
ရန်ကုန် မေ ၁၄
ဆီးဂိမ်းအမျိုးသမီးဖူဆယ် ပြိုင်ပွဲ အတွက် ပွဲကြိုသတင်းစာရှင်းလင်း ပွဲကို မေ ၁၄ ရက်က ပြုလုပ်ရာ မြန်မာအမျိုးသမီးဖူဆယ်အသင်း နည်းပြချုပ် ဦးတင်မောင်ဌေးနှင့် အသင်းခေါင်းဆောင် ခိုင်နှင်းသန့် တို့ တက်ရောက်ကြသည်။
မြန်မာအမျိုးသမီး ဖူဆယ် အသင်းနည်းပြချုပ် ဦးတင်မောင် ဌေးက “ကျွန်တော်တို့ အုပ်စုအဖွင့် ပွဲစဉ်မှာ ရင်ဆိုင်ရမယ့် အိမ်ရှင် ဗီယက်နမ်အသင်းဟာ တောင့် တင်းတဲ့ အသင်းတစ်သင်းဖြစ်ပါ တယ်။ ဆီးဂိမ်းမှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်အသင်းတိုင်းဟာ အသင်း ကောင်းတွေ ဖြစ်တာကြောင့် ပွဲတိုင်းကို အကောင်းဆုံးပြင်ဆင် ကစားသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းဟာ ဆီးဂိမ်း မတိုင်မီ ထိုင်းနိုင်ငံမှာ ရက် ၂၀ ကျော်နေထိုင်ပြီး NSDF ဖိတ်ခေါ် ပြိုင်ပွဲ၊ ကလပ်အသင်းနှစ်သင်းနဲ့ ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ပါတယ်” ဟု ပြောကြားသည်။
အသင်းခေါင်းဆောင် ခိုင်နှင်း သန့်က “ဆီးဂိမ်းပြိုင်ပွဲမှာ အသင်း ကောင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ် တာကြောင့် ခက်ခဲမှာဖြစ်ပေမယ့် ရလဒ်ကောင်းရဖို့ တစ်ပွဲချင်း အကောင်းဆုံး ပြင်ဆင်ကစား သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် အိမ်ရှင် ဗီယက်နမ်အပါအဝင် ထိုင်း၊ မလေးရှားနှင့် မြန်မာ လေးသင်းသာ ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ အုပ်စုပထမ နေ့အဖြစ် မေ ၁၅ ရက် (ယနေ့) မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ခွဲတွင် ထိုင်းနှင့် မလေးရှား၊ မြန်မာ စံတော်ချိန် ညနေ ၃ နာရီခွဲတွင် မြန်မာနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ - MFF