
ကြံခင်း ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် သောကြာဒူး ကျေးရွာအုပ်စု အကောက်တောင်ဘုရားတောင်တက်လမ်းတွင် ယနေ့နံနက် ၉ နာရီ မိနစ် ၂၀ က အကောက်တောင်ဘုရားဖူးကား ချောက်ထဲကျမှုဖြစ်ပွား ခဲ့သည်။
ဖြစ်စဉ်မှာ ကြံခင်းမြို့နယ် ကလို့ကွင်းကျေးရွာအုပ်စု ဘိလပ်မြေမှ ယာဉ်မောင်း ဦးစန်းအောင် မောင်းနှင်သည့် ယာဉ်အမှတ် 2M/---- သည် ခရီးသည် စုစုပေါင်း ၁၁ ဦး လိုက်ပါပြီး အကောက်တောင်ပေါ်သို့တက်စဉ် စက်ချွတ်ယွင်းကာ နောက်ပြန်ချောက်ထဲသို့ပြုတ်ကျကြောင်း သတင်း ရရှိသဖြင့် ဆိပ်သာရဲကင်းစခန်းမှူး ဒုရဲမှူး ဇေယျနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ခရီးသည်များဖြစ်သည့် ဦးတင်ငွေ(၇၅ နှစ်)နှင့် ဒေါ်စိမ်း(၅၀ နှစ်) ဘိလပ်မြေစက်ရုံဝန်ထမ်းအိမ်ရာနေထိုင်သူ မချိုသူဇာလွင် (၃၁ နှစ်) ဆရာစံ(၃)လမ်း ရေကြည်မြို့နယ်နေသူတို့သည် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားကြောင်းနှင့် ကုန်းမြင့်ရွာ သဲဖြူအုပ်စုနေ ဦးစန်းအောင် (၅၀ နှစ်)၊ ဘိလပ်မြေစက်ရုံဝန်ထမ်းအိမ်ရာနေ ဦးသူရတင် (၄၆ နှစ်)၊ မဟန်နီအောင် (ကိုးနှစ်)နှင့် ဆရာစံရပ်ကွက်(၄)လမ်း ရေကြည် မြို့နေ ဒေါ်စိုးစိုးသန်း(၄၆ နှစ်)တို့တွင် (စိုးရိမ်ရ) ဒဏ်ရာ၊ ဘိလပ်မြေ စက်ရုံ ဝန်ထမ်းအိမ်ရာတွင်နေထိုင်ကြသော ဦးမျိုးသူရတင် (၄၇ နှစ်)၊ မအိမ်နဒီမောင် (၁၈ နှစ်)၊ မောင်ပြည့်လျှံအောင်(သုံးနှစ်)၊ မဟန်နီစုစုစံ (ရှစ်နှစ်) တို့တွင် (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သဖြင့် ဟင်္သာတမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိသည်။
ယာဉ်မောင်း ဦးစန်းအောင်အား ဥပဒေအရအရေးယူဆောင်ရွက်ရန် ကြံခင်းမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)