
ရန်ကုန် မေ ၁၀
ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပထမနေ့ကို မေ ၁၀ ရက်က ဗီယက်နမ်နိုင်ငံ၌ကျင်းပရာ မြန်မာအသင်းက လာအိုအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းနှင့် လာအိုအသင်းပွဲကို ပုံမှန်အရ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ယှဉ်ပြိုင်ရမည် ဖြစ်သော်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာစံတော်ချိန် ည ၉ နာရီသို့ ပြောင်းလဲကစားခြင်းဖြစ်သည်။
မြန်မာအသင်း၏ ပွဲထွက်လူစာရင်းတွင် မေဇင်နွယ် (ဂိုး)၊ အေးအေးမိုး၊ ခင်သန်းဝေ၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ ခင်မိုမိုထွန်း၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်း၊ မြတ်နိုးခင်၊ ဝင်းသိင်္ဂီထွန်း၊ ဂျူလိုင်ကျော်တို့ ပါဝင်ခဲ့သည်။ လာအိုအသင်း၏ ခံစစ်ဦးစားပေးကစား ပုံကြောင့် မြန်မာအသင်းသည် ပွဲစကတည်းက ခြေအသာဖြင့် ဖိကစား နိုင်ခဲ့သည်။ မြန်မာအသင်းအတွက် ပထမဂိုးကို မိနစ် ၃၀ တွင် ဝင်းသိင်္ဂီ ထွန်းက သွင်းယူခဲ့သည်။ ဒုတိယပိုင်း ၅၇ မိနစ်နှင့် ၆၈ မိနစ်တို့တွင် အသင်းခေါင်းဆောင် ခင်မာလာထွန်းက ဂိုးသွင်းယူခဲ့သည်။
အုပ်စု (ခ) အခြားပွဲတွင် ထိုင်းအသင်းက စင်ကာပူအသင်းကို သုံးဂိုး ပြတ် အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် မေ ၁၃ ရက်တွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်