
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်
========================
ကံ့ကော်ရိပ်က လွမ်းပုံပြင်
===============
ရွှေကြည်လွင်(မြန်မာစာ)
မြကျွန်းညိုညို ကွန်းခိုရာ ဤတက္ကသိုလ်မြေမှာ ကံ့ကော် တို့ဝေမြဲ၊ စိန်ပန်းတို့ဝေဆဲ၊ ငုဝါ၊ ပိတောက်တို့ ပွင့်မြဲ ပွင့်ဆဲပင် ဖြစ်သည်။ နှစ်လကြာညောင်း အချိန်တွေ အလီလီပြောင်းသော်လည်း အတိတ်နယ်က အရိပ်တို့ သည် နုပျိုဆဲ၊ လတ်ဆတ်ဆဲဖြစ်သည်။ တွေးမိတိုင်း လွမ်းတ၊ မျှော်မိတိုင်း မှန်းဆနေရပေသည်။
ကျွန်တော်သည် ငယ်စဉ်ကပင် နိုင်ငံ၏ အထင်ကရ ရန်ကုန်တက္ကသိုလ်ကို ရောက်ဖူးချင်ခဲ့သည်၊ မြင်ဖူး၊ တွေ့ဖူးချင်ခဲ့သည်။ ရောက်ချင်သည့်အိပ်မက် မကြာ မကြာမက်ခဲ့သည်။ စိတ်၏စေစားရာအတိုင်း ၂၀၀၃ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ်မြေကို ခြေချခွင့်ရခဲ့သည်။ မက်ခဲ့သောအိပ်မက်သည် အသက် ၃၀ ရောက်မှ ဆန္ဒပြည့်ခဲ့ရသည်။ လောက၏ အောင်မြင်မှုအစုစုသည် စိတ်ကူးအိပ်မက်ကစခဲ့သည် မဟုတ်ပေလော။
ကျွန်တော်သည် ၂၀၀၃ ခုနှစ်မှ၂၀၂၀ ပြည့်နှစ်အထိ ၁၇ နှစ်တာကာလပတ်လုံး ရန်ကုန်တက္ကသိုလ်၏ အရိပ်ကိုမပြတ်ခိုလှုံရင်း ဆရာကြီး ဆရာမကြီးများ၏ သြဝါဒများကိုခံယူကာ ပညာရည်နို့သောက်စို့ခဲ့သည်။ သင်ယူ၍ မကုန်နိုင်သော ပညာသမုဒ္ဒရာအတွင်း၌ လက်ပစ်ကူးဆဲ၊ တောင်ငူဆောင် မြန်မာစာဌာနတွင် တာဝန်ထမ်းဆောင်ဆဲဖြစ်သည်။ “အနေကြာကြာ၊ အသာမိုးမိုး၊ ချစ်တိုးလွန်မြတ်၊ သွေးသားထပ်၍၊ ကိုယ့်ရပ် ကိုယ့်မြေ၊ တွယ်တာပေ၏”ဟု ကဗျာဆရာ “နောင်” ၏ “နှင်းကိုမြင်ခိုက်” ကဗျာထဲကကဲ့သို့ပင် ဤတက္ကသိုလ် မြေမှာ အနေကြာလာသည်နှင့်အမျှ သံယောဇဉ်ကြိုးက ရစ်ပတ်တိုးခဲ့ရသည်။
စတင်သန္ဓေတည်ခဲ့
ရန်ကုန်တက္ကသိုလ်ကြီးသည် နှင်းများကျနေသော ဆောင်းလရာသီ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က စတင်သန္ဓေတည်ခဲ့သည်။ အေးမြသော အတိတ်နိမိတ်ကို ယူကာ တည်ဆောက်ခဲ့သောကြောင့် အေးချမ်းသာယာပြီး ဂုဏ်ကျက်သရေတင့်တယ်စွာ တည်ရှိနေသည်။ ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ် ၁၀၀ တင်းတင်း ပြည့်လေပြီ။ ကံထူးစွာ ရာပြည့်နှင့်ကြုံရ၍ ရင်ထဲ၌ ပျော်ရွှင်ကြည်နူးမိသည်။ တက္ကသိုလ်၏ အရိပ် ကိုလှုံ၊ မေတ္တာကိုခြုံခဲ့ဖူးသော သူတို့ရင်ထဲ လွမ်းဆွေးမှု အဖုံဖုံ၊ လွမ်းနည်းစုံစုံနှင့် လွမ်းကြပေလိမ့်မည်။
မြန်မာ့သမိုင်းကြောင်း ပြန်ပြောင်းကြည့်လျှင် ၁၈၈၅ ခုနှစ်မှ ၁၉၂၀ ပြည့်နှစ်အထိ ၃၅ နှစ်တာကာလတွင် မြန်မာတစ်မျိုးသားလုံး ငသစ်တုံး၊ ငခွေးငနွားများကဲ့သို့ ကျွန်နင်းပြားဘဝနှင့် နေခဲ့ရသည်။ ၁၉၂၀ ပြည့်နှစ်မှစ၍ ပြန်လည်ခေါင်းမော့နိုင်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာတစ်မျိုးသားလုံး လွတ်လပ်ရေး ဟူသော အသီးအပွင့်ကို စားသုံးကြရခြင်းသည် ဤမြေ၏ ကျေးဇူးဖြစ်လေသည်။ နိုင်ငံ့ခေါင်းဆောင် အသီးသီး၊ ပညာရှင်အသီးသီး၊ သံတမန်အသီးသီး၊ မျိုးချစ်ပုဂ္ဂိုလ် အသီးသီးတို့ကို ဤမြေက မွေးထုတ်ပေးခဲ့သည်။ သခင် ကိုယ်တော်မှိုင်း၏ ယူနီဗာစီတီဘွဲ့လေးချိုးကြီးကို သတိရမိ သည်၊ ဗိုလ်ချုပ်အောင်ဆန်းကို တမ်းတမိသည်၊ ဦးသန့်ကို မြင်ယောင်မိသည်၊ ဗိုလ်အောင်ကျော်၏ ပုံရိပ်က အတွေး သို့ ဝင်ရောက်လာသည်။ ဤသို့အတိတ်သမိုင်းအလှနှင့် ပြည့်စုံသောဤမြေသည် မြန်မာတစ်မျိုးသားလုံး၏ ရင်ထဲ၌ ကိန်းဝပ်နေသော အမြုတေရတနာတစ်ပါးပင် ဖြစ်ခဲ့သည်။
တက္ကသိုလ်အားလုံးတို့၏ မိခင်
မြကျွန်းညိုညို တေးသီချင်းမှ စာသားသံစဉ်တချို့ နားထဲရောက်လာခဲ့သည်။ “မြစ်ချောင်းငယ်ဖြာဖြာ.. ရေပြာ ပြာ.. သမုဒ္ဒရာမှာ.ပေါင်းဆုံ” ဟူသကဲ့သို့ပင် ရန်ကုန် တက္ကသိုလ်ကြီးသည် တက္ကသိုလ်အားလုံးတို့၏ မိခင်ဖြစ် သည်။ ထို့အတူ ၁၃၅ မျိုးသော တိုင်းရင်းသားတို့ ပညာ အမွေအနှစ်များ ရှာမှီးရာဌာနကြီးလည်းဖြစ်သည်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ စည်းလုံး ညီညွတ်ရေးကို ပေါင်းစည်းပေးရာနေရာလည်း ဖြစ်သည်။ ကျောင်းသားကျောင်းသူများ၏ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ် အသီးသီး၌ ပညာအမျိုးမျိုးကို ရှာဖွေရာဌာနကြီးလည်း ဖြစ်သည်။
“ရှေးရှုမေတ္တာ၊ ကရုဏာနှင့်၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ် က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့ ” ဟူသကဲ့သို့ပင် ဆရာ ဆရာမများက တပည့်တို့အပေါ် နာသုံးနာရှေ့ထား၊ တာဝန် ဝတ္တရားများဖြင့် သင်ကြားပို့ချပေးခဲ့ကြသည်။ သစ်ပင်ပန်းမန်တို့သည် သဘာဝကောင်း၊ ရေကောင်းမြေ ကောင်းမှီရလျှင် ပိုမိုရှင်သန်ဖွံ့ဖြိုးသကဲ့သို့ သူတို့သည် လည်း ပညာရပ်အသီးသီးမှာ ထူးချွန်ပေါက်မြောက်ခဲ့ကြ သည်။ နိုင်ငံအနှံ့အပြားရှိ ဌာနအသီးသီးသို့သွားကာ ကျရာ တာဝန်ကို ကျေပွန်စွာထမ်းရွက်ကြရင်း ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို ထူထောင်နေကြ သည်မှာ ငယ်ငယ်က ကခဲ့ရသော“အသီးတစ်ရာ အညှာ တစ်ခု” သီချင်းကိုမြင်ယောင်၊ ကြားယောင်မိပါသည်။ ဤသို့ ကံ့ကော်တောမှာ အိပ်မက်ရှည် မက်နေသရွေ့ တက္ကသိုလ်မြေ နေဝင်မည်ကို စိုးရိမ်စရာမလိုတော့ပေ။
ဂုဏ်သရေကြီးသော ရှေးမြန်မာကြီးနှင့်တူ
တက္ကသိုလ်၏ အဝင်ဝဆိုင်းဘုတ်သည် ဣန္ဒြေကြီးနှင့် ငုတ်တုတ်ထိုင်လျက် ဝင်၊ ထွက်သူအပေါင်းကို အပြုံးချိုချို နှင့် တည်ငြိမ်အေးချမ်းစွာ ကြိုဆိုနှုတ်ဆက်လျက်ရှိပေ သည်။ ပကာသနမဖက်၊ သဘာဝသက်သက်နှင့် ရိုးသား မှုဂုဏ်က ပေါ်လွင်လှသည်။ လေမိုးဒဏ်ခံရသော်လည်း စိုးမရွံ့၊ တွန့်မတုန်ဘဲ တည်ငြိမ်သည့်ဟန်က တက္ကသိုလ်၏ ပြယုဂ်ပင်ဖြစ်သည်။ ထိုမှအဝင် အဓိပတိလမ်းမကြီးက မျက်စိတစ်ဆုံးဖြောင့်တန်းလျက်။ ထိုအထက် မဟူရာ ကတ္တီပါကော်ဇောကို ခင်းထားလေသည့်အလား။ တက္ကသိုလ်ကြီးကို ကျွမ်းလျက်အနာဂတ်အတွက် လှမ်းတက်မည့်သူကို မျှော်လင့်နေသည့်ဟန်။ ထိုမှအဆုံး ဘွဲ့နှင်းသဘင်ဆောင်ကြီးက ခံ့ခံ့ထည်ထည်နှင့် တက္ကသိုလ် အဝင်ဝကို မျက်နှာမူလျက်ရှိသည်။ အညိုရောင်အဆင်း၊ မျက်နှာလေးထောင့်ကျကျနှင့် တကယ့်တည်ငြိမ်ခံ့ညား သည့် ဟန်နှင့်ပေါ့။ သူ့အဆင်းနှင့် သူ့အသွင်မှာ ဂုဏ်သရေ ကြီးသော ရှေးမြန်မာကြီးနှင့်ပင် တူလေသည်။ ဟုတ်စွ။ ပညာတစ်ခု ပြီးမြောက်တိုင်း ဝင်ရောက်ကာ ကတိသစ္စာ ပြုရာ နေရာ။ သစ္စာပြုပြီးသူတို့ကို ဘဝမြင့်စေရန် သိဒ္ဓိတင် ပေးသောနေရာ။ တစ်ဘွဲ့ပြီးမြောက်တိုင်း ဖြတ်ကျော် ရသည့်နေရာ။ အားလုံး၏အလှပဆုံးကို တွေ့နိုင်သည့် နေရာ။ ဤနေရာကား ဘွဲ့နှင်းသဘင်ဖြစ်ပေသည်။
စစ်ကိုင်းလမ်းနှင့် ယူအယ်လ်ဘီ၊ ပုဂံလမ်းနှင့် ဘွဲ့နှင်း သဘင်၊ ဂျပ်ဆင်လမ်းနှင့် ဒဂုံလမ်းတို့က အဓိပတိလမ်းမ ကြီး၏ ကိုယ်ပွားအကိုင်းအလက်များ ဖြစ်ကြသည်။ သူတို့ က တက္ကသိုလ်ရိပ်မြုံ ခိုလှုံသူအပေါင်းကို အလိုပါရမီဖြည့် ကာ ထမ်းရွက်ပေးခဲ့ကြသည်။ ထိုလမ်းမတို့ပေါ်တွင် ပျော်ခဲ့ကြသည်၊ အော်ခဲ့ကြသည်၊ ကခဲ့ကြသည်၊ တခဲ့ကြ သည်၊ ဆိုခဲ့ကြသည်၊ ငိုခဲ့ကြသည်၊ ထွေးခဲ့ကြသည်၊ နွေးခဲ့ကြသည်၊ တွဲခဲ့ကြသည်၊ နွှဲခဲ့ကြသည်၊ လွမ်းခဲ့ကြ သည်၊ ကျွမ်းခဲ့ကြသည်။
သြော်အတိတ်က အရိပ်တို့ ရင်ထဲရှင်သန်ဆဲပါ။ ထိုလမ်းအသွယ်သွယ်တို့၏ ဝဲ၊ ယာ တစ်ဖက်တစ်ချက်တွင် စိမ်းညို့ညို့တောတန်းကို နောက်ခံပြု၍ ဖြူလွလွမီးတိုင် များက ညီညီညာညာ စနစ်တကျရှိလျက်။ ဝင်ရောက် လာသူအပေါင်းကို ညွတ်ကိုင်း၍ အရိုအသေပေးနေ သယောင်။ စိမ်းစိုစို၊ မှိုင်းပျပျသစ်ပင်ပန်းမန်တို့ကလည်း အချိုးကျကျ ပေါက်ရောက်နေသည်မှာ ကြည်နူးစရာ။ လေပြည်လေနုအေးများက စွေ့ခနဲအဝေ့ ပန်းပေါင်းစုံ ရနံ့တို့က မူးမေ့မတတ် ကြိုင်လှိုင်သင်းပျံ့နေပေသည်။ မြတ်လေး၊ စွယ်တော် ၊ ကံ့ကော်၊ စိန်ပန်း၊ သော်ကပန်းနှင့် မေတ္တာနန်းထက် လှမ်းတက်ခဲ့ကြဖူးလိမ့်မည်။ တညင်း၊ သရက်၊ ပိန္နဲ၊ ငုဝါ၊ ပိတောက်နှင့် သစ္စာထောက်ခဲ့ကြဖူး လိမ့်မည်။
ပုဏ္ဍရိက်ဖြာ ရေတမာတန်း ခုံပြာနန်းမှာ ချစ်သဒ္ဓါပို ၊ သကာချို စကားပြောခဲ့ကြဖူးပေလိမ့်မည်။ ဖွားဖက်တော် ပင်သစ်ပုပ်အောက် ကတောက်ကဆတ်ကြောင့် ကျပျောက်ခဲ့ သည့် မေတ္တာပြန်ကောက်ခဲ့ကြဖူးပေလိမ့်မည်။ ဂျပ်ဆင်အို နှင့် ချစ်သူလမ်းကြား လွမ်းစကားများ ပြောခဲ့ကြပေလိမ့် မည်။ ဤလမ်း၊ ဤစခန်းများထက်က ချစ်တေးကဗျာနှင့် ပုံပြင်များက မရေမတွက်နိုင်။ လွမ်းခဲ့ကြပေလိမ့်မည်၊ ကျွမ်းခဲ့ကြပေလိမ့်မည်။
သမိုင်းပုံပြင်အလှများ ပြည့်နှက်၍နေ
ဝိဇ္ဇာ၊ သိပ္ပံခန်းမဆောင်များနှင့် တက္ကသိုလ်စာကြည့် တိုက်၊ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တို့ကလည်း ကျက်သရေဆောင်ကာ ပြည့်မျက်စိကို ဖွင့်ပေးလျက်ရှိ သည်။ ဒေသအဖုံဖုံ လူမျိုးစုံတို့ ခိုနားရာ အဆောင်ဆောင် အနန်းနန်းတို့ကလည်း ပြောမဆုံးပေါင် တောသုံးထောင် ဟူသကဲ့သို့ အလှဖြာသည့် ချစ်စရာ့ တေးကဗျာနှင့် လှပသည့် သမိုင်းပုံပြင်များ ရှိကြသည်။ သူရဲကောင်းများ ထွန်းကား ရာ၊ ပညာရှင်များဖွားမြင်ရာ ပင်းယ၊ အင်းဝ၊ စစ်ကိုင်း၊ ပဲခူး၊ ရွှေဘို၊ ဒဂုံ စသည့် အမျိုးသားအဆောင်များက ထည်ဝါခမ်း နားစွာ ရှင်သန်လျက်ရှိပေသည်။ တစ်ပတ်လျှို ဆံထုံးထက် တစ်ပွင့်ပန်းပန်ပြီး လက်ရှည်အင်္ကျီ ဖြူဖြူလေးဝတ်ဆင် ကာ ဣန္ဒြေရရ လှလှပပနှင့် လျှောက်လှမ်းလာသော ကျက်သရေနှင့် ပြည်စုံသော မြင်သူငေးလောက်သည့် မြန်မာမလေးများနေထိုင်ရာ အင်းလျား၊ သီရိစသည့် အမျိုးသမီးဆောင်များကလည်း လှဆဲ၊ ပဆဲ၊ နုပျိုလန်း ဆန်းဆဲပင် ဖြစ်လေသည်။ ထက်မြက်သည့် မိန်းမကောင်း၊ မိန်းမမြတ်တို့ ပေါ်ထွက်ရာ မိန်းမလှကျွန်းပင် ဖြစ်ပေ သည်။ ဤ မြေမြတ်မြေသန့်များ၌ ပြောမကုန်နိုင်သော သမိုင်းပုံပြင်အလှများ ပြည့်နှက်၍နေပါသည်။
ဤတက္ကသိုလ်ကြီးသည် အနှစ်တစ်ရာတိုင်တိုင် ကမ္ဘာ့အလယ်မှာ ဝင့်ထည်စွာ ရပ်တည်ခဲ့ပေပြီ။ အတိတ် သမိုင်း၊ အတိတ်ပုံပြင်များနှင့် ခံ့ထည်နေသော ဤ တက္ကသိုလ်ကြီးကို သံယောဇဉ်တွယ်ငြိခဲ့ပေသည်။ အင်းလျားအဆောင်သူကိုလည်း မြင်ယောင်ကြပေလိမ့် မည်။ အဓိပတိလမ်းကလူနှင့် ခြေရာများကိုလည်း တမ်းတကြပေလိမ့်မည်။ ကျောင်းဖွင့်ချိန်ကိုလည်း မျှော်လင့်နေကြရင်း ကျောင်းတက်ချင်တယ်ဟူ၍လည်း ညည်းညူနေကြပေလိမ့်မည်။ နွေဦးပုံပြင်ကို ရွတ်ဆိုရင်း ဂျပ်ဆင်ထိပ်က လရိပ်ပြာကို လွမ်းနေကြပေလိမ့်မည်။
တက္ကသိုလ်က ငွေလမင်းကိုလည်း တွေ့ချင်ကြပေလိမ့် မည်။ ကျွန်ုပ်အတွက်တော့ တက္ကသိုလ်မြေ နေဝင်မှာ စိုးရင်း ကံ့ကော်ရိပ်က လွမ်းပုံပြင်များကို နားထောင်ကာ ဤတက္ကသိုလ်ကြီး အနှစ်တစ်ရာမှသည် နှစ်ပေါင်း ထောင်သောင်းတိုင်အောင် ရှင်သန်ပါစေသားဟု ဆုတောင်းရင်းနှင့်သာ ..........။ ။
- Log in to post comments