
သရက် မေ ၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ယမန်နေ့က လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ် (၈) ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၁၀ အုပ်စုတို့တွင် လူနေအိမ် ၉၈ လုံးနှင့် ဘုန်းတော်ကြီးကျောင်း သုံးကျောင်း၊ ဇရပ် တစ်ခု၊ သိမ် တစ်ခု၊ ဓမ္မာရုံ တစ်ခု၊ ဗလီတစ်ခု အမိုးလန် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လူနေအိမ် ၉၈ လုံး အမိုးလန်ပျက်စီးမှုကြောင့် အိမ်ထောင်စု ၉၈ စု လူဦးရေ ၄၂၄ ဦး လေဘေးသင့်ခဲ့ပြီး လေဘေးသင့်ရပ်ကွက်၊ ကျေးရွာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပိတ်ဆို့နေသော သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ လျှပ်စစ်ဌာနက လဲကျနေသော မီးတိုင်များအား ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)