ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

Type

 

 

ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်

 

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

 

အစီအစဉ်မှူး ။ ။ ကိုဗစ် - ၁၉ ဖြစ်ပွားမှုဟာ တဖြည်း

ဖြည်း ကာလရှည်ကြာလာတာနဲ့

အမျှ အကန့်အသတ်တွေနဲ့ နေထိုင်ကြရတဲ့ ပြည်သူတွေ အကြားမှာ ငြီးငွေ့မှုတွေ၊ စိတ်ပျက် အားငယ်မှုတွေလည်း ဖြစ်လာနေကြမှာပါ။

ဒါပေမယ့် ဒီလိုမျိုး ရင်ဆိုင်ကြုံတွေ့လာရတာဟာ ကမ္ဘာနဲ့တစ်ဝန်းမှာ ဖြစ်ပေါ်နေတာကြောင့် မိဘပြည်သူ တွေအနေနဲ့ အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံမှုနဲ့ တောင့်ခံရင်း၊ ဒီကပ်ရောဂါကာလကို ရင်ဆိုင်ဖြတ်ကျော် သွားနိုင်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အားပေး စကားပြောကြားရင်း တိုက်တွန်းထားတာကိုလည်း မိဘ ပြည်သူတွေအသိပဲ ဖြစ်ပါတယ်။

ယခုဆိုရင် ရောဂါကူးစက်ပြန့်ပွားမှု အများဆုံး ဖြစ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာလည်း အတိုင်း အတာတစ်ခုအထိ ထိန်းချုပ်လာနိုင်နေပြီ ဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ အခုလက်ရှိ အခြေအနေတွေအတိုင်း ဆက်လက်ထိန်းသိမ်းရင်း နေထိုင်သွားကြမယ်ဆိုရင် ကာလတစ်ခုမှာ ကိုဗစ်ရောဂါကို လုံးဝထိန်းချုပ်သွားနိုင် မယ်လို့ ယုံကြည်ပါတယ်။

မကြာခင် ရက်ပိုင်းအတွင်းမှာဆိုရင် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုလည်း ကျင်းပပြုလုပ်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေအကြား ကပ်ရောဂါကြီးနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုအနည်းဆုံးနဲ့ ကျန်းမာရေးနဲ့အညီ မဲပေးနိုင်ဖို့အတွက် ပါမောက္ခကြီး တွေ၊ သမားတော်ကြီးတွေနဲ့အတူ ရွေးကောက်ပွဲတာဝန် ရှိသူတို့က ဆောင်ရန် / ရှောင်ရန်အချက်တွေကို ရှင်းလင်း ပြောကြားဖြေကြားပေးသွားကြမှာ ဖြစ်ပါတယ်။

ဒီနေ့ရဲ့ မေးခွန်း မေးမြန်း / ဖြေကြားဆွေးနွေးမှုမှာ ဆရာကြီးပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း [ညွှန်ကြား ရေးမှူးချုပ်(ငြိမ်း)၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်]၊ ဆရာ ဦးဝင်းဦးခိုင် [ညွှန်ကြားရေးမှူး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်] တို့နဲ့အတူ ဦးဆောင်ဆွေးနွေး သူအဖြစ် ဆရာမကြီး ဒေါက်တာသန္တာလွင် [ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါ နှိမ်နင်းရေးဌာနခွဲ)၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန] က ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့ရဲ့ ဆွေးနွေးမှုမှာပါဝင်ပြီး အချိန်ပေးပြီး ဖြေကြားဆွေးနွေးပေးတဲ့အတွက် ဆရာကြီး၊ ဆရာမကြီး တို့ကို အထူးကျေးဇူးတင်ပါတယ်။ ဒီနေ့ဆွေးနွေးမှုမှာ ရွေးကောက်ပွဲကလည်း မကြာခင်ကျင်းပပြုလုပ်တော့မှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာ ကျန်းမာရေးနဲ့အညီ မဲပေးနိုင်ဖို့အတွက် ဘယ်လိုမျိုးဆောင်ရန် / ရှောင်ရန်တွေ ရှိမလဲဆိုတာကို ဆွေးနွေးပေးဖို့အတွက် ဆရာမကြီးကနေ ဦးဆောင်ဆွေးနွေးပေးဖို့အတွက် ဖိတ်ခေါ်အပ်ပါတယ်။

ဒေါက်တာသန္တာလွင် ။ ။ အားလုံးမင်္ဂလာပါရှင်။ ကျွန်မ

တို့ ဒီကနေ့ ဆွေးနွေးမယ့်

အရေးကြီး တဲ့ Topic က ရွေးကောက်ပွဲ မကြာခင်မှာ ကျင်းပ တော့မှာဖြစ်တဲ့အတွက် ကိုဗစ် - ၁၉ ကပ် ရောဂါကလည်း ဖြစ်ပွားနေတယ်။ ဒါကြောင့် ဒီကူးစက်ရောဂါ ဖြစ်ပွားနေစဉ် အတွင်းမှာ ရွေးကောက်ပွဲကို အောင်မြင်စွာ၊ ဘေးကင်းစွာ၊ စိတ်ချယုံကြည်စွာနဲ့ ကျင်းပနိုင်ဖို့အတွက် ကျွန်မတို့မှာ မေးခွန်းတွေ လက်ခံရရှိထားပါတယ်။ ဦးစွာပထမ ကျွန်မ ဆရာကြီးပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းကို ဖိတ်ခေါ်ချင်ပါ တယ်။ ဆရာကြီး ဆွေးနွေးပေးပါ။

ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်း ။ ။ နိုင်ငံတကာမှာ

ကိုဗစ် - ၁၉

ကပ်ရောဂါကြီး ဖြစ်ပွားနေစဉ်အတွင်းမှာပဲ နိုင်ငံတော်တော် များများက ရွေးကောက်ပွဲတွေ ကျင်းပနေတယ်။ ဒါကြောင့် အဲဒီ ရွေးကောက်ပွဲအတွေ့အကြုံတွေနဲ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့်အခြေအနေတွေကို နှိုင်းယှဉ်ပြီး ဆွေးနွေးပေး ပါလို့ မေးမြန်းထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ ကိုဗစ် - ၁၉ ဖြစ်ပွားနေစဉ်အတွင်းမှာ နိုင်ငံတကာမှာရွေးကောက်ပွဲတွေ ကျင်းပရတာနဲ့ ပတ်သက် ပြီး ဆန်းစစ်လေ့လာမှုတွေအရ နိုင်ငံတော်တော်များများက ရွေးကောက်ပွဲကျင်းပဖို့ စနစ်တကျ ပြင်ဆင်ထားပြီး ရွေးကောက်ပွဲကို ဆောင်ရွက်နေတာ ရှိပါတယ်။ ဒီနေ့အထိ နိုင်ငံပေါင်း ၇၇ နိုင်ငံမှာ ရွေးကောက်ပွဲကို အောင်မြင်စွာ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ဒီအထဲမှာ အာရှ - ပစိဖိတ် ဒေသကြီးက ၂၄ ဒသမ ၇ ရာခိုင်နှုန်းပါဝင်ပြီး အာရှနိုင်ငံတွေ အနေနဲ့ဆိုရင် ၁၀ နိုင်ငံမှာ ရွေးကောက်ပွဲ ကို အောင်အောင် မြင်မြင် ကျင်းပပြီးဖြစ်ပါတယ်။

နိုင်ငံတိုင်းကလည်း ရွေးကောက်ပွဲကျင်းပတဲ့အခါမှာ ပြည်သူလူထုရဲ့ ကျန်းမာရေးထိခိုက်မှုမရှိအောင် အတတ် နိုင်ဆုံးပြင်ဆင်ပြီး ဆောင်ရွက်တယ်။ မဲပေးတဲ့သူတွေ အတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာမှစိုးရိမ်ကြောင့်ကြ မှုမရှိအောင် စီစဉ်ပြီးဆောင်ရွက်လျက်ရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း ဒီအတွေ့အကြုံတွေပေါ်မှာ မူတည်ပြီး ပြင်ဆင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ရောဂါကူးစက်နိုင်ခြေရှိတဲ့ အရာအားလုံးကို ကြိုတင် ကာကွယ်တဲ့နည်းစနစ်ကို ကျင့်သုံးပြီး ဆောင်ရွက်ပါတယ်။ တချို့နိုင်ငံတွေက နိုင်ငံအတွင်းမှာ ကိုဗစ်ရောဂါကူးစက်မှု မြင့်မားနေတဲ့ အခြေအနေတွေရှိပါတယ်။ တချို့နိုင်ငံတွေကျ တော့လည်း ရောဂါဖြစ်ပွားမှုက တနေရာမှာ၊ အခြေအနေ တစ်ခုမှာ တန့်နေပါတယ်။ အဲဒီလို အခြေအနေမျိုးမှာရှိတဲ့ နိုင်ငံတော်တော်များများက နိုင်ငံတကာမှာ ရွေးကောက်ပွဲ ကို ကျင်းပခဲ့တာဖြစ်ပါတယ်။

သူတို့ အဓိက ကျင်းပတဲ့အချိန်မှာ တစ်ဖက်ကလည်း နိုင်ငံအတွင်းမှာရှိတဲ့ ကိုဗစ်ရောဂါ ဖြစ်ပွားနေမှုကို ထိန်းချုပ် နေတဲ့ ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲ စစ်ဆေးတာတွေ၊ အနီးကပ်ထိတွေ့တဲ့သူတွေကို ရှာဖွေတာ တွေ၊ Social Distancing တွေ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေတာတွေ ဒါတွေဆောင်ရွက်နေသလို ကုသမှုအပိုင်းမှာ လည်း အားထည့်ပြီး ဆောင်ရွက်နေသလို တစ်ဖက်က လည်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေမှာ ကာကွယ်ဆေး နဲ့ ကုသဆေး မပါတဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနည်းလမ်း တွေကို သူတို့ကျင့်သုံးပြီး ဆောင်ရွက်နေကြတာ ဖြစ်ပါ တယ်။

ဒီလို ဆောင်ရွက်တဲ့အတွက်ကြောင့် ၇၇ နိုင်ငံမှာ ရွေးကောက်ပွဲပြီးတဲ့ကာလ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေတွေကို ပြန်လည်ပြီး သုံးသပ်တဲ့အခါ တစ်နိုင်ငံလုံး ကာကွယ်၊ ကုသရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အချိန် မှာ ရွေးကောက်ပွဲအတွက် ပိုမိုသေချာစောင့်ကြပ် ကြည့်ရှုပြီး ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကို တစ်ဦးချင်း၊ တစ်ဦးချင်း ကို ဆောင်ရွက်နိုင်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲရဲ့ တုံ့ပြန်မှုတွေကိုရရှိပြီး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ ကို ဆောင်ရွက်နိုင်တယ်ဆိုတာကို သုတေသနစာတမ်းတွေ အရ တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လိုက်နာ ဆောင်ရွက်ရမယ့်ကိစ္စတွေ၊ လမ်းညွှန်ချက်တွေကို နိုင်ငံ တကာရဲ့ အတွေ့အကြုံတွေရော၊ ပြည်တွင်းရောဂါထိန်းချုပ် မှု အနေအထားတွေပေါ်မှာ မူတည်ပြီး လမ်းညွှန်ချက်တွေ ချမှတ်ဆောင်ရွက်ထားပါတယ်။ ချမှတ်ထားတဲ့ လမ်းညွှန် ချက်တွေကို ဆန္ဒမဲပေးကြမယ့် ပြည်သူတစ်ဦးချင်းအနေနဲ့ လည်းကောင်း၊ နောက်မဲရုံတွေမှာ စနစ်တကျတာဝန်ယူပြီး ဆောင်ရွက်မယ့် ပုဂ္ဂိုလ်တွေအနေနဲ့ လည်းကောင်း၊ ပြည်သူ လူထုတွေအနေနဲ့လည်းကောင်း ဝိုင်းဝန်းပြီး ဆောင်ရွက် မယ်ဆိုရင် နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကလည်း ပြည်သူလူထုအတွက် ကျန်းမာရေး ဆိုင်ရာလုံခြုံမှုရှိပြီး အောင်မြင်တဲ့ရွေးကောက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်။

နောက်မေးခွန်းတစ်ခုက ရွေးကောက်ပွဲကာလမှာ လူအများနဲ့ မဲဆွယ်စည်းရုံးတာတွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာ ဆောင်ရွက်မှု အားနည်းနေတဲ့အတွက်ကြောင့် ဒီရောဂါ တွေက ပိုမိုပြီး ကူးစက်လာနိုင်မလားဆိုပြီး မေးထားပါတယ်။

ဒါက ခုန ကျွန်တော် ဆွေးနွေးသလိုပါပဲ။ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနရဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန် ချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါ တယ်။ မဲဆွယ်စည်းရုံးခြင်းသာမက ဘယ်လိုလူစုလူဝေး အခြေအနေမျိုးဖြစ်ဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်မယ်ဆိုရင် ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ရောဂါထိန်းချုပ် ဖို့အတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ကျွန်တော် ခုနက ဆွေးနွေးသလို ဆေးနဲ့ ဆေးဝါးမပါ တဲ့ ကာကွယ်ထိန်းချုပ်နည်းကို အားဖြည့်ပြီး ဆောင်ရွက် နေပါတယ်။

Non-Pharmaceutical Interventions က သုံးမျိုး ရှိပါတယ်။ Personal Non-Pharmaceutical Interven-tions မှာ လူတစ်ဦးချင်းက လက်ဆေးတာတို့၊ နှာချေ / ချောင်းဆိုးတဲ့အခါမှာ လက်ကိုင်ပဝါ / တစ်ရှူး အုပ်ပြီး ဆိုးတာတို့၊ Social Distancing လို့ခေါ်တဲ့ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေတာတို့၊ Mask တပ်တာတို့ စသဖြင့် ဒီလိုလုပ်ငန်းတွေကို လိုက်နာဆောင်ရွက်ရမယ်။ ရွေးကောက်ပွဲမှာလည်း မဲရုံအတွင်းမှာရော၊ မဲရုံပြင်ပ မှာပါ ဒါတွေကို တစ်ဦးချင်းအတွက် ပြင်ဆင်တဲ့သူတွေ က ရောဂါကူးစက်မှုမရှိအောင် စနစ်တကျစီစဉ်ဆောင်ရွက် ထားပြီး ဖြစ်ပါတယ်။

Community Non-Pharmaceutical Interventions လို့ခေါ်တဲ့ လူထုက လိုက်နာဆောင်ရွက်ရမယ့်ကိစ္စတွေပါ။ ဒါကအထူးသဖြင့် ကျွန်တော် ခုနက ဆွေးနွေးခဲ့သလို လူစုလူဝေးနဲ့ အခမ်းအနားကြီးတွေ ဆောင်ရွက်တာတို့ ဒါတွေက Mass Gathering လို့ခေါ်ပါတယ်။ အဲဒီမှာ ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အရေအတွက်အတိုင်း ဆောင်ရွက်မယ်ဆိုရင် ရောဂါ ကူးစက်မှုကို ထိန်းချုပ်ပြီးသားဖြစ်ပါလိမ့်မယ်။ နောက် ဒီလိုပဲ Community Non-Pharmaceutical Inter-ventions မှာ စက်ရုံ / အလုပ်ရုံကိစ္စတွေ၊ လူအများစုဝေး ပြီး ဆောင်ရွက်ရတဲ့အားကစားကိစ္စတွေ စသဖြင့် ဒီလိုမျိုး ထိန်းချုပ်တာတွေလည်းပဲ ရှိပါတယ်။

Environmental Non-Pharmaceutical Inter-ventions က အိမ်မှာ လေဝင်လေထွက် ကောင်းအောင်၊ မဲရုံတွေမှာ စနစ်တကျ လေဝင်လေထွက်ကောင်းအောင်၊ အလင်းရောင်ရအောင် စနစ်တကျ ဆောင်ရွက်ထားတယ်။ ပုံမှန်သန့်ရှင်းရေး ဆောင်ရွက်ထားတယ်။ ဒီလိုမျိုး ဆောင်ရွက်ခြင်းအားဖြင့် ကိုဗစ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ပါတယ်။

အတွေ့အကြုံတွေအရ Non - Pharmaceutical Interventions လို့ခေါ်တဲ့ ဆေးဝါးမပါဘဲ ကာကွယ် ထိန်းချုပ်နည်းကို တိတိကျကျသာ လိုက်နာဆောင်ရွက် မယ်ဆိုရင် ကျွန်တော်တို့ တစ်ပတ်အတွင်းမှာ ကူးစက်မှု ကို ၆၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကာလမှာ စနစ်တကျ ပိုမိုပြီး

စောင့်ကြပ်ကြည့်ရှုတဲ့ ကာကွယ်ထိန်းချုပ်လုပ်ငန်းတွေ ဟာ ကျွန်တော် ဆွေးနွေးခဲ့သလို Hawthorne Effect လို့ခေါ်တဲ့ ပုံမှန်ကာကွယ်ထိန်းချုပ်တဲ့လုပ်ငန်းတွေပေါ်မှာ ထပ်ပိုးပြီး အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်တဲ့အတွက် ကြောင့် ရောဂါကာကွယ်ထိန်းချုပ်မှုတွေဟာ ပိုမိုပြီး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဥပမာ - Mask တပ်တာကအစ ရွေးကောက်ပွဲမှာ ပုံမှန်တပ်နေတဲ့ Surgical Mask တွေထက် ပိုပြီးကာကွယ် နိုင်တဲ့ KN95 Surgical Mask တွေကို သက်ဆိုင်ရာ မဲရုံ တွေမှာ စီစဉ်ထားတဲ့အတွက်ကြောင့် တခြားသူကိုလည်း ရောဂါကူးစက်နိုင်မှာကို ပိုမိုဟန့်တားနိုင်မယ်။ သူများ ဆီက ရောဂါကူးစက်မှုကိုလည်း ဟန့်တားနိုင်မယ်။ အခုချိန်မှာ Mask တပ်တာဆိုရင် ရောဂါကာကွယ်ရုံ သာမက တစ်ယောက်နဲ့တစ်ယောက် လေးစားမှုကိုပြတာ လည်း ဖြစ်ပါတယ်။

Mask တပ်တဲ့အတွက်ကြောင့် အိမ်တစ်အိမ်မှာ သံသယရောဂါလက္ခဏာရှိတဲ့ လူတစ်ယောက်ရှိရင်တောင် အဲဒီမိသားစုကို ၇၉ ရာခိုင်နှုန်းလောက် ကာကွယ်ပေးနိုင် တယ်ဆိုတဲ့ သုတေသနရရှိချက်တွေလည်း ရှိပါတယ်။ မဲရုံအပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ကူးစက် မှုမရှိအောင် အဖွဲ့အစည်းအသီးသီးနဲ့ ကြိုတင်ပြီး စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။

ဒေါက်တာသန္တာလွင် ။ ။ ဆရာကြီး ဆွေးနွေးသွားတဲ့

အတွက် မဲဆွယ်စည်းရုံးတဲ့

အချိန်နဲ့ မဲပေးတဲ့အချိန်မှာရော ကျွန်မတို့အနေနဲ့ လိုက်နာ ရမယ့်ကိစ္စတွေကို ပြည်သူတွေ အားလုံးသိသွားအောင် ဒီကနေ့ ဆွေးနွေးပွဲကနေ ပြောပြပေးနိုင်ပြီလို့ ထင်ပါ တယ်။ ဆက်လက်ပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေ နဲ့ပတ်သက်ပြီး ဆရာဦးဝင်းဦးခိုင် လက်ခံရရှိထားတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ဖြေကြားပေးဖို့ ဖိတ်ခေါ်ပါ တယ်။

ဦးဝင်းဦးခိုင် ။ ။ ဒီမှာလက်ခံရရှိထားတဲ့ မေးခွန်းက

ကျွန်တော်က အသက် ၅၀ ကျော်၊

ဆီးချိုကလည်းရှိတော့ ကျွန်တော့် ကျန်းမာရေးအတွက် စိတ်ပူပါတယ်။ ရောဂါမကူးစေရေး၊ ကြိုတင်ကာကွယ် ထားမှုတွေကို သိလိုပါတယ်ဆိုပြီး မေးထားတဲ့ မေးခွန်း ကို တွေ့ရပါတယ်။

အဲဒီတော့ ကော်မရှင်နဲ့ ကော်မရှင်ရုံးအနေနဲ့ တင်ပြ ရမယ်ဆိုရင် ဒီနှစ်က ဥပဒေပြဋ္ဌာန်းချက်အရလည်း ရွေးကောက်ပွဲကျင်းပရမယ့်နှစ် ဖြစ်နေပါတယ်။ ကိုဗစ်- ၁၉ ဖြစ်ပွားတဲ့အချိန် ပထမလှိုင်းမှာ အခြေအနေကို ကျွန်တော်တို့ စောင့်ကြည့်ပြီး ထိန်းနိုင်တဲ့အနေအထား ဖြစ်ပြီ၊ နောက်တစ်ခုက ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ အရ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို စပြီးကြေညာလိုက် ပါတယ်။

ကြေညာပြီးတဲ့အချိန်မှာပဲ ကိုဗစ်ဒုတိယလှိုင်းက စပြီးဖြစ်ပွားလာတော့ တဖြည်းဖြည်း ကျယ်ပြန့်လာပါ တယ်။ ရွေးကောက်ပွဲကလည်း မဖြစ်မနေ ကျင်းပရမယ် ဆိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့လိုတယ်ဆိုပြီး သုံးသပ်ပါတယ်။ ကျွန်တော်တို့က မဲရုံလုပ်ငန်းစဉ်ကို သရုပ်ပြလုပ်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး သူတို့ရဲ့ သုံးသပ်ချက် ထွက်လာပါ တယ်။

Contact များတဲ့နေရာ၊ Risk များတဲ့နေရာတွေနဲ့ ပတ်သက်ပြီး ဘာတွေဆောင်ရွက်မယ်၊ ဘယ်လိုလုပ်မယ် ဆိုပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စံလုပ်ငန်းလမ်းညွှန်တွေကို ရေးပေးတယ်။ ကျွန်တော် တို့ရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေနဲ့ ကိုက် / မကိုက် နှစ်ဖက်ညှိနှိုင်းပြီး ဒါဆိုရင် ဒီလိုလုပ်ဖို့သင့်တယ်ဆိုပြီး ကျွန်တော်တို့ ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြလိုက်ပါတယ်။

တင်ပြပြီးတော့ မဲရုံအတွက် နောက်ထပ်တကယ့် လိုအပ်ချက်က ဘာလဲ၊ လက်တွေ့မှာ ဘယ်လိုရှိမလဲ၊ လက်ရှိမှာဖြစ်နေတဲ့ ကိုဗစ် - ၁၉ အခြေအနေနဲ့ ဘာတွေ ဆက်လုပ်ဖို့ လိုသလဲဆိုပြီး တကယ့်မဲရုံလုပ်မယ့်နေရာမှာ သရုပ်ပြတယ်။ ကြည့်လိုက်ရင် မဲရုံအတွင်းမှာ ဆောင်ရွက် ရမယ့်အပိုင်းတွေ ရှိတယ်။ မဲရုံအပြင်မှာ ဆောင်ရွက်ရမယ့် အပိုင်းတွေရှိတယ်။ ကျွန်တော်တို့ ဒီမှာသရုပ်ပြလိုက်တဲ့ အခါ မဲရုံအတွင်းမှာ လိုအပ်တာက ပထမဆုံးမဲရုံအတွင်း စဝင်တာကစပြီး မဲရုံလုံခြုံရေးနဲ့ စထိတွေ့မယ်။ ပြီးရင် မဲစာရင်း စစ်ဆေးသူနဲ့ ထိတွေ့မယ်။ မဲလက်မှတ်ထုတ်ပေးသူ နဲ့ ထိတွေ့မယ်။ ဆန္ဒပြုတဲ့နေရာမှာ ဆန္ဒပြုတဲ့ တံဆိပ်တုံး တွေ ကိုင်မိတာရှိတယ်။

ပထမ၊ ဒုတိယအကြိမ်မှာ ကျွန်တော်တို့က တွေ့ရှိတဲ့ အပေါ် မူတည်ပြီး ကော်မရှင်ရဲ့ အစီအစဉ် နဲ့ မဲရုံအဝင်မှာ Hand Gel နဲ့ လက်ကို ဆေးဖို့၊ တစ်ဦးချင်းအတွက် ပလတ် စတစ် လက်အိတ်တွေထုတ်ပေးဖို့ ဆောင်ရွက်ပါတယ်။ တကယ်လက်တွေ့လုပ်ကြည့်တဲ့အခါ ဒီလောက်နဲ့ မလုံ လောက်ဘူး။ လက်တွေ့ဘာတွေ ထပ်လုပ်ဖို့လိုသလဲဆိုတော့ Hand Gel ထက် Hand Spray က ပိုပြီးအဆင်ပြေတယ် ဆိုပြီး မဲရုံအဝင်မှာ Hand Spray ဖျန်းဖို့ရယ်၊ နောက်တစ်ခါ Surgical Gloves တွေပေးဖို့ရယ်၊ N95 Mask ထုတ်ပေးဖို့ရယ် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီက ညွှန်ကြားတဲ့အတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ဒါကို ပူးပေါင်းပြီး စီစဉ် ဆောင်ရွက်ပေးပါတယ်။

တကယ့်လက်တွေ့ မဲရုံလုပ်မယ့် ဒီဘက်က ဥတ္တရသီရိ မြို့နယ်ထဲက မဲရုံတစ်ရုံကို သွားပြီး ကျွန်တော်တို့ လက်တွေ့ စမ်းသပ်ပါတယ်။ စမ်းသပ်ပြီး ဆောင်ရွက်လိုက်တဲ့အခါ မဲရုံအတွင်းအပြင် မဲရုံအပြင်ဘက်မှာလည်း လိုအပ်တဲ့ အနေအထားတွေကို တွေ့ရပါတယ်။ မဲရုံအပြင်ဘက်မှာ လူစုလူဝေးမဖြစ်ဖို့၊ ကိုဗစ် - ၁၉ ကာကွယ်ရေးနည်းလမ်းနဲ့ အညီ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာနေဖို့တွေ၊ စနစ် တကျတန်းစီဖို့တွေအတွက် အထွေထွေအုပ်ချုပ်ရေးဌာနက စီမံပေးတဲ့ဝန်ထမ်းတစ်ဦး၊ ကိုယ်အပူချိန်တိုင်းဖို့အတွက် ပညာရေးဝန်ကြီးဌာနက သူ့ရဲ့ Non - contact Infrared Thermometer နဲ့အတူ ပညာရေးဝန်ထမ်းတစ်ဦး၊ နောက် Mask တွေ ဖြန့်ဝေဖို့၊ လက်ဆေးမယ့် Hand Spray တွေ ဖျန်းဖို့အတွက် ကျန်းမာရေးဝန်ထမ်းတစ်ဦး၊ သုံးဦးနဲ့ အပြင်မှာ အဖွဲ့ တစ်ဖွဲ့ ဖွဲ့ပေးပါတယ်။

ကျွန်တော်တို့ ကိုယ်အပူချိန် တိုင်းတဲ့အဖွဲ့ရယ်၊ နောက် တစ်ခါ Hand Spray ဖျန်းတဲ့အဖွဲ့တွေ က ၂ နာရီခွဲ တစ်ကြိမ် လဲနိုင်ဖို့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ကပေးတဲ့ Volun-teer တစ်ဦးစီ ထပ်ပေးတယ်။ အဲဒီတော့ မဲရုံအပြင်မှာ ၅ ဦးအဖွဲ့နဲ့ ကျန်းမာရေးကို ကြိုတင်ကာကွယ်ဖို့အတွက် ကျွန်တော်တို့ လုပ်ထားပါတယ်။ အတွင်းထဲမှာ ကျွန်တော်တို့ မဲရုံအဖွဲ့ရှိပါတယ်။ ပုံမှန်ဆိုရင် ၁၀ ယောက် ရှိပါတယ်။ မဲရုံ ကနေ မဲပေးပြီး၊ ဆန္ဒပြုပြီးလို့ ပြန်ထွက်တဲ့အခါ လက်မှာ မင်တို့ဖို့အတွက် လုပ်တဲ့အချိန်မှာ Hand Spray နဲ့ဆိုရင် သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ ပြီးနိုင်ဖို့ နည်းနည်းလေး အခက်အခဲရှိတဲ့အတွက် အဲဒီမှာ မဲရုံ အဖွဲ့ဝင်တစ်ယောက် တိုးလိုက်ပါတယ်။

တာဝန်ကျတဲ့ မဲရုံအဖွဲ့အားလုံးသည်လည်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး နည်းလမ်းတွေအတိုင်းပဲ အားလုံး က KN95 Mask ပါမယ်။ Surgical Gloves ပါမယ်။ Face Shield တွေပါမယ်။ နောက်ပြီး မဲရုံမှူး၊ ဒုမဲရုံမှူးနဲ့ အဖွဲ့က တော့ ရှေ့က Apron ပါမှာ ဖြစ်ပါတယ်။

မဲရုံဝင်ခါနီး ကိုယ်အပူချိန် တိုင်းလိုက်တဲ့အချိန်မှာ ကိုယ်အပူချိန်မြင့်နေရင် ဘယ်လိုစီစဉ် ဆောင်ရွက်မလဲ ဆိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ စီမံထားပါတယ်။ ကိုယ်အပူချိန်မြင့်နေရင် မဲရုံထဲဝင်ပြီး မဲပေးတာ မလုပ်ခိုင်းပါဘူး။ သူ့ကို မဲပေးဖို့ အတွက် မဲရုံအပြင်မှာ အခန်းသပ်သပ် လုပ်ပေးထားပါ တယ်။ အဲဒီအခန်းမှာ သူ့ကို ထားမယ်။ ဒုတိယမဲရုံမှူးက သူ့ဆီ လာမယ်။ သူနဲ့ တိုက်ရိုက်ထိတွေ့ခြင်းမရှိဘဲ သူ့ရဲ့ Voter Slip တို့၊ မှတ်ပုံတင်တို့ကို ယူမယ်။

ယူပြီးရင် မဲရုံအထဲကို ဒုမဲရုံမှူးပဲ ဝင်မယ်။ ဝင်ပြီးတော့ လိုအပ်တဲ့ မဲလက်မှတ်တွေ ယူမယ်။ သူ့ဆီပြန်လာမယ်။ မဲလက်မှတ်ကို သူ့ကိုပြမယ်။ သူ့ရဲ့ဆန္ဒအတိုင်း ဒုမဲရုံမှူးက ဆန္ဒပြုပေးမယ်။ ပြီးရင် ဒုမဲရုံမှူးပဲ အဲဒီမဲလက်မှတ်ကို မမြင်အောင်ခေါက်ပြီး ယူသွားမယ်။ မဲပုံးထဲ ထည့်ပေးမယ်။ မဲပုံးထဲထည့်တာကိုလည်း မဲဆန္ဒရှင်က မြင်သာတဲ့နေရာ၊ ပြတင်းပေါက် သို့မဟုတ် ခန်းမအဝင် အပေါက်တွေက၊ လူအားလုံးနဲ့ ဝေးတဲ့နေရာကနေ ကြည့်ပေးမယ်။

ပြီးရင်တော့ သူ့ကို မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုကော်မတီကို အပ်နှံလိုက် မှာ ဖြစ်ပါတယ်။ အပ်နှံပြီး ကုသရေးအတွက် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မဲရုံအတွင်း၊ မဲရုံ အပြင်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ၊ ကိုဗစ် - ၁၉ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေနဲ့အညီ ကျွန်တော်တို့က အားလုံးဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ အဲဒီစည်းကမ်းတွေအတိုင်း လိုက်နာမယ်ဆိုရင်တော့ စိတ်ချ လက်ချမဲပေးနိုင်ပါတယ်လို့ ကျွန်တော့်အနေနဲ့ ဆွေးနွေး တင်ပြလိုပါတယ်။

ဒေါက်တာသန္တာလွင် ။ ။ ဆွေးနွေးတင်ပြပေးတဲ့ ဆရာ

ဦးဝင်းဦးခိုင်ကို ကျေးဇူးတင်

ပါတယ်။ နောက်ဆုံး ကျွန်မအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကနေ ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ ပြုလုပ်ရမယ့် ရွေးကောက်ပွဲအောင်မြင်ဖို့အတွက် ကျွန်မတို့ ဌာနအနေနဲ့ စီမံဆောင်ရွက်ထားတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး မေးထားတဲ့ မေးခွန်းတွေကို ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

မေးခွန်းတစ်ခုက ရွေးကောက်ပွဲမှာ တာဝန်ကျတဲ့ အထူးရဲတွေကို ရောဂါပိုး ရှိ / မရှိ စစ်ဆေးပေးတယ်။ ပညာရေးဝန်ထမ်းတွေကိုရော စစ်ဆေးပေးမှာလား။ ရောဂါမကူးအောင် ဘာတွေလုပ်ရမလဲဆိုတဲ့ မေးခွန်း တစ်ခုရှိပါတယ်။ နောက်မေးခွန်းက ဆရာဦးဝင်းဦးခိုင် ဖြေသွားတဲ့ ကျွန်တော် သေချာပေါက် မဲသွားပေးမှာပါ။ ဒါပေမယ့် ကျွန်တော့်မှာ အသက်လည်း ၅၀ ကျော်ပြီ၊ ဆီးချိုရောဂါ လည်း ရှိတယ်။ ဒါဆိုရင် ကျွန်တော် ဘာတွေ ကြိုတင်ကာကွယ်ရမှာလဲ သိလိုပါတယ်။ နောက်မေးခွန်း တစ်ခုက ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်ထားလဲ၊ ပြည်သူ တွေသိအောင် ပြောပြပေးပါဆိုတာ ဖြစ်ပါတယ်။ ဒီ မေးခွန်းတွေကို တစ်စုတည်း ဖြေကြားပေးသွားမှာ ဖြစ်ပါ တယ်။

ပထမဆုံးမေးထားတဲ့ မေးခွန်းနဲ့စပ်လျဉ်းလို့ အထူး ရဲတွေကို ကိုဗစ် - ၁၉ ရောဂါပိုး ရှိ /မရှိ စစ်ဆေးပေးပါတယ်။ ဒါပေမယ့်ကျန်တဲ့မဲရုံမှာတာဝန်ချထားမယ့် မဲရုံဝန်ထမ်း တွေ၊ ပညာရေးဌာနကရော၊ ကျန်းမာရေးဌာနကပါ တာဝန်ချထားမယ့် စေတနာ့ဝန်ထမ်းတွေလည်း ရှိပါ တယ်။

အဲဒီလူတွေကို စစ်ဆေးပေးမှာမဟုတ်ဘဲ တာဝန် ချထားတဲ့ ဝန်ထမ်းတွေအားလုံးကို လုံလောက်တဲ့ တစ်ကိုယ်ရေအကာအကွယ်ပစ္စည်းတွေကို ဝတ်ဆင်ပေး စေခြင်းဖြင့် ရောဂါကူးစက်ခြင်းမရှိအောင် ကာကွယ်သွား မှာ ဖြစ်ပါတယ်။ ဒီလိုပဲ မဲလာပေးမယ့် မဲဆန္ဒရှင်တွေက လည်း နှာခေါင်းနဲ့ ပါးစပ်ကို KN 95 Mask ဝတ်ဆင်ပြီးမှ မဲရုံအတွင်းဝင်ပြီးတော့ မဲပေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် အပြန်အလှန်ကာကွယ်ထားပြီးဖြစ်တဲ့ အတွက် လုံခြုံစိတ်ချစွာမဲပေးနိုင်ဖို့ ကျွန်မတို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ကိုဗစ် - ၁၉ ဖြစ်ပွားမှု များပြားနေတဲ့ မြို့နယ်တွေဆိုရင် မဲဆန္ဒရှင်တွေကို KN 95 Mask အပြင် Face Shield ပါ ထုတ်ပေးပြီးတော့မှ မဲပေးဖို့အတွက် စီစဉ်သွားမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ပံ့ပိုးပြီး အကြံတွေပြုခဲ့သလဲ ဆိုတာကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ဇွန်လကတည်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ စတင်ညှိနှိုင်း ဆွေးနွေးပွဲတွေ၊ မဲရုံကို ဘယ်လိုကျင်းပကြမယ်၊ မဲပေးဖို့ ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတဲ့ Demonstration တွေ လုပ်ပြီး အဆင့်ဆင့်ဆွေးနွေးညှိနှိုင်းပြီးတဲ့အခါမှာ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ဗဟိုကော်မတီ ကို ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီဗဟိုကော်မတီရဲ့အောက်မှာ တိုင်းဒေသကြီး / ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုကော်မတီတွေကို ဆက်လက်ဖွဲ့စည်း ထားပါတယ်။ ဗဟိုအဆင့်ကော်မတီမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး လိုအပ်တဲ့စံလုပ်ငန်းလမ်းညွှန်တွေကို ထုတ်ပြန်တဲ့အခါမှာလည်း ကိုဗစ်- ၁၉ ကပ်ရောဂါ ဖြစ်ပွား နေတဲ့အချိန်ဖြစ်တဲ့အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြပြီး ကျွန်မတို့ရဲ့ စံလုပ်ငန်းလမ်းညွှန်တွေကို အပိုင်း(၁) မဲဆွယ် စည်းရုံးရေးနဲ့ ပတ်သက်လို့ လည်းကောင်း၊ အပိုင်း(၂)အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာမှာ မည်ကဲ့သို့ ကျန်းမာရေး နှင့် ညီညွတ်ပြီး ကူးစက်ရောဂါကို ကာကွယ်နိုင်ဖို့အတွက် ဆောင်ရွက်ရမလဲဆိုတာတွေကို ပြဋ္ဌာန်းပြီး ထုတ်ပြန်ခဲ့ပါ တယ်။ ဒီလုပ်ငန်းလမ်းညွှန်တွေကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဝက်ဘ်ဆိုက်တွေမှာ ဖော်ပြ ထားပြီး ဖြစ်ပါတယ်။

ဒီလုပ်ငန်းလမ်းညွှန်တွေကို မဲရုံတွေမှာ တာဝန်ပေး ထားတဲ့ မဲရုံဝန်ထမ်းတွေက အတိအကျ လိုက်နာဖို့အတွက် သင်တန်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ရပ်ကျေးအထိကို ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေကနေ တစ်ဆင့် အဆင့်အဆင့် သင်တန်းတွေ ပေးပြီးဖြစ်သလို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ပေး မယ့် ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်း တွေ၊ ခုနက ဆရာဦးဝင်းဦးခိုင်ပြောသွားတဲ့ အပြင်စည်း နဲ့ အတွင်းစည်းမှာရှိမယ့် အဖွဲ့တွေကို ဘယ်လိုလိုက်နာ ရမလဲဆိုတာတွေကို ဗဟိုအဆင့်ကနေ သင်တန်းပေး ပါတယ်။ တိုင်းဒေသကြီး / ပြည်နယ်အဆင့်နဲ့ မြို့နယ် အဆင့်ဆင့်ကို အောက်တိုဘာလကုန် ၃၁ ရက်မှာအပြီး သင်တန်းပေးပြီး ဖြစ်ပါတယ်။

ဒီလို ဆင့်ပွားသင်တန်းတွေ ပေးပြီးတဲ့နောက်မှာ သူတို့ တကယ်အသုံးပြုရမယ့် တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းတွေကိုလည်း ကျွန်မတို့ ဖြန့်ဖြူး ပေးပြီး ဖြစ်ပါတယ်။

 

 

ရောဂါဖြစ်ပွားနေတဲ့ အချိန်ဖြစ်တဲ့အတွက် မဲရုံနေရာ ရွေးချယ်တာကအစ ကျွန်မတို့ရဲ့ လုပ်ငန်းလမ်းညွှန်ထဲမှာ ဖော်ပြပါရှိတာက လေဝင်လေထွက်ကောင်းပြီး နေရာ ကျယ်ဝန်းတဲ့ နေရာမျိုးကို ရွေးချယ်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းတွေကို အများစုရွေးချယ်တာ ဖြစ်ပါတယ်။

အဲဒီလို ရွေးချယ်ထားတဲ့နေရာတွေကို အသုံးပြုပြီး မဲရုံတည်ဆောက်ဖို့အတွက် ဖြစ်ပါတယ်။ ပြီးတော့ အဝင်တစ်လမ်း၊ အထွက်တစ်လမ်း ရှိရမယ်။ တကယ်လို့ မဲရုံကို မဲလာပေးတဲ့ ဆန္ဒရှင်တွေက အလွန်များတယ်ဆိုရင် အဆိုင်းခွဲပြီး လမ်းတွေကို လိုင်းအလိုက် သတ်မှတ်ဖို့ စီစဉ်ထားပါတယ်။

ဒီလိုင်းတွေမှာ တန်းစီမယ့်လူတွေကလည်း တစ်ဦးနဲ့ တစ်ဦး ထိကပ်နေလို့မဖြစ်တဲ့အတွက် စုဝေးမှုမဖြစ်အောင် လည်း ခြောက်ပေစီခြားပြီးတော့မှ အမှတ်အသားတွေ ပြုပြီး မဲပေးနိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီမှာ အလွန်အရေးကြီးတာက အမှိုက်တွေ၊ Mask တွေကို လွှင့်ပစ်လို့ မဖြစ်တဲ့အတွက် အဖုံးပါတဲ့ အမှိုက်ပုံးတွေ ချထားပေးဖို့အတွက်ကို စီစဉ်ထားတာ ဖြစ်ပါတယ်။

မဲရုံကို အသုံးမပြုခင် ပြင်ဆင်နေတဲ့အချိန်မှာ ပိုးသတ်ခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ဖို့ ကြိုတင်ပြီး စီစဉ်ထားပါတယ်။ ကျွန်မတို့ ကျန်းမာရေးဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ရမယ့် ပုဂ္ဂိုလ်တွေဆိုရင်လည်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတွေရဲ့ အမည်တွေ၊ ဖုန်းနံပါတ်တွေကို ကျွန်မတို့ရဲ့ စံလုပ်ငန်းလမ်းညွှန်ထဲမှာ ထည့်သွင်းပြီး ချိတ်ဆက်ဆောင်ရွက်ဖို့ စီစဉ်ထား ပါတယ်။

အရေးအကြီးဆုံးအချက်က ပညာပေးပိုစတာတွေကို မဲရုံအဝင်ဝတွေမှာ ကပ်ထားပေးဖို့ မဲရုံတိုင်းမှာ စီစဉ် ထားတာ ဖြစ်ပါတယ်။ မဲရုံဝန်ထမ်းတွေအနေနဲ့ တာဝန် ထမ်းဆောင်ဖို့ မဲရုံကိုလာတဲ့ အချိန်၊ မဲပေးမယ့်နံနက်မှာ သူသည် ချောင်းဆိုးနေတယ်၊ ဖျားနေတယ်၊ နောက်ပြီး ဖျားနေတဲ့သူ မိသားစုထဲမှာရှိပြီး ထိတွေ့မှုရှိတယ်။ ဒါမှမဟုတ်ရင် အသွားအလာကန့်သတ်ထားတဲ့သူတွေနဲ့ ထိတွေ့မှုရှိတယ်။ ဒါမှမဟုတ် ကိုဗစ် - ၁၉ ဓာတ်ခွဲ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိတယ်။ ဒီလို အခြေ အနေမျိုးရှိခဲ့ရင် မဲရုံမှူးကို ခွင့်တိုင်ကြားပြီး တာဝန် လာရောက်ထမ်းဆောင်ခြင်းမပြုဖို့ လိုအပ်ပါတယ် ဆိုတာကို ကျွန်မဖြေကြားလိုပါတယ်။

ဝန်ထမ်းတွေအားလုံးက ထုတ်ပေးထားတဲ့ တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းတွေကို မှန်ကန်စွာဝတ်နိုင်ဖို့ လိုအပ်ပါတယ်။ Mask ကို သေသေ ချာချာတပ်ဖို့ ကျွန်မတို့မှာ ပိုစတာတွေလည်း ရှိတယ်။ ဗီဒီယိုလည်း ရိုက်ထားပါတယ်။ အဲဒီအတိုင်း မှန်ကန်စွာ အသုံးပြုဖို့ လိုပါတယ်။ Face Shield ကိုလည်း မှန်ကန်စွာ တပ်ဖို့၊ Gloves ကိုလည်း မှန်ကန်စွာသုံးဖို့ လိုအပ်ပါတယ်။

နေ့လယ်ထမင်းစားချိန်မှာ ခဏဖြုတ်ခဲ့မယ်ဆိုရင် လည်း သေသေချာချာ စွန့်ပစ်ပြီး အသစ်ပြန်လည် အသုံးပြုဖို့ လုံလောက်အောင် ပစ္စည်းထုတ်ပေးနိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ထားမယ် ဆိုရင် ကျွန်မတို့ရဲ့ မဲရုံဝန်ထမ်းတွေဘက်ကလည်း လုံခြုံ စိတ်ချစွာ တာဝန်ထမ်းဆောင်နိုင်မယ်လို့ ကျွန်မယုံကြည် ပါတယ်။

အခြားတစ်ဖက်က မဲဆန္ဒရှင်တွေကလည်း ကျွန်မတို့ ထုတ်ပေးတဲ့ KN95 Mask ကို သုံးပြီး ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ လမ်းညွှန်ချက်အတိုင်း မှန်ကန်တိကျစွာ အသုံးပြုပြီး ဆောင်ရွက်သွားမယ်ဆိုရင် လုံခြုံစိတ်ချစွာ မဲပေးနိုင်မှာ ဖြစ်ပါတယ်။

နောက်ကျွန်မတို့ ကျန်းမာရေးအပိုင်းက တာဝန်ရှိတဲ့ အပိုင်း နှစ်ချက် ကျန်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ မဲပေးပြီးလို့ အကုန်လုံးပြန်သွားလို့ မဲရုံပိတ်ပြီးတဲ့အချိန်၊ မဲရေတွက်ရမှာ ဖြစ်ပါတယ်။ မဲရေတွက်ခြင်းလုပ်ငန်း တွေကိုလည်း စနစ်တကျ ဆောင်ရွက်ရမှာ ဖြစ်တယ်။ မဲရေတွက်တဲ့ ပုဂ္ဂိုလ်တွေအကုန်လုံးလည်း KN95 Mask၊ Face Shield နဲ့ Surgical Gloves တွေကို မဖြစ်မနေ ဝတ်ဆင်ပြီးမှ မဲရေတွက်ရမှာ ဖြစ်တယ်။ တစ်ဦးနဲ့ တစ်ဦး ခြောက်ပေအကွာအဝေးထားပြီး ရေတွက်ရမယ်။ လိုအပ် ရင် Hand Sanitizer Spray နဲ့လည်း လက်ကို မကြာခဏ သန့်စင်ပြီး စီစဉ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ အုပ်စုတစ်ခုရှိပါတယ်။ မဲရုံအတွင်းမှာ မဲရုံဝန်ထမ်းအပြင်၊ မဲဆန္ဒရှင်တွေအပြင် မဲပေးတဲ့အချိန်မှာ စောင့်ကြည့်နေမယ့်ပါတီက ပုဂ္ဂိုလ်တွေ၊ လာရောက် လေ့လာသူတွေကလည်း ကျွန်မတို့ သတ်မှတ်ပေးထားတဲ့ တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းတွေကို ဝတ်ဆင် ပြီး ခြောက်ပေစီခြားပြီးမှ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ မဲရေတွက်တဲ့အချိန်မှာလည်း ဒီပုဂ္ဂိုလ်တွေသည် ဒီလို စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မဲပေးပြီးတဲ့အခါ၊ မဲရေတွက်မှုလုပ်ငန်းတွေ အကုန်လုံးပြီးသွားတဲ့အခါ ကျွန်မတို့အနေနဲ့ ပိုးသတ်ခြင်း လုပ်ငန်းကိုလည်း စနစ်တကျဆောင်ရွက်သွားဖို့ လုပ်ငန်း လမ်းညွှန်မှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ မဲရုံဝန်ထမ်း တွေရော၊ စေတနာ့ဝန်ထမ်းတွေရော ဒီလုပ်ငန်းလမ်းညွှန် အတိုင်း အတိ အကျ ဆောင်ရွက်သွားကြမယ်ဆိုရင် ပြည်သူတွေအားလုံးသည် စိတ်ချယုံကြည်စွာ ရွေးကောက်ပွဲမှာ မဲပေးနိုင်မယ်ဆိုတာကို ယုံကြည်ပါ တယ်။ ရွေးကောက်ပွဲကလည်း ဒီအစီအမံတွေနဲ့ အောင်မြင်စွာ ကျင်းပနိုင်မယ်လို့ ယုံကြည်ကြောင်း တင်ပြလိုပါတယ်။

ဒီနေ့မှာ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ မေးခွန်းတွေကို ရွေးထုတ်ပြီး ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ အစီအစဉ်မှာ ဖြေကြားပေးတဲ့ ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးစိုးလွင်ငြိမ်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ညွှန်ကြားရေးမှူး ဆရာဦးဝင်းဦးခိုင်တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်ရှင်။ ။