မြန်မာအမျိုးသမီးဘောလုံးအသင်း ဆီးဂိမ်း ဆီမီးဖိုင်နယ်တက်ရောက်

 

ရန်ကုန်    မေ   ၁၅


(၃၁) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးနေ့ ပြိုင်ပွဲကို မေ  ၁၅  ရက်က ဗီယက်နမ်နိုင်ငံ ၌  ဆက်လက်ကျင်းပရာ မြန်မာအသင်း နိုင်ပွဲရယူပြီး ဆီမီးဖိုင်နယ် တက်ရောက် သွားသည်။

 


မြန်မာအမျိုးသမီး    အသင်းသည် စင်ကာပူအသင်းကို   တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ခြင်းဖြစ်သည်။  မြန်မာအသင်းအနေဖြင့် စင်ကာပူအသင်းကို   ယခုထက်   ဂိုးပိုမို သွင်းယူနိုင်သင့်သော်လည်း ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် သွင်းယူသည့် တစ်ဂိုး ဖြင့်သာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာ အသင်းသည် တစ်ဂိုးအသာဖြင့် အနိုင်ရ သဖြင့်       ထိုင်းကို        ဂိုးကွာခြားချက် အသာမရဘဲ     အုပ်စုဒုတိယဖြင့်သာ ဆီမီးဖိုင်နယ်  တက်ရောက်နိုင်ခဲ့ သည်။

 


မြန်မာအမျိုးသမီး   အသင်း နည်းပြချုပ်   ဦးတင်မြင့်အောင် သည်     ပွဲထွက်လူစာရင်းတွင် ခင်မာလာထွန်း၊  ဝင်းသိင်္ဂီထွန်း၊ အေးအေးမိုး၊ ချစ်ချစ်၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊     သင်းသင်းယု၊  နော်ထက်ထက်ဝေ၊ ဂျူလိုင်ကျော် တို့ကို  ဆက်လက်  အသုံးပြုကာ ဇူးလတ်နဒီ (ဂိုး)နှင့် ပုံ့ပုံ့ပြည့်မောင် တို့ကို    ပွဲထွက်လူစာရင်းတွင် ပထမဆုံးအသုံးပြုခဲ့သည်။  မြန်မာ အသင်းသည် ပွဲစတကည်းက ခြေအသာဖြင့်  ကစားနိုင်သော် လည်း အဆုံးသတ် အားနည်းခြင်း၊    စင်ကာပူအသင်း၏ ခံစစ်ကစားပုံ ကို    မကျော်နိုင်ခြင်းတို့ကြောင့် ဂိုးရရန် ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။  ပထမပိုင်းတွင်   မြန်မာအသင်း ဂိုးရနိုင်သည့်အခွင့်အရေး သုံးကြိမ် ရခဲ့သော်လည်း ဝင်းသိင်္ဂီထွန်းနှင့် ခင်မာလာထွန်းတို့   အသုံးချနိုင် ခြင်း   မရှိခဲ့ပေ။   ဒုတိယပိုင်းတွင်     မြန်မာအသင်းက  ကစားသမား များ      အပြောင်းအလဲ    ပြုလုပ် ကာ  တိုက်စစ်မြှင့်ခဲ့သော်လည်း ဂိုးရရန်  ရုန်းကန်နေရပြီး  ပွဲပြီး ခါနီး နာကျင်အချိန်ပိုမှသာ  အနိုင် ဂိုးရခဲ့ခြင်းဖြစ်သည်။   ယင်းဂိုးကို    တိုက်စစ်မှူး    ဝင်းသိင်္ဂီထွန်းက    ၉၀+၄   မိနစ်တွင်    သွင်းယူခဲ့ခြင်း ဖြစ်သည်။

 


အုပ်စု (ခ) ပွဲစဉ်များ   ပြီးဆုံး သွားပြီဖြစ်ရာ   ထိုင်းနှင့်  မြန်မာ အသင်းက နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ခုနစ်မှတ်စီ       ရခဲ့သော်လည်း ဂိုးကွာခြားချက်ဖြင့် ထိုင်းအသင်း က အုပ်စုပထမ၊ မြန်မာအသင်းက အုပ်စု ဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ကာ     သုံးမှတ်ရ သည့် စင်ကာပူအသင်းနှင့် အမှတ် မရခဲ့သည့်  လာအိုအသင်းတို့မှာ   အုပ်စုအဆင့်မှ   ထွက်ခဲ့ရသည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို    မေ ၁၈ ရက်တွင်  ဆက်လက်ကျင်းပ မည်ဖြစ်ပြီး     မြန်မာအသင်းမှာ     အိမ်ရှင်     ဗီယက်နမ်အသင်းနှင့်  တွေ့ဆုံနေပြီး  ထိုင်းအသင်းမှာမူ ဖိလစ်ပိုင်အသင်းနှင့် ကစားရမည် ဖြစ်သည်။


ရဲရင့်လွင်