ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ နေပြည်တော် ဇမ္ဗူသီရိမဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကြိုတင်ဆန္ဒမဲပေး

ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ နေပြည်တော် ဇမ္ဗူသီရိမဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကြိုတင်ဆန္ဒမဲပေး

========================================================

 

နေပြည်တော် နိုဝင်ဘာ ၂

 

ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများသည် ယနေ့နံနက်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော် ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် ကြမည့် လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကြိုတင် ဆန္ဒမဲများ ပေးကြသည်။

 

ကြိုတင်ဆန္ဒမဲပေးရန် လက်မှတ်ရေးထိုး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ဇနီး ဒေါ်လှလှမူတို့သည် နံနက် ၉ နာရီခွဲတွင် လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်ဇနီး ဒေါက်တာ နန်းခမ်းမိုင်တို့သည် မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ဇနီး ဒေါ်စိုးစိုးကို တို့သည် နံနက် ၁၀ နာရီခွဲတွင်လည်းကောင်း၊ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး နှင့် ဦးသာဦးတို့သည် နံနက် ၁၁ နာရီခွဲတွင်လည်းကောင်း နေပြည်တော် မြို့မဈေးဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးရန် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေး ထိုးကြသည်။

ထို့နောက် ဆန္ဒမဲလက်မှတ်များ၌ လျှို့ဝှက်ဆန္ဒမဲပေး ကြပြီး ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်များ ထည့်သွင်းကြသည်။

ထို့ပြင် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အသက် ၆၀ နှစ်နှင့် အထက်ရှိသူများ၊ ရွေးကောက်ပွဲတာဝန် ထမ်းဆောင်ရန် အတွက် ကြိုတင်ဆန္ဒမဲပေးရန် အမှန်တကယ်လိုအပ်သူ များသည် ယနေ့တွင် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက် များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးရန် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးကြကာ ဆန္ဒမဲလက်မှတ်များ၌ လျှို့ဝှက် ဆန္ဒမဲပေးကြပြီး ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်များ ထည့်သွင်းကြသည်။

မဲရုံသုံးရုံရှိ

 

နေပြည်တော် မြို့မဈေးဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပေးရန် မဲရုံသုံးရုံရှိပြီး မဲရုံ အမှတ်(၁)တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ ၂၁၃၇ ဦး၊ အသက် ၆၀ နှစ်နှင့်အထက်ရှိသူ ၂၉၆ ဦး၊ မဲရုံအမှတ် (၂)တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ ၂၂၂၅ ဦး၊ အသက် ၆၀ နှစ် နှင့်အထက်ရှိသူ ၁၄၂ ဦး၊ မဲရုံအမှတ်(၃)တွင် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူ ၂၁၃၄ ဦး၊ အသက် ၆၀ နှစ်နှင့် အထက်ရှိသူ ၄၈ ဦးရှိကြောင်း သိရသည်။

ထို့အတူ ဒက္ခိဏခရိုင်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ် တို့အတွင်းရှိ မဲရုံများ၌လည်း ယနေ့တွင် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူများလည်း လာရောက်၍ ဆန္ဒမဲပေးကြကြောင်းနှင့် လက်ရှိစာရင်းများအရ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏခရိုင်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု စုစုပေါင်း ၁၄ အုပ်စု၊ မဲရုံ ၄၅ ရုံ၊ မဲပေးခွင့်ရှိသူ ၈၉၈၁၆ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်စု စုစုပေါင်း ၁၀ အုပ်စု၊ မဲရုံ ၂၀၊ မဲပေးခွင့်ရှိသူ ၂၈၁၆၇ ဦး၊ ပျဉ်းမနားမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု စုစုပေါင်း ၃၆ အုပ်စု၊ မဲရုံ ၁၀၁ ရုံ၊ မဲပေးခွင့်ရှိသူ ၁၃၄၆၀၃ ဦး၊ လယ်ဝေးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု စုစုပေါင်း ၆၇ အုပ်စု၊ မဲရုံ ၁၄၄ ရုံ၊ မဲပေးခွင့်ရှိသူ ၂၁၈၆၇၁ ဦးရှိကြောင်း သိရသည်။

 

 

သတင်းစဉ်