
ရန်ကုန် မေ ၈
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းပါဝင်သည့် ဆီးဂိမ်းအမျိုး သမီးဘောလုံးပြိုင်ပွဲ အုပ်စု(ခ)အတွက် ပွဲကြိုသတင်းစာရှင်းလင်း ပွဲကို မေ ၈ ရက်က ဗီယက်နမ်နိုင်ငံ၌ ပြုလုပ်သည်။ ယင်းသတင်းစာ ရှင်းလင်းပွဲကို မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးတင်မြင့် အောင်အပါအဝင် ထိုင်း၊ စင်ကာပူ၊ လာအိုအသင်းတို့မှ နည်းပြချုပ် များ တက်ရောက်ခဲ့သည်။
မြန်မာအသင်းနည်းပြချုပ် ဦးတင်မြင့်အောင်က ‘‘ဆီးဂိမ်းပြိုင်ပွဲ အတွက် အာရှဖလားပြိုင်ပွဲပြီးကတည်းက ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက် ပြင်ဆင်ချိန်လုံလောက်မှုရှိပါတယ်။ ပြီးခဲ့တဲ့ အာရှ ဖလားပြိုင်ပွဲက အားနည်းချက်၊ အားသာချက် တွေအပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ဒီပြိုင်ပွဲမှာ အဓိက ပြိုင်ဘက်ကတော့ အိမ်ရှင်ဗီယက်နမ်အပါအဝင် ထိုင်းနဲ့ဖိလစ်ပိုင် ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အသင်းတိုင်းမှာ ချန်ပီယံဖြစ်နိုင်တဲ့ အခွင့် အရေးလည်းရှိပါတယ်။ ကိုယ့်ဘက်က အတတ်နိုင်ဆုံးကြိုးစားဖို့ပဲလိုတာပါ’’ဟု ပြောကြားခဲ့သည်။ ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲကို
မေ ၉ ရက် (ယနေ့) စတင်မည် ဖြစ်ပြီး ဖိလစ်ပိုင်အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မြန်မာ အသင်းပါဝင်သည့် အုပ်စု(ခ) ပွဲစဉ် များကို မေ ၁၀ ရက်တွင် စတင် ကျင်းပမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုး သမီးဘောလုံး အသင်းသည် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အတွက် မေ ၇ ရက်မှစတင်ကာ ဗီယက်နမ်နိုင်ငံ၌ လေ့ကျင့် ပြင်ဆင်လျက်ရှိသည်။
မြန်မာအမျိုးသမီး အသင်း သည် တောင်ကိုရီးယားခြေစမ်း ခရီးစဉ်မှ မေ ၆ ရက်တွင် ဗီယက် နမ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး မေ ၇ ရက်မှစတင်ကာ လေ့ကျင့်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။ အိန္ဒိယ ကလပ် ဂိုကူလမ်အသင်းတွင် သွားရောက်ကစားနေသည့် တိုက် စစ်မှူး ဝင်းသိင်္ဂီထွန်းမှာလည်း မြန်မာအမျိုးသမီးအသင်း ဗီယက် နမ်နိုင်ငံသို့ ရောက်ရှိလာချိန်တွင် အသင်းနှင့် စတင်ပူးပေါင်းလျက် ရှိသည်။
ရဲရင့်လွင်