
ဆောင်းပါး
======
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ ( ၄၅ )မဲရုံကိုသွားလို့ မဲပေးကြပါစို့
================================================
မောင်စာဂ
ပြည်သူတွေမျှော်လင့်တောင့်တလာခဲ့သည့် ၂၀၂၀ ပြည့်နှစ်
အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် ၂ ရက်သာ လိုပါတော့သည်။ ပြည်သူတွေဝမ်းသာနေကြသည်။ မဲရုံကိုသွားလို့ မဲပေးကြဖို့ အဆင်သင့်ဖြစ်နေကြပြီ။ မဲရုံကို သွားဖို့ မည်သို့ကြိုတင်ပြင်ဆင်ကြရပါမည်နည်း။ မည်သို့ မည်ပုံ ဆန္ဒမဲပေးကြရပါမည်နည်း။ အနှစ်ချုပ်မျှဝေပါ
ရစေ။
မဲရုံကိုသွား၍ ဆန္ဒမဲပေးကြရမည့်သူများ
မဲစာရင်းတွင်အမည်ပါရှိသူများသည် မဲရုံသို့သွားရောက် ၍ ဆန္ဒမဲပေးကြရပါမည်။ သို့ရာတွင် ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးပြီးကြသူများသည် မဲရုံသို့သွား ရောက်၍ ဆန္ဒမဲပေးပိုင်ခွင့် မရှိကြပါ။ ကြိုတင်ဆန္ဒမဲ ပေးပြီးသူများသည် မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးကြမည် ဆိုလျှင် နှစ်ကြိမ်ဆန္ဒမဲပေးခြင်းဖြစ်သဖြင့် ပြစ်မှုကြောင်း အရ တရားစွဲဆိုခြင်းခံရမည်ဖြစ်သဖြင့် ထောင်ဒဏ် တစ်နှစ်နှင့် ငွေဒဏ်ကျပ်တစ်သိန်းအထိ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံစေနိုင်ပါသည်။
ကိုယ်တိုင်ဆန္ဒမဲပေးကြရမည်
မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးမည့်သူများသည် မဲဆန္ဒ ရှင်ကိုယ်တိုင်သွားရောက်၍ ဆန္ဒမဲပေးရမည်ဖြစ်သည်။ သူတစ်ပါးအယောင်ဆောင်၍ ဆန္ဒမဲပေးခြင်း မပြုရပါ။ ထိုသို့ပြုလျှင် ပြစ်မှုကြောင်းအရ တရားစွဲဆိုခြင်းခံရမည်။ ထောင်ဒဏ်တစ်နှစ်နှင့် ငွေဒဏ် ကျပ်တစ်သိန်းအထိ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံစေနိုင်ပါသည်။
အကူအညီလိုအပ်ခဲ့လျှင်
မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးမည့်သူသည် ဆန္ဒမဲ လက်မှတ်ပေါ်ရှိအမည်များကို မဖတ်တတ်လျှင် သို့မဟုတ် ညွှန်ကြားထားသည့်အတိုင်း ဆန္ဒမဲမပေးတတ်လျှင် မဲစာရင်း၌ပါရှိသော မိမိ၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊ သား သမီး၊ ညီအစ်ကိုမောင်နှမအရင်း တစ်ဦးဦးအား မိမိအတွက် အကူအညီပေးရန် မဲရုံအတွင်းသို့ ခေါ်ဆောင်ဝင်ရောက်ခွင့် ရှိသည်။ ထိုသူများမရှိလျှင် မဲရုံမှူး၏အကူအညီကို ရယူ နိုင်သည်။ ထိုသူတစ်ဦးဦး၏အကူအညီဖြင့် မိမိနှစ်သက်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းကို လျှို့ဝှက်ဆန္ဒပြု မဲပေးနိုင်သည်။
မဲဆန္ဒရှင်သည် မသန်စွမ်းသူဖြစ်လျှင် မဲစာရင်း၌ပါရှိ သော မဲဆန္ဒရှင်၏ ဖခင်၊ မိခင်၊ ခင်ပွန်း၊ ဇနီး၊ သားသမီး၊ ညီအစ်ကိုမောင်နှမအရင်းတစ်ဦးဦး သို့မဟုတ် မသန် စွမ်းသူကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ထားသောသူ တစ်ဦးဦးအား မိမိအတွက် အကူအညီပေးရန် မဲရုံအတွင်း သို့ ခေါ်ဆောင်ဝင်ရောက်ခွင့်ရှိသည်။ ထိုသူ၏အကူအညီ ဖြင့် မိမိနှစ်သက်ရာကိုယ်စားလှယ်လောင်းကို လျှို့ဝှက် ဆန္ဒပြုမဲပေးနိုင်သည်။
မဲရုံဖွင့်ချိန်နှင့်ပိတ်ချိန်
မဲရုံကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီတွင် စတင်ဖွင့်လှစ်မည်။ ထိုအချိန်မှစတင်၍ မဲရုံအတွင်းဝင်ရောက်ကာ ဆန္ဒမဲပေးနိုင်သည်။ ထိုနေ့ ညနေ ၄ နာရီထိုးသည့်အချိန်တွင် မဲရုံပိတ်မည်။ မဲရုံပိတ် ချိန် ညနေ ၄ နာရီထိုးပြီးမှ မဲရုံသို့ရောက်လာလျှင် ဆန္ဒမဲ ပေးခွင့် ရနိုင်မည်မဟုတ်တော့ပါ။
သို့ရာတွင် မဲဆန္ဒရှင် တစ်ဦးအနေဖြင့် ညနေ ၄ နာရီမထိုးမီ သတ်မှတ်ထား သော မဲရုံပရဝဏ်အတွင်းသို့ ရောက်ရှိနေပါက မဲပေးခွင့်ရရှိ မည်ဖြစ်သည်။ ညနေ ၄ နာရီထိုးသည်နှင့် မဲရုံပရဝဏ် အတွင်း ရောက်ရှိနေသူများကို မဲရုံမှူးက စာရင်းကောက်ယူ မည်ဖြစ်သည်။ ယင်းစာရင်းထဲတွင် မိမိ၏အမည်ပါရှိသွားဖို့ အထူးဂရုပြုရပါမည်။
မဲရုံသို့သွားတော့မည်ဆိုလျှင်
မဲရုံသို့သွားတော့မည်ဆိုပါက မိမိ၏နိုင်ငံသားစိစစ်ရေး ကတ်ပြား ယူဆောင်ပါ။ နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိခဲ့သော် မိမိ၏တရားဝင်ထုတ်ယူထားသော ကျောင်းသား ကတ် သို့မဟုတ် ကြက်ခြေနီကတ် သို့မဟုတ် အရန်မီးသတ် တပ်ဖွဲ့ဝင်ကတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင်တစ်ခုခု စသည်တို့ကို ယူဆောင်သွားပါ။ ယင်းကတ်များမရှိပါက မိမိသည်မဲစာရင်းတွင်ပါရှိသူ မှန်ကန်ကြောင်း ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာယူသွားပါ။ ထို့ပြင် မိမိအား ဝေငှထားသော မဲစာရင်းသက်သေခံ အထောက်အထားလက်မှတ် ယူဆောင်သွားပါ။ ကိုဗစ်-၁၉ ကာလဖြစ်၍ ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင် သွားပါ။
မဲရုံသို့ရောက်သည့်အခါ
မဲရုံသို့ရောက်သည့်အခါ မဲရုံသို့ဝင်ရောက်ရန် တန်းစီ နေရာယူပါ။ သတ်မှတ်ထားသည့်အတိုင်း တစ်ဦးနှင့်တစ်ဦး ၆ ပေခန့်အကွာ နေရာယူပါ။ အချို့မဲရုံများတွင် မဲဆန္ဒရှင် ဦးရေများပြားသဖြင့် အဆိုင်းနှစ်ဆိုင်း သို့မဟုတ် သုံးဆိုင်း ခွဲ၍ တန်းစီစေခြင်းများရှိတတ်သည်။ မည်သည့်အဆိုင်း တွင် မိမိဝင်ရောက်တန်းစီရမည်ကို မေးမြန်းပါ။ တာဝန်ရှိ သူများ၏ညွှန်ကြားမှုကို ခံယူပါ။ သတ်မှတ်နေရာများတွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်များသန့်စင်ဆေးကြော ခြင်း စသည်တို့ကို တာဝန်ရှိသူနှင့် ပူးပေါင်းဆောင်ရွက်ပါ။
ဆန္ဒပြုရမည့်လွှတ်တော်ကိုယ်စားလှယ်လောင်းများ
မိမိဆန္ဒပြုရမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များ၊ ၎င်းတို့၏ပါတီလိုဂိုတံဆိပ် အမှတ်အသားတို့ကိုသေချာမှတ်သားထားကြရမည်။ ပြည်ထောင်စုနယ်မြေဖြစ် သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းမှမြို့နယ် များတွင် နေထိုင်ကြသော မဲဆန္ဒရှင်များသည် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက်သာ ဆန္ဒမဲ ပေးကြရပါမည်။
အခြား တိုင်းဒေသကြီးများနှင့် ပြည်နယ်အတွင်းရှိ မဲဆန္ဒရှင်များသည် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် ဆန္ဒမဲပေးကြရပါမည်။ ထို့ပြင် အချို့သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ ၌ သတ်မှတ်ထားသည့်အတိုင်း တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများရှိခဲ့လျှင် သက်ဆိုင် ရာ တိုင်းရင်းသားလူမျိုးမဲဆန္ဒရှင်များက ၎င်းတို့၏ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း အတွက်ပါ ဆန္ဒမဲပေးကြရပါမည်။
ဆန္ဒမဲပေးသည့်အခါ လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးကို တစ်ပြိုင်တည်း ဆန္ဒမဲပေးခြင်း မပြုကြရပါ။ ပထမ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် ဆန္ဒမဲပေးရမည်။ ဒုတိယ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် ဆန္ဒမဲပေးရမည်။ တတိယ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် ဆန္ဒမဲပေးရမည်။ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းရှိပါက ၎င်း အတွက် ဆက်လက်၍ ဆန္ဒမဲပေးရပါမည်။
မဲရုံထဲသို့ဝင်ရောက်ပြီးဆန္ဒမဲပေးခြင်း
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် မဲစာရင်းစစ်ဆေးသူ မဲရုံအဖွဲ့ဝင်ထံ သွားရပါမည်။ မိမိ၏မဲစာရင်းအမှတ်စဉ်ကိုပြောပါ။ နိုင်ငံသားစိစစ်ရေး ကတ်ပြား သို့မဟုတ် အမှတ်အသားကတ်ပြားတစ်ခုခု ပြသ၍ မိမိ အမှန်တကယ်မဲဆန္ဒရှင်ဖြစ်ကြောင်း ပြောပါ။ မှန်ကန်ပါက မဲစာရင်းစစ်ဆေးသူက မှန်ကန်ကြောင်း အတည်ပြုပါမည်။ မဲစာရင်းတွင် လက်မှတ်ရေးထိုးခြင်း သို့မဟုတ် လက်ဗွေနှိပ်ခြင်းပြုရပါမည်။
ဒုတိယ မဲလက်မှတ်ထုတ်ပေးသူထံသွားရပါမည်။ ဆန္ဒမဲလက်မှတ်တောင်းယူရမည်။ ဆန္ဒမဲလက်မှတ်ရရှိ လျှင် ဆန္ဒပြုခန်းသို့သွားရောက်၍ လျှို့ဝှက်စွာဆန္ဒပြုရပါ မည်။ ပြီးလျှင် မဲလက်မှတ်ကို သေချာခေါက်၍ ပြည်သူ့ လွှတ်တော်မဲပုံးထဲသို့ ထည့်ရပါမည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း၊ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း (ရှိလျှင်) များ အတွက်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲစာရင်းစစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူများရှိသည်။ လွှတ်တော်အလိုက် လျှို့ဝှက်ဆန္ဒပြုခန်းများ ထားရှိသည်။ လွှတ်တော်များမကျန်ရအောင် ဆန္ဒမဲပေးကြဖို့ အရေးကြီးပါသည်။
လွှတ်တော်အသီးသီးအတွက် ဆန္ဒမဲပေးပြီးပါက နောက်ဆုံး မဲရုံမှအထွက်တွင် ဆန္ဒမဲပေး ပြီးကြောင်းမင်တို့ ရန် တာဝန်ရှိသူထံတွင် မိမိ၏လက်သန်းအား မင်တို့ခြင်း ကိုခံယူပါ။ ဤတွင် ဆန္ဒမဲပေးခြင်းပြီးမြောက်ပါသည်။
နိုင်ငံသားတစ်ဦးတာဝန်ကျေပွန်ပါသည်။ ဂုဏ်ယူကြရပါ မည်။
ပယ်မဲမဖြစ်စေရေး
မဲလက်မှတ်ပေါ်တွင်ဆန္ဒပြုသည့်အခါ ပယ်မဲမဖြစ်သွား ရေးသည် အထူးအရေးကြီးပါသည်။ မည်သို့သော ဆန္ဒမဲ လက်မှတ်မျိုးသည် ပယ်မဲဖြစ်သည်ကို ကြိုတင်လေ့လာ သိရှိထားကြရပါမည်။ အဓိကအချက်ကိုပြောရလျှင် မဲလက်မှတ်ရသည့်အခါ မဲရုံမှူးလက်မှတ်ပါမပါ ကြည့်ပါ။ မဲလက်မှတ် စုတ်ပြဲနေသလား၊ အစွန်းအထင်းတွေပေနေ သလား ကြည့်ပါ။ မဲရုံမှူးလက်မှတ်မပါလျှင်၊ မဲလက်မှတ် စုတ်ပြဲနေလျှင်၊ အစွန်းအထင်းပေနေလျှင် မဲလက်မှတ်ကို ပြန်လဲပေးရန်တောင်းဆိုပါ။ ဤသို့ဆိုလျှင် ပထမအဆင့် စိတ်ချရပါမည်။
ဒုတိယအဆင့် ဆန္ဒမဲလက်မှတ်ပေါ်တွင် ဆန္ဒပြုသည့် အခါ မိမိရွေးချယ်မည့် လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်သည့် တံဆိပ်နှိပ်ရမည့် အကွက်တည့်တည့်တွင် အမှန်ခြစ်တံဆိပ်တုံးကိုနှိပ်ပါ။ ကိုယ်စားလှယ်လောင်း တစ်ဦးထက်ပို၍ အမှန်တံဆိပ်မနှိပ်ပါနှင့်။ ဆန္ဒမဲလက်မှတ် ပေါ်တွင် အမှတ်အသားတွေမပြုလိုက်ပါနှင့်။ ဆန္ဒပြုပြီး ဆန္ဒမဲလက်မှတ်ကို သေချာခေါက်၍ မဲပုံးထဲထည့်လိုက်ပါ။ ခိုင်လုံမဲဖြစ်မည်မှာ သေချာပါသည်။ မိမိ၏ပြုလုပ်မှုကြောင့် မဲလက်မှတ် စုတ်ပြဲခြင်း သို့မဟုတ် အစွန်းအထင်းပေခြင်း မဟုတ်လျှင် ခိုင်လုံမဲအဖြစ် သတ်မှတ်ပါသည်။
ဘေးကင်းလုံခြုံစွာဆန္ဒမဲပေးနိုင်ကြပါစေ
ကိုဗစ်-၁၉ ကာလ မဲရုံကိုသွား၍ ဆန္ဒမဲပေးကြမည်ဖြစ်၍ မဲရုံသို့သွားစဉ်၊ မဲရုံသို့ရောက်စဉ်၊ မဲရုံအတွင်းဝင်ရောက်၍မဲပေးစဉ်နှင့် မဲရုံမှပြန်လည်ထွက်ခွာစဉ်အချိန်များတွင် လူစုလူဝေး မဖြစ်စေဘဲ တာဝန်ရှိသူများ၏ညွှန်ကြားမှုများ ကိုခံယူ၍ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။ ထိုသို့ လိုက်နာဆောင်ရွက်ကြခြင်းအားဖြင့် ဘေးကင်း လုံခြုံစိတ်ချစွာဖြင့် မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စား လှယ်လောင်းများကို ဆန္ဒမဲပေး ရွေးချယ်နိုင်ကြပါမည်။ မဲရုံသို့သွားလို့ ဆန္ဒမဲတွေပေးကြပါစို့ဟူ၍ နှိုးဆော် တိုက်တွန်း လိုက်ပါရစေ။
ကြိုတင်ဆန္ဒမဲပေးပြီးသူများမှအပ မဲဆန္ဒရှင်တိုင်း မဲရုံသို့သွား၍ ဆန္ဒမဲပေးနိုင်ကြပါစေ၊
ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာ၍ ဘေးကင်းလုံခြုံစိတ်ချစွာ ဆန္ဒမဲပေး နိုင်ကြပါစေ၊
မိမိနှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို
ရွေးချယ်ဆန္ဒမဲပေးနိုင်ကြပါစေ။ ။
- Log in to post comments