တက္ကသီလာ မြကျွန်းသာမှာ ပညာရည်နို့ သောက်စို့ခဲ့ပါသည် အပိုင်း(၇)

Type

 

စန်းနီလာဝင်း

 

 

တက္ကသီလာ ကျောင်းတော်မဟာဆိုသည်မှာ

ပညာသည် အမှောင်ကို ခွင်းကာ အလင်းကို ဆောင်စေသဖြင့် အနန္တကျေးဇူး တော်ရှင် မြတ်ဗုဒ္ဓသခင်က “ပညာသမာ အာဘာနတ္ထိ - လောက၌ ပညာနှင့်တူသော အလင်းရောင်မရှိနိုင်” ဟူ၍ လည်းကောင်း၊ “ပညာနရာနံရတနံ - ပညာကား လူတို့၏ ရတနာစစ်ရတနာမှန်ဖြစ်သည်” ဟူ၍ လည်းကောင်း ဟောဖော်ညွှန်ပြတော်မူခဲ့ ပါသည်။

မိလိန္ဒပဉှာကျမ်းတွင်လည်း “ပညာ”၏ သဘောလက္ခဏာနှင့် စပ်လျဉ်း၍ မိလိန္ဒ မင်းကြီးက အရှင်နာဂသေနအား မေးမြန်း လျှောက်ထားခဲ့ရာ “ပညာသည် ပိုင်းဖြတ် ခြင်း၊ ထွန်းလင်းတောက်ပခြင်း လက္ခဏာရှိ သည်။ ဥပမာအားဖြင့် မှောင်နေသော အခန်းထဲ၌ မီးထွန်းလိုက်သောအခါ ထို အခန်းထဲတွင် အမှောင်လည်းပျောက် အလင်းရောက်လာသလို ပညာသည်လည်း အမိုက်မှောင်ကို ပယ်ဖျောက်ပြီး အသိပညာ အလင်းရောင်ကို ပေးသည်” ဟု ရှင်းလင်းဖွင့်ဆိုတော်မူခဲ့သည်ကို လေ့လာတွေ့ရှိရ သည်။

“တက္ကသိုလ်”ဟူသော ပါဠိဝေါဟာရမှာ “တက္ကနှင့်သီလ”ကို ပေါင်းစပ်ထားခြင်း ဖြစ်ရာ မြန်မာဘာသာသို့ တိုက်ရိုက်ပြန်ဆိုပါ လျှင် “တက္က”ဟူသည် “နှိုင်းချိန်ကြံဆခြင်း၊ သုံးသပ်ဝေဖန်ခြင်း”ဟု အဓိပ္ပာယ်ရရှိပြီး “သီလ” ဆိုသည်မှာ “ကောင်းသော လေ့ကျင့် ပျိုးထောင်မှုရှိခြင်း၊ မကောင်းမှုပြုလုပ်ရ မည်ကိုရှက်ခြင်း၊ ရွံ့ခြင်းဟူသော ဟီရိဩတ္တပ္ပ တရားကို စောင့်ထိန်းခြင်း”ဟူ၍ အဓိပ္ပာယ် ရရှိပါသည်။ ထို့ကြောင့် တက္ကသီလာ ကျောင်းတော်မဟာဆိုသည်မှာ အဆင့်မြင့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာ ရပ်များစွာကို သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ကျင့်တရား ကောင်းမွန်အောင် လမ်းညွှန်ပေးရာ နေရာဌာနဖြစ်သည်ဟု အကျဉ်းဥဒ္ဒေသဖြင့် ဖွင့်ဆိုနိုင်ပါသည်။ အင်္ဂလိပ်ဝေါဟာရ၌ “ယူနီဗာစီတီ” (University) ဟူ၍လည်းကောင်း၊ “အကယ် ဒမီ” (Academy) ဟူ၍လည်းကောင်း၊ “အထူးပညာရပ်များ သင်ကြားပေးရာ ကျောင်းတော်ကြီး” ဟူသော အဓိပ္ပာယ်ဖြင့် ခေါ်ဝေါ်သုံးစွဲကြပါသည်။ ထို့ပြင် တက္ကသိုလ် ပညာရေးကို “Academic” ဟူ၍လည်း ကောင်း၊ “တက္ကသိုလ်ကျောင်းသူ ကျောင်းသား၊ ဆရာ ဆရာမများဘဝကို” “Academic Life” ဟူ၍လည်းကောင်း၊ “တက္ကသိုလ်ပညာရှင်များကို” “Acade-mician”ဟူ၍ လည်းကောင်း ခေါ်ဝေါ်သုံးစွဲ လျက်ရှိကြပါသည်။

ရှေးမြန်မာမင်းများ လက်ထက်ကတက္ကသိုလ်

ပုဂံခေတ်ကျောက်စာများကို လေ့လာ သောအခါ ပုဂံခေတ်တွင် လောကီပညာရပ် များကို လေ့ကျင့်သင်ကြားပေးသော ပွဲကျောင်းများမှာ “ပုဂံခေတ် တက္ကသိုလ် ကျောင်း” များအဖြစ် တည်ရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ မျက်မှောက်ခေတ် တွင် အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာရှင်များကို တက္ကသိုလ်အသီးသီး က လေ့ကျင့်ပျိုးထောင်သင်ကြားပေးသကဲ့သို့ ရှေးမြန်မာမင်းများ လက်ထက်တွင် လည်း လောကီပညာရပ်များကိုလည်း ကောင်း၊ ပရိယတ္တိစာပေများကိုလည်း ကောင်း၊ မင်းမှုထမ်း၊ အရာထမ်းများကို လည်းကောင်း ဘုန်းတော်ကြီးကျောင်းများ က လေ့ကျင့်သင်ကြား ပျိုးထောင်ပေးခဲ့ သည်ကို တွေ့ရသည်။

ရှေးမြန်မာမင်းတို့သည် ပဒေသရာဇ် အုပ်ချုပ်ရေးယန္တရား ကောင်းစွာလည်ပတ် နိုင်အောင် သစ္စာခံပညာရှင်များ၊ အရာထမ်း ကောင်း၊ အမှုထမ်းကောင်းများ မွေးထုတ်ရန် တစ်နှစ်လျှင်တစ်ကြိမ် ပညာရှိရွေးပွဲကို ကျင်းပခဲ့ကြသည်။ ရှေးမြန်မာမင်းများ လက်ထက်တွင် “စာပြန်ပွဲတော်” များကို တက္ကသိုလ် စာမေးပွဲများအဖြစ် မှတ်ယူကာ ပညာရှိများကို စစ်ဆေးရွေးချယ်ပြီး လွှတ်တော်၊ ရုံးတော်၊ ဗြဲတိုက်တော်တို့၌ အရာထမ်း၊ အမှုထမ်းများအဖြစ် ခန့်အပ် တာဝန်ပေးလေ့ရှိသည်။ [မျက်မှောက်ခေတ် ၌ “အစိုးရ ရာထူးဝန်အဖွဲ့က” အစိုးရဌာန ဆိုင်ရာအသီးသီးတွင် လိုအပ်နေသော ပြန်တမ်းဝင်အရာရှိ ရာထူးများအတွက် လျှောက်ထားသူတို့အား ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲများ ဖြေဆိုစေပြီး အောင်မြင်သူများ ကို ပြန်တမ်းဝင်အရာရှိများ စတင်ခန့်အပ် ပေးသည့် သဘောပင်ဖြစ်ပါသည်။] မြန်မာ့ နန်းတွင်း၌ အရေးပါ အရာရောက်လှသော အုပ်ချုပ်ရေးအကြီးအကဲများဖြစ်ခဲ့ကြသည့် ကင်းဝန်မင်းကြီး၊ တွင်းသင်းမင်းကြီး၊ ပခန်း မင်းကြီးတို့သည် စာပြန်ပွဲတော်၌ ထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့ကြသောကြောင့် ရဟန်း ဘဝမှ လူဝတ်လဲကာ တိုင်းရေး၊ ပြည်ရေး၊ ရာဇရေး၊ ဓမ္မရေးတို့တွင် အကြီးအကဲများ အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ခြင်း ပင်ဖြစ်သည်။

ထိုစာပြန်ပွဲတော်တွင် ပထမကျော်ဘွဲ့ မရရှိသော်လည်း အမှတ်များများဖြင့် အောင်မြင်သူများသည် မင်းမှုထမ်း လိုအပ်ပါက နန်းတွင်းရှိ လွှတ်ရုံး(၅)ရပ်သို့ အကူစာရေးအဖြစ် ခန့်အပ်ပေးလေ့ရှိသည်။ လွှတ်ရုံး(၅)ရပ်တွင် အကူစာရေးများအဖြစ် ခန့်အပ်ခြင်းခံရသောသူများကို သူတို့၏ လုပ်ကိုင်ဆောင်ရွက်ပုံ၊ ဆက်ဆံပုံ၊ ကိုယ်ကျင့်တရားတို့နှင့် ပတ်သက်၍ “စာရေးတော်ခေါင်း”က အကဲဖြတ်မှတ်တမ်း တွင် လေ့လာမှတ်တမ်းတင်ထားရသည်။ နန်းတော်၌ စာရေးတော်ဝန်ထမ်း လိုအပ်လာ လျှင် ထိုအကူစာရေးများထဲမှ လက်ရွေးစင် များကို ရွေးချယ်ခန့်အပ်ပေးသည်။ စာရေးတော်များသည် အရည်အချင်းရှိလျှင် ရှိသလို လွှတ်တော်ဝန်ကြီးအထိ တိုးမြှင့် ခန့်အပ်ခြင်းခံရသည်။

တက္ကသိုလ်များ၏ မိခင် ရန်ကုန်တက္ကသိုလ်

အမိရန်ကုန်တက္ကသိုလ် အကျယ်အဝန်း သည် ဧက ၄၀၀ ရှိပြီး ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အအုံကို ၁၉၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မြေနေရာရွေးချယ်ပြီး ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် အုတ်မြစ်ချ ဆောက်လုပ်ခဲ့သည်။

အမိတက္ကသိုလ်၏ ဝိဇ္ဇာစာသင်ခန်းမ ဆောင်ကြီးနှင့် သိပ္ပံစာသင်ခန်းမဆောင်ကြီးတို့ကို အဓိပတိလမ်းမကြီး၏ ဝဲဘက်နှင့် ယာဘက်တို့တွင် နေရာယူစေကာ ဝိဇ္ဇာခန်းမ ဆောင်ကြီးကို ၁၉၂၈ ခုနှစ်တွင် လည်း ကောင်း၊ သိပ္ပံခန်းမဆောင်ကြီးကို ၁၉၃၁ ခုနှစ်တွင်လည်းကောင်း အသီးသီး ဆောက်လုပ်ခဲ့ကြသည်။ ဝိဇ္ဇာခန်းမဆောင် ကြီးသည် အရှည် ၉၇၁ ပေ၊ အကျယ် ၄၈ ဒသမ ၅ ပေရှိပြီး သိပ္ပံခန်းမကို ၂၀ ရာစု ဗိသုကာပုံစံဖြင့် စက်ဝိုင်းခြမ်းပုံသဏ္ဌာန် ဖော်ဆောင်ထားပါသည်။

ရန်ကုန်တက္ကသိုလ် ဓမ္မာရုံကြီးကို ၁၉၃၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် (မြန်မာသက္ကရာဇ် ၁၂၉၅ နှစ် တပေါင်း လဆန်း ၁၃ ရက်နေ့)တွင် အလယ်တောရ ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောသလ အဘိဓဇက အုတ်မြစ်ချ ပေးတော်မူကာ စတင်လုပ်ခဲ့သည်။ အလျား ၁၄၁ ပေ ၊ အနံ ၆၅ ပေ၊ အမြင့် ၂၂ ပေ ရှိပြီး အဆောက်အအုံလက်ရာမှာ မြန်မာ အနောက်ဥရောပ ဗိသုကာ ပေါင်းစပ်ထား သော ဒီဇိုင်းလက်ရာဖြစ်သည်။

ဂျပ်ဆင်ခရစ်ယာန်ဘုရားရှိခိုးကျောင်းအဆောက်အအုံကို ၁၉၃၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် ပြည်လမ်းမကြီးအနီးတွင် စတင်ဆောက်လုပ်ခဲ့ရာ ထိုစဉ်က ရန်ကုန် တက္ကသိုလ် အဓိပတိဖြစ်သူ ဆာချားလ်စ် အလက်ဇန်းဒါးအင်းစ် (Sir Charles Alexander Innes)က အုတ်မြစ်ချပေးခဲ့သည်။ ထိုအဆောက်အအုံတွင် လက်ဝါးကပ်တိုင် တင်ထားသော ယေရှုခရစ်တော်ပုံပါရှိကာ အရှည် ၈၈ ပေ၊ အကျယ် ၄၂ ရှိပြီး ခေါင်းလောင်းကြီးရှိရာ မျှော်စင်ပေါ်သို့ တက်ရောက်နိုင်ရန် လှေကားတွင် လှေကား ထစ်ပေါင်း ၁၈၀ ရှိသည်။

ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် အဆောက်အအုံကို ၁၉၂၇ ခုနှစ် ဒီဇင်ဘာ လ ၈ ရက်နေ့တွင် ထိုစဉ်က တက္ကသိုလ် အဓိပတိဆာဟာကုတ်ဘတ်တလာ (Sir Harcourt Butler) က အုတ်မြစ်ချကာ စတင် ဆောက်လုပ်ခဲ့သဖြင့် ထိုအဆောက် အအုံကို တမီးလ်နွယ်ဖွားအလှူရှင် ရောင်းဗဟာဒူး ရာမနဿ ရဲဒီးယား (Rao Bahadur Ramanatha Reddier ) က အလှူငွေကျပ် နှစ်သိန်း ပေးအပ်လှူဒါန်းခဲ့ရာ ရန်ကုန်တက္ကသိုလ် အာဏာပိုင်အဖွဲ့က ၎င်းအား ဂုဏ်ထူးဆောင် ပါရဂူဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ သည်။ စာကြည့်တိုက်ပုံသဏ္ဌာန်မှာ အင်္ဂလိပ် စာလုံးအယ်လ် (L)ပုံသဏ္ဌာန်ဖြစ်ပြီး အရှည် ပေ ၁၃၀ ၊ အနံ ၄၂ ပေ ကျယ်ဝန်း သည်။

တက္ကသိုလ်ဆေးရုံကို ၁၉၂၇-၂၈ ခုနှစ်၌ အမှတ် ၁၆၀ တက္ကသိုလ်ရိပ်သာလမ်းတွင် မြန်မာဗိသုကာ အင်ဂျင်နီယာ ဦးသာထွန်းက ဦးဆောင်ဆောက်လုပ်ခဲ့သည်။ အလျား ၁၀၃ ပေ၊ အနံ ၄၂ ပေ ကျယ်ဝန်းသည်။ ၁၉၆၂ ခုနှစ်တွင် အဆောက်အအုံကို ထပ်မံတိုးချဲ့ ဆောက်လုပ်ကာ ၁၉၆၄ ခုနှစ်တွင် တက္ကသိုလ်များဆေးရုံဟု အမည်ပြောင်းလဲခဲ့ သည်။

ထိုအချိန်မှာပင် ရန်ကုန်တက္ကသိုလ် စာတိုက်ကို တက္ကသိုလ်ရိပ်သာလမ်းနှင့် သထုံလမ်းထောင့်တွင် ဆက်လက် ဆောက်လုပ်ခဲ့ရာ အရှည်ပေ ၉၀ ၊ အကျယ် ၃၂ ပေ၊ အမြင့် ၁၃ ပေရှိသည်။ နောက်ပိုင်း တွင် ကမာရွတ်စာတိုက်ဟု ပြောင်းလဲ ခေါ်ဝေါ်ပြီး စာတိုက်သေတ္တာအမှတ်မှာ (၁၁၀၄၁) ဖြစ်သည်။

အလားတူ ရန်ကုန်တက္ကသိုလ် အားကစားရုံကြီးကို သထုံလမ်းတွင် ဆောက်လုပ်ခဲ့ရာ အလှူရှင်မှာ မစ္စတာ ချမ်းချောခိုင် (Mr.Chan Chaw Khaing) ဖြစ်သည်။ ထိုအဆောက်အအုံကြီး၏ အကျယ်အဝန်းမှာ အရှည် ၁၀၇ ပေ၊ အကျယ် ၄၂ ပေ၊ အမြင့် ၁၆ ပေရှိသည်။

ကျောင်းအိပ် ကျောင်းစား ကျောင်း သား ကျောင်းသူများအတွက် ဆောက်လုပ် ထားသော အဆောင်များအနက် ပြည် ကျောင်းဆောင်၊ ပုဂံဆောင်၊ တကောင်း ဆောင်၊ နဝဒေးဆောင်တို့မှာ ရန်ကုန် တက္ကသိုလ်ဝင်းပြင်ပတွင် ရှိကြသည်။ တက္ကသိုလ်ဝင်းအတွင်း၌ ရှိကြသော အဆောင်များမှာ အင်းဝဆောင်၊ ပင်းယ ဆောင်၊ စစ်ကိုင်းဆောင်၊ သထုံဆောင်၊ ပဲခူးဆောင်တို့ဖြစ်ကြပြီး ထိုအဆောင်များကို ၁၉၂၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။ အင်္ဂလိပ်စာလုံး "အီး" (E) ပုံသဏ္ဌာန်ရှိ သုံးထပ်ဆောင်များဖြစ်ကြပြီး အလျား ၁၉၆ ပေ၊ အနံ ၈၂ ပေ၊ အမြင့် ၃၆ ပေကျယ်ဝန်းကာ အဆောင်တစ်ဆောင်တွင် အခန်းပေါင်း ၁၄၈ ခန်းစီ ပါဝင်ကြသည်။ ထိုနှစ်မှာပင် အမျိုးသမီးဆောင်များ ဖြစ်ကြသည့် အင်းလျားဆောင်နှင့် သီရိဆောင်များကိုပါ ဆောက်လုပ်ခဲ့သည်။ ၁၉၃၃-၃၄ ခုနှစ် များတွင် အမျိုးသားဆောင်များအဖြစ် ဒဂုံ ဆောင်နှင့် ရွှေဘိုဆောင်တို့ကို ထပ်မံ ဆောက်လုပ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်သမဂ္ဂ အဆောက် အအုံကြီးကို ၁၉၂၉ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့ပြီး အလှူရှင်မှာ ပုဇွန် တောင်နယ်မှ သူဌေးကြီး ဦးညိုဖြစ်သည်။ ၎င်းက တက္ကသိုလ်သမဂ္ဂအဆောက်အအုံ အတွက် အလှူငွေကျပ် ၁၇၀၀၀၀ လှူဒါန်း ခဲ့ပြီး ကျန်ငွေကျပ် ၃၀၀၀၀ကို တက္ကသိုလ် ဓမ္မာရုံနှင့် တက္ကသိုလ်လှေလှော်အသင်း အတွက် ခွဲဝေလှူဒါန်းခဲ့သည်။ တက္ကသိုလ် သမဂ္ဂကို ၁၉၃၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ် ခဲ့သည်။ ထိုသို့ လှူဒါန်းခဲ့သည့် အလှူရှင် သူဌေးဦးညိုအား ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တက္ကသိုလ်က ၁၉၂၇ ခုနှစ် ဒီဇင်ဘာ လ၌ အထူးဘွဲ့နှင်းသဘင်ကျင်းပပြီး သူ့အား ဂုဏ်ထူးဆောင်ပါရဂူဒေါက်တာဘွဲ့ ချီးမြှင့် ခဲ့သည်။ တက္ကသိုလ် လှေလှော်အသင်းပြိုင်ပွဲ တွင် “ဦးညိုဖလားဆု” ဟူ၍ ထားရှိ ခဲ့သည်။

ရန်ကုန်တက္ကသိုလ်လှေလှော်အသင်း ကြီးကို ၁၉၂၃ ခုနှစ်တွင် ထိုစဉ်က ဥပဒေပါမောက္ခ “ဆာအာသာအဂ္ဂါ” က စတင်တည်ထောင်ခဲ့သည်။ ဆရာသည် ကိန်းဘရစ်တက္ကသိုလ်က မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီး ၁၈၉၉ ခုနှစ် ကတည်းက ထိုစဉ်က “ရန်ကုန်ကောလိပ်” တွင် သင်္ချာဘာသာဌာန ၌ ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။

၁၉၂၀ ပြည့်ပတ်ဝန်းကျင်နှစ်များတွင် လွှတ်တော်အမတ်အဖြစ် လည်းကောင်း၊ လွှတ်တော်အတွင်းဝန် အဖြစ်လည်းကောင်း၊ အစိုးရရှေ့နေကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ပထမကမ္ဘာစစ် အတွင်း၌ အရှေ့အလယ်ပိုင်းဒေသတွင် ဗြိတိသျှလေတပ်၏ ဥပဒေအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လှေလှော် အသင်းတွင် ရာသက်ပန်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခ “ဆာအာ သာအဂ္ဂါ”အား ဥပဒေပါရဂူဘွဲ့အဖြစ် ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

၁၉၄၁ ခုနှစ်သို့ ရောက်သောအခါ မိခင်ရန်ကုန်တက္ကသိုလ်ကြီး၏ စီမံခန့်ခွဲ ကြီးကြပ်မှုအောက်တွင် (၁) ရန်ကုန် ကောလိပ် (၂) ဂျပ်ဆင်ကောလိပ် (၃) ဆေးကောလိပ် (၄) ဆရာအတတ်သင် ကောလိပ် (၅) စိုက်ပျိုးရေးကောလိပ် (၆) မန္တလေးဥပဒေကောလိပ်တို့ ပေါ်ပေါက် လာခဲ့သည်။ ၁၉၄၀ ပြည့်နှစ်မှ ၁၉၅၀ ပြည့်နှစ်အထိ ဆယ်စုနှစ်အတွင်း အမိ ရန်ကုန်တက္ကသိုလ်ကြီးသည် အရှေ့တောင် အာရှဒေသနှင့် အာရှတိုက်ရှိ တက္ကသိုလ်များ အနက် အကောင်းဆုံးသော တက္ကသိုလ်ကြီး အဖြစ် ထင်ရှားကျော်ကြားခဲ့သည်။

အလှရွှန်းစို မြကျွန်းညိုမှ

အမိတက္ကသိုလ်သို့ တမ်းခြင်း

v အမိတက္ကသိုလ်

မြကျွန်းညိုမှာ

ပညာရည်နို့

သောက်စို့ခဲ့ရ

တစ်ခဏလျှင်

တစ်ဘဝထင်မိ

ရင်မှာတသ

သတိရနေ

ဘဝဆည်းဆာ

ရောက်နေပါလည်း . . .

သီလတက္က

ကျွန်းညိုမြကို

ထာဝရမမေ့နိုင်ပါတကား။ ။

 

 

ဆောင်းပါးရှင်

စန်းနီလာဝင်း ၏

ကိုယ်ရေးအကျဉ်း

 

- အမည်ရင်း ဦးမောင်မောင်စန်း။

- ကလောင်အမည်များ - စန်းနီလာ ဝင်း၊ အယ်ဒီတာချုပ်တစ်ဦး၊ မောင်မောင်စန်း (ရန်ကုန် တက္ကသိုလ်)၊ မောင်ပညာကျော်၊ သတင်းစာဆရာတစ်ဦး၊ သုတေသီ တစ်ဦး၊ စာရေးဆရာတစ်ဦး၊ လေ့လာသူတစ်ဦး၊ မောင်သမ္မာဒိဋ္ဌိ၊ ကိုစန်း (စစ်ကွင်းမြေ)၊ ဆြာစန်း (နက္ခတ္တဗေဒနှင့် တိုင်းရင်းဆေး)၊ မောင်မီဒီယာ၊ ဂီတသုတေသီ တစ်ဦး၊ MMS ၊ MWD (အင်္ဂလိပ် ဆောင်းပါးများ)

- ပညာအရည်အချင်း - M.AII, R.L, Diploma in Traditional Medicine.

- စာပေတာဝန်များ - တက္ကသိုလ် များ မဂ္ဂဇင်းကော်မတီအတွင်း ရေးမှူး (ရန်ကုန် တက္ကသိုလ်)၊ သတင်းစာကိုယ်စားလှယ်အဖွဲ့ ဝင်တစ်ဦးအဖြစ် ပြည်ပနိုင်ငံများ သို့ သွားရောက်ခဲ့သည်။ ရုပ်ရှင် စိန်ရတုသဘင်တွင် စာတမ်းပြုစု ဖတ်ကြားသည့် တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ။