံးပြုခြင်းနှင့် မီဒီယာဖော်ပြချက်များအကြား ဆက်နွှယ် နေသည့် ရပ်တည်ချက်ကိုပြောင်းလဲစေခဲ့သည်။ နည်းပညာ သစ်များသည် လူတိုင်းအတွက် “အသံ” ဆိုသည့် အခွင့် အလမ်းတစ်ခုကို ဖော်ထုတ်ပေးခဲ့သည်။ တစ်ချိန်တည်း မှာပင် ၎င်းတို့သည် လုပ်ကြံသတင်းများကို ပုံကြီးချဲ့ခြင်း များ ဆောင်ရွက်ကြသကဲ့သို့ အချက်အလက် သိုလှောင် ထားမှုများနှင့် ကိုယ်ရေးကိုယ်တာကိစ္စရပ်များကို အလွဲ သုံးစားပြုခြင်း၊ လူမှုအသိုက်အဝန်းများအား တစ်ဖက်စွန်း ရောက်အောင် လှည့်စားခြင်းများတွင် လူတွေကိုပါဝင်စေခဲ့ ကြပြန်သည်။

 

MILသည် လူငယ်လူရွယ်များကို နိုင်ငံ့အရေးနှင့် လူမှု ရေးဆိုင်ရာ အကြောင်းအရာများအတွက် ရပ်တည် အရေးဆိုခြင်းများကို ဆိုရှယ်မီဒီယာနှင့်နည်းပညာအသစ် များအသုံးပြု၍ လုပ်ကိုင်ပေးလိုသည့် စိတ်နေစိတ်ထားဆီသို့ အမှန်တကယ်ရောက်ရှိအောင် လှုံ့ဆော်ပေးသည်သာမက မီဒီယာ၊ နည်းပညာဆိုင်ရာလုပ်ငန်းများနှင့် နိုင်ငံတကာ ဖွံ့ဖြိုးရေးလုပ်ငန်းအသိုက်အဝန်းများသည် လုပ်ကြံသတင်း များကို တုံ့ပြန်ဖော်ထုတ်မှုများ ဆောင်ရွက်ပေးနိုင်ကြောင်း သိရှိလာစေသည်။

 

စတင်ပံ့ပိုးပေးလာ

 

သိသာထင်ရှားသည့် အချက်တစ်ခုမှာ MILတွင် stakeholder အသစ်များ ပေါ်ထွက်လာသလို အစဉ်အဆက် ပါဝင်ခဲ့သည့် ကဏ္ဍများသည်လည်း စုစည်းပေါင်းစပ်ပါဝင် လာကြခြင်းဖြစ်သည်။ နည်းပညာဆိုင်ရာ ကြားခံကုမ္ပဏီများ နှင့် မီဒီယာစည်းမျဉ်းစည်းကမ်း ရေးဆွဲသူများသည် အစဉ်အလာအတိုင်းပါဝင်လျက်ရှိသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပညာရေးအဖွဲ့အစည်းများ၊ စာကြည့်တိုက် များနှင့် အတူတကွပူးပေါင်းကာ MIL ဖွံ့ဖြိုးရေးအတွက် စတင်ပံ့ပိုးပေးလာကြသည်။

 

တိုးတက်မှုအနေဖြင့် ပြည်သူအားလုံးသည် တစ်ဦး ချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ သို့မဟုတ် အဖွဲ့အစည်း အလိုက်ဖြစ်စေ သတင်းအချက်အလက်၊ မီဒီယာနှင့် နည်းပညာဆိုင်ရာ ဆက်စပ်မှုများ၏ ရောယှက်မှု အစိတ် အပိုင်းအဖြစ် သတင်းစကားများ၊ တန်ဖိုးများနှင့် ဖြစ်နိုင်ခြေ ရှိသည့်အရာများကို ဖန်တီးကြဖို့ဖြစ်ပါသည်။ ပြည်သူများအား ပေါင်းစပ်ဖွဲ့စည်းမှု စွမ်းပကားများဖြင့် ဒစ်ဂျစ်တယ် ဆိုင်ရာ အဖြေရှာသည့် နည်းလမ်းများကို တက်ကြွစွာ ဖန်တီးသူများ ဖြစ်လာစေခြင်းက လူတိုင်းအတွက် လုပ်ကြံသတင်းများကို ကိုင်တွယ်နိုင်ပြီး အားလုံးပါဝင်နိုင်မည့် အခြေအနေတစ်ခုဆီသို့ လှမ်းတက်နိုင်စေလိမ့်မည်။

 

လူတိုင်းက လုပ်ကြံသတင်းများကို ရှာဖွေဖော်ထုတ် ရန်နှင့် အားလုံး၏အကျိုးစီးပွားမျှဝေထားခြင်းကို အသိ အမှတ်ပြုခြင်းဖြင့် ၎င်းတို့၏တတ်ကျွမ်းမှုကို တိုးတက် အောင် ဆောင်ရွက်ရာတွင် ယနေ့ခေတ်ဆက်သွယ်ရေး၊ နည်းပညာနှင့် သတင်းအချက်အလက် အခင်းအကျင်း၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများကို ထိတွေ့ဆောင်ရွက် ကြရန် တိုက်တွန်းထားပါသည်။

 

လုပ်ကိုင်ခွင့်များ ပေးအပ်နိုင်

 

MIL သည် ပညာရေးဖြင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားများအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ဆီသို့ လှမ်းတက်နိုင်ရန် ကူညီပေးနိုင်ပါသည်။ လူ့အဖွဲ့ အစည်းတွင် ဆင်ခြင်ဝေဖန်သုံးသပ်တတ်သည့် နိုင်ငံ့ သားကောင်းများအဖြစ် လုပ်ကိုင်ဆောင်ရွက်သည့် အလေ့အထကို ကျင့်သုံးသည့်သူများဖြစ်ကြစေရန် အသိပညာ၊ စွမ်းရည်၊ တန်ဖိုးများဖြင့် ဖြည့်ဆည်းထား သည်။ ထိုတတ်ကျွမ်းမှုများသည် မီဒီယာဖွံ့ဖြိုးရေး၊ သတင်းအချက်အလက်ရယူခြင်းနှင့် အားလုံးအတွက် အသိပညာနှင့် လွတ်လပ်စွာ ထုတ်ဖော်ခြင်းတို့တွင် ပါဝင်နိုင်ရန်အတွက် လုပ်ကိုင်ခွင့်များ ပေးအပ်နိုင်သည်။ ယင်းအချက်အားလုံးသည် လုပ်ကြံသတင်းများကို တိုက်ဖျက်သည့်တိုက်ပွဲကို မည်ကဲ့သို့ အနိုင်တိုက်နိုင်မလဲ ဆိုသည့် အချက်များပင် ဖြစ်သည်။

 

စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်-၁၆ ၏ ဦးတည် ချက် (၁၀) ဖြစ်သည့် “ပြည်သူများအတွက် သတင်း အချက်အလက်ရပိုင်ခွင့်နှင့် အခြေခံလွတ်လပ်ခွင့်” သည် ဒီမိုကရေစီကျသော၊ ငြိမ်းချမ်းသော၊ အားလုံးပါဝင်နိုင်ပြီး တရားမျှတသော လူ့အဖွဲ့အစည်းများတည်ဆောက်ရာတွင်ပါဝင်ရန် ရည်ရွယ်သောကြောင့် MILနှင့် တိုက်ရိုက် ဆက်စပ်ပါသည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကိုမြှင့်တင်ရန် သင်ယူသူအားလုံး အသိပညာဗဟုသုတရှိရန် လိုအပ်မည် ဖြစ်သလို သတင်းအချက်အလက်နှင့် နည်းပညာ စွမ်းရည်ပါရရှိရန် သေချာစေရမည်ဆိုသည့် ပန်းတိုင်-၄ ၏ ဦးတည်ချက် (၄ ဒသမ ၇) ကိုလည်း MIL က ဖြည့်ဆည်း ပေးနိုင်ပါသည်။ ယင်းအချက်များသည် ကိုဗစ်-၁၉ ကပ်ရောဂါဘေးနှင့် ၎င်း၏ ဆိုးရွားသော သက်ရောက်မှု များဖြစ်သည့် လက်ရှိသတင်းအချက်အလက် ဖရိုဖရဲ ဖြစ်မှုကပ်ဘေးကို ပုံဖော်နေသည့် လုပ်ကြံသတင်းများကို အတိုင်းအတာတစ်ခုအထိ နှိမ်နင်းပေးနိုင်သည့် မောင်းနှင် အားတစ်ခု ဖြစ်ပါသည်။

 

အချုပ်ဆိုရသော် Global MIL Week 2020 သတင်း စကားသည် လုပ်ကြံသတင်းကပ်ဘေးကို stakeholders အားလုံးက သတင်းအချက်အလက်စီးဆင်းမှု အားကောင်းစေရန်၊ လုပ်ကြံသတင်းများ ဖော်ထုတ်မည့် အတွေးအခေါ်နှင့် စည်းလုံးပြီးပေါင်းစည်းညီညွတ်ကာ ရပိုင်ခွင့်များကိုလေးစားတန်ဖိုးထားသည့် လူ့အဖွဲ့အစည်း ကို တည်ဆောက်ပြီး ကြံ့ကြံ့ခံခုခံရန် လိုအပ်သည့် အသိပညာကို MIL ဖြင့် ပံ့ပိုးပေးနိုင်ကြောင်း အထူး မီးမောင်းထိုးပြထားပါသည်။ သို့ပါသောကြောင့် MIL အသိအမြင်ဖြင့် လုပ်ကြံသတင်းကပ်ဘေးအား ပြည်သူ တစ်ဦးချင်းမှသည် ပြည်သူအားလုံး ကြံ့ကြံ့ခံ ခုခံကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။