မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း တောင်ကိုရီးယား လူငယ်လက်ရွေးစင်အသင်း၊ တောင်ကိုရီးယားအမျိုးသမီး ကလပ်အသင်းတို့နှင့် ခြေစမ်းပွဲများကစားမည်

 

ရန်ကုန်   ဧပြီ  ၂၇


တောင်ကိုရီးယားနိုင်ငံ၌    လေ့ကျင့်နေသည့်    မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည်    တောင်ကိုရီးယားလူငယ်လက် ရွေးစင်အသင်း၊   တောင်ကိုရီးယား   အမျိုးသမီးကလပ်အသင်းတို့နှင့် ခြေစမ်းပွဲများ ကစားသွားမည်ဖြစ်သည်။

 


ဆီးဂိမ်းပြိုင်ပွဲအကြိုပြင်ဆင်မှု


မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ်    တောင်ကိုရီးယားနိုင်ငံ၌    နှစ်ပတ်ဝန်းကျင် လေ့ကျင့်နေပြီး   ဧပြီ ၂၉ ရက်မှ မေ ၃ ရက်အတွင်း  ခြေစမ်းပွဲသုံးပွဲ ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ခြေစမ်းပွဲများအဖြစ် ဧပြီ ၂၉ ရက်တွင်   တောင်ကိုရီးယား  ယူ-၂၀  လက်ရွေးစင်အသင်း၊ မေ ၁ ရက်တွင် Seoul City အမျိုးသမီးကလပ်အသင်း၊ မေ ၃ ရက်တွင် တောင်ကိုရီးယား ယူ-၂၀ လူငယ်လက်ရွေးစင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ်  တောင်ကိုရီးယားနိုင်ငံ၌  လေ့ကျင့်ရန် ဧပြီ ၂၄ ရက်က  ထွက်ခွာခဲ့ပြီး ဧပြီ ၂၅ ရက်တွင်  စတင်လေ့ကျင့်နေပြီ ဖြစ်သည်။

 


တောင်ကိုရီးယားနိုင်ငံ၌ လေကျင့်မည်


မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ- ဒေါ်မြတ် မြတ်ဦး၊   နည်းပြချုပ် -ဦးတင်မြင့်အောင်၊   လက်ထောက်နည်းပြ-ဦးခင်မောင်ထွေး၊ ဦးဘိုဘိုအောင်၊ ဒေါ်သူဇာထွေး၊ ဂိုးနည်းပြ-ဦးယဉ် မင်းအောင်၊ ဂိုးသမား- မေဇင်နွယ်၊ ဇူးလတ်နဒီ၊ မျိုးမြမြငြိမ်း၊ နောက်တန်း- ခင်သန်းဝေ၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ အေးအေးမိုး၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ အလယ်တန်း- ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ ခင်မိုးဝေ၊ နော်ထက်ထက်ဝေ၊ ခိုင်သဇင်၊ လင်းမြင့် မိုရ်၊ ပုံ့ပုံ့ပြည့်မောင်၊ ရှေ့တန်း-စန်းသော်သော်၊ မြတ်နိုးခင်၊ ဂျူလိုင်ကျော်၊ ဝင်းသိင်္ဂီထွန်းတို့ ပါဝင်သည်။  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယင်းခရီးစဉ် အတွက် ကစားသမား ၂၂ ဦး ရွေးချယ်ထားသော်လည်း အိန္ဒိယကလပ် ဂိုကူလမ်အသင်းတွင် ကစားနေသည့် ဝင်းသိင်္ဂီထွန်းမှာမူ ဆီးဂိမ်းပြိုင်ပွဲမှသာ အသင်းနှင့် ပူးပေါင်းနိုင်မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် မေလ ပထမပတ်အထိ တောင်ကိုရီးယားနိုင်ငံ၌ လေကျင့်မည်ဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့်  ဗီယက်နမ်နိုင်ငံသို့ တိုက်ရိုက်သွားရောက် မည်ဖြစ်သည်။                      

  ရဲရင့်လွင်