အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းအပေါ် အမိန့်ချမှတ်

 

နေပြည်တော်    ဧပြီ      ၂၈


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းအပေါ် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

 


စစ်ဆေးတွေ့ရှိချက်များအရ        ဦးနိုင်ငံလင်း သည်    ရန်ကုန်တိုင်းဒေသကြီး      အစိုးရအဖွဲ့၏ ဘတ်ဂျက်ဖြင့် တည်ဆောက်သည့် ပညာရေးဆိုင်ရာ အဆောက်အဦများ       ဆောက်လုပ်ရေး    တင်ဒါ ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်တွင် သင်္ဃန်းကျွန်း ပညာရေးကောလိပ်နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်တို့တွင်        အဆောက်အဦ ဆောက်လုပ်ခွင့်ရရှိသည့်   ကုမ္ပဏီ ပိုင်ရှင်  တစ်ဦးထံမှ ငွေကျပ်သိန်း ၁၈၀ နှင့် တံစိုး လက်ဆောင်များ အပါအဝင် အခြားကုမ္ပဏီပိုင်ရှင် သုံးဦးနှင့်    ကုမ္ပဏီတစ်ခုတို့ထံမှ     ငွေကြေးတံစိုး လက်ဆောင်များကို လက်ခံရယူခဲ့ခြင်းတို့ကြောင့် ဝန်ကြီးဟောင်း    ဦးနိုင်ငံလင်းအပေါ်     အဂတိ လိုက်စားမှု  တိုက်ဖျက်ရေးဥပဒေ  ပုဒ်မ  ၅၅  အရ ရန်ကုန်တိုင်းဒေသကြီး       တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ်   ဇူလိုင် ၁၂ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှု အမှတ် ၂၆/၂၀၂၁ မှ ၃၀/၂၀၂၁ အထိ အမှု  ၅ မှုဖြင့် လက်ခံစစ်ဆေးခဲ့သည်။

 


ရန်ကုန်တိုင်းဒေသကြီး     တရားလွှတ်တော်က  ယနေ့      ရက်စွဲဖြင့်     လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ  ၅၅  အရ  အမှု  ၅  မှုအတွက်  ပြစ်မှု ထင်ရှားစီရင်ပြီး တစ်မှုလျှင် ၃ နှစ်စီဖြင့် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်