မြန်မာအမျိုးသမီးဘောလုံးအသင်း ဗီယက်နမ်ကို ရှုံးနိမ့်ခဲ့ရသော်လည်း ပရိသတ်များ၏ တစ်ခဲနက်ထောက်ခံအားပေးမှုများစွာ ရရှိခဲ့

 

နေပြည်တော်     မေ    ၁၈


(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို  ဗီယက်နမ် နိုင်ငံက    အိမ်ရှင်အဖြစ်   လက်ခံကျင်းပလျက်ရှိရာ    အာဆီယံနိုင်ငံ အသီးသီးမှ နိုင်ငံကိုယ်စားပြု အားကစားအသင်း၊ အဖွဲ့များ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး ဘောလုံးအားကစားပြိုင်ပွဲတွင်  မြန်မာအမျိုးသမီး ဘောလုံးအသင်းအနေဖြင့် အုပ်စုအဆင့်ကို ကျော်ဖြတ်၍ အကြိုဗိုလ်လု ပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။    

 


အကြိုဗိုလ်လုပွဲစဉ်ကို     ယနေ့ညနေပိုင်းတွင်     ကျင်းပခဲ့ရာ  မြန်မာအမျိုးသမီး    ဘောလုံးအသင်းအနေဖြင့်    အိမ်ရှင်ဗီယက်နမ် အမျိုးသမီးဘောလုံးအသင်းနှင့်   ယှဉ်ပြိုင်ကစားခဲ့ရသည်။   အိမ်ရှင် ဗီယက်နမ်အမျိုးသမီး ဘောလုံးအသင်းအနေဖြင့် အစဉ်အလာရှိသည့် အသင်းဖြစ်ပြီး    အိမ်ရှင်အသင်းဖြစ်သည်နှင့်အညီ    ပရိသတ်အား၊ ကစားအားအသာဖြင့်    မြန်မာအသင်းကို   ယှဉ်ပြိုင်ခဲ့ပြီး   တစ်ဖက် နှင့်တစ်ဖက် အပြန်အလှန်   ဖိအားပေးကစားနိုင်ခဲ့သော်လည်း  မြန်မာ အမျိုးသမီးဘောလုံးအသင်းအနေဖြင့်   ဂိုးကံခေခဲ့ခြင်း၊    ဗီယက်နမ် ဂိုးသမား၏ လက်စွမ်းပြကာကွယ်ခြင်းများကြောင့် ဗီယက်နမ်အမျိုးသမီး ဘောလုံးအသင်းက မြန်မာအမျိုးသမီးဘောလုံးအသင်းကို   ပထမပိုင်း ပွဲကစားချိန် ၂၇ မိနစ်တွင် သွင်းယူခဲ့သည့် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 


မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် နိုင်ငံချစ်စိတ်အပြည့် ဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းများကို  အပြည့်အဝအသုံးချပြီး တစ်ဦးချင်း အားသွန်ခွန်စိုက်   ကြိုးပမ်း၍   ယှဉ်ပြိုင်ကစားခဲ့သော်လည်း   အိမ်ရှင် ဗီယက်နမ်အသင်းကို   တစ်ဂိုး- ဂိုးမရှိရလဒ်ဖြင့် ကံအကြောင်းမလှစွာဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ထိုသို့   ကျဉ်းမြောင်းသောဂိုးရလဒ်ဖြင့်   ရှုံးနိမ့်ခဲ့ရသော် လည်း မြန်မာပြည်သူလူထုအပါအဝင် အခြားသောဘောလုံးဝါသနာရှင် ပရိသတ်များ၏  တစ်ခဲနက်ထောက်ခံအားပေးမှုများစွာကို  အပြည့်အဝ ရရှိခဲ့သည်။

 


တစ်ဖက်တွင်ကစားခဲ့သည့် ထိုင်းအမျိုးသမီးဘောလုံးအသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီး ဘောလုံးအသင်းတို့၏ အကြိုဗိုလ်လုပွဲစဉ်တွင် ထိုင်းအသင်းက သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောကြောင့်  ဗိုလ်လုပွဲတွင် ထိုင်းအမျိုးသမီးဘောလုံးအသင်းနှင့်   အိမ်ရှင်ဗီယက်နမ်  အမျိုးသမီး ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ဗိုလ်လု ကစားရမည်ဖြစ်ပြီး မြန်မာအမျိုးသမီး ဘောလုံးအသင်းနှင့် ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းတို့သည် မေ ၂၁ ရက်တွင်  တတိယနေရာလုပွဲ  ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သတင်းရရှိသည်။                      

သတင်းစဉ်