
ရန်ကုန် မေ ၇
(၃၁) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဘောလုံး ပြိုင်ပွဲ အုပ်စု (က) ဒုတိယနေ့ကို မေ ၈ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် တီမော၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
အုပ်စု (က) ပွဲစဉ်များကို မေ ၆ ရက်တွင် စတင် ကျင်းပသော်လည်း မြန်မာအသင်း ပွဲစဉ်မပါဝင်ဘဲ ယနေ့မှသာ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မေ ၆ ရက်က ကျင်းပသည့် အုပ်စု(က) ပထမနေ့တွင် ဖိလစ်ပိုင်က တီမောကို လေးဂိုးပြတ်၊ လက်ရှိချန်ပီယံ ဗီယက်နမ်က အင်ဒိုနီးရှားကို သုံးဂိုးပြတ်ဖြင့် အနိုင် ရခဲ့သည်။ အုပ်စု (က) ဒုတိယနေ့အဖြစ် ယနေ့ မြန်မာ စံတော်ချိန် ညနေ ၃ နာရီခွဲတွင် မြန်မာအသင်းနှင့် တီမောအသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာအသင်းနှင့်ကစားရမည့် တီမောအသင်းသည် ဒုတိယ ပွဲအဖြစ် ယှဉ်ပြိုင်ကစားရခြင်းဖြစ်ပြီး ပထမပွဲတွင် ဖိလစ်ပိုင်အသင်းကို လေးဂိုးပြတ် အရေးနိမ့်ထားသည်။ တီမောအသင်းသည် ဖိလစ်ပိုင်ကို ဂိုးပြတ်အရေးနိမ့်ထားသော်လည်း ပြိုင်ပွဲအကြိုခြေစမ်းပွဲတွင် မလေးရှား ကို အနိုင်ကစားထားသဖြင့် မြန်မာအသင်းအနေဖြင့် အာရုံစူးစိုက်မှု အပြည့်ဖြင့် ကစားရန်လိုအပ်နေသည်။ မြန်မာအသင်းနှင့် တီမောအသင်း သည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ အုပ်စုအဆင့်တွင် တွေ့ဆုံခဲ့ဖူးပြီး မြန်မာ အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယခု ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာအသင်းတွင် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ ကြေးတံဆိပ် ဆုရအသင်းမှ ကစားသမားများပါဝင်လာသလို ပြည်ပကလပ်အသင်း များတွင် ခြေစွမ်းပြနေသည့် မောင်မောင်လွင်၊ ဟိန်းထက်အောင်နှင့် အောင်ကောင်းမာန်တို့ဖြင့် ဖွဲ့စည်းထားသဖြင့် အင်အားတောင့်တင်း ဖွယ် ရှိနေသည်။ သို့သော် ပြည်ပကလပ်များတွင် ကစားနေသူများအနေဖြင့် အသင်းနှင့် ပူးတွဲလေ့ကျင့်ချိန် နည်းပါးနေသဖြင့် အသင်းနှင့် အံဝင် မဝင်သာ လိုအပ်နေပြီး အသင်းနှင့် အမြန်အထိုင်ကျပါက ယခုအဖွင့်ပွဲ တွင် လိုအပ်နေသည့် အနိုင်သုံးမှတ် ရယူနိုင်မည်ဖြစ်သည်။ မြန်မာ အသင်းအနေဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ရန်အတွက် ပွဲကျပ်များ မကစားရမီ တီမော၊ ဖိလစ်ပိုင်တို့နှင့်ပွဲများတွင် အမှတ်ပြည့်ရယူထား နိုင်ရန် လိုအပ်နေသည်။
အုပ်စုပထမပွဲတွင် ဂိုးပြတ်နိုင်ပွဲကိုယ်စီရရှိထားသည့် ဗီယက်နမ် နှင့် ဖိလစ်ပိုင်အသင်းတို့၏ တွေ့ဆုံမှုမှာလည်း ပြိုင်ဆိုင်မှုပြင်းထန်ဖွယ် ရှိနေသည်။ သို့သော် အိမ်ရှင်ဗီယက်နမ်အသင်းသည် အင်ဒိုနီးရှား အသင်းကိုပင် သုံးဂိုးပြတ်အနိုင်ရထားရာ ဖိလစ်ပိုင်ကို ထပ်မံအနိုင်ရ ပါက ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် အခွင့်အရေးပိုများသွားမည် ဖြစ်သည်။
သတင်း-ရဲရင့်လွင်၊ ဓာတ်ပုံ-MFF