
နေပြည်တော် ဧပြီ ၂၇
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှုများတွင် အဂတိ လိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်း နှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး ခဲ့သည်။
စစ်ဆေးတွေ့ရှိချက်အရ ရာထူးတာဝန်ကို အလွဲသုံးစားပြုကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဟောင်းထံမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ထောက်ခံပေးရန်နှင့် ကာကွယ်စောင့်ရှောက်ပေးရန် ရည်ရွယ်ပေးအပ်သော အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀(ခြောက်သိန်း)နှင့် အကယ်ဒမီအခေါက်ရွှေ ခုနစ်ပိဿာတို့ကို ၎င်း၏နေအိမ်တွင် သုံးကြိမ်ခွဲပြီး လက်ခံရယူခဲ့ခြင်းကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ ၂၀၂၁ ခုနှစ် ဇူလိုင် ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၂/၂၀၂၁ ဖြင့် မန္တလေးတိုင်းဒေသကြီး သီးသန့်တရားရုံး (နေပြည်တော်)တွင် ရုံးထိုင်စစ်ဆေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ယနေ့ရက်စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ ပြစ်မှုထင်ရှားစီရင်ပြီး ထောင်ဒဏ်ငါးနှစ် ကျခံ စေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်