ဂုဏ်ယူနွှဲပျော် ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်

Type
၁

ဂုဏ်ယူနွှဲပျော် ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်

=========================

 

တွေ့ဆုံမေးမြန်း - မွန်းဦးနဒီ

===============

 

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်ကြီးကျင်းပရန်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ရာပြည့်ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ ဆပ်ကော်မတီအလိုက် ကျင်းပသွားမည့် အခမ်းအနားများနှင့် ပညာရေးကဏ္ဍပြန်လည်မြင့်မားစေရန် နိုင်ငံတကာနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို သိရှိနိုင်ရန် ရန်ကုန်တက္ကသိုလ်၏ ၁၆ ဦးမြောက် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းအား မြန်မာ့သတင်းစဉ်က ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-

 

မေး ။ ။ မကြာမီ ကျရောက်တော့မယ့် ရန်ကုန် တက္ကသိုလ်ရဲ့ ရာပြည့်အခမ်းအနားအတွက်

စီစဉ်ဆောင်ရွက်ထားမှုများကို သိပါရစေ။

ဖြေ ။ ။ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်ဂုဏ်ပြု အခမ်းအနားကို ကိုဗစ် - ၁၉ ကာကွယ်၊

ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတ်မှတ်ပေးထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က ကြိုတင် ရိုက်ကူးထားတာတွေကို ထုတ်လွှင့်ခြင်း၊ ဒစ်ဂျစ်တယ် နည်းပညာနဲ့ ပေါင်းစပ်ထုတ်လုပ်ခြင်းစတဲ့ Virtual စနစ်နဲ့ ကျင်းပမှာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ Virtual အခမ်းအနား ကျင်းပပြုလုပ်သွားဖို့ လျာထားလျက်ရှိပြီး မြန်မာ့ရုပ်မြင်သံကြားကနေ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ ရာပြည့်အခမ်းအနားကျင်းပရေး လုပ်ငန်း ကော်မတီအသီးသီးက ဆောင်ရွက်ထားတဲ့

အစီအမံတွေကိုလည်း ပြောပြပေးပါဦး ဆရာကြီးရှင့်။

ဖြေ ။ ။ ရာပြည့်လုပ်ငန်းကော်မတီ ၁၇ ရပ်ထဲမှ အခု လက်ရှိအခြေအနေအရ အကောင်အထည်

ဖော်နိုင်တဲ့ လုပ်ငန်းကော်မတီတွေရဲ့ လုပ်ဆောင်ချက် တွေကို MRTV အကူအညီနဲ့ ရိုက်ကူးတင်ဆက်သွားမှာ ဖြစ်ပါတယ်။

ပထမဆုံးလုပ်ငန်းကော်မတီကတော့ သမိုင်းနှင့် အထိမ်းအမှတ်စာစောင်များ ပြုစုထုတ်ဝေရေးလုပ်ငန်း ကော်မတီ ဖြစ်ပါတယ်။ အဲဒီကော်မတီက ရာပြည့် Logo ပြိုင်ပွဲကျင်းပပြီး ရွေးချယ်ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ အသုံးပြုနေပြီဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ် အထူးစာစောင် (၄) တွဲမှာ အတွဲအမှတ် (၁) နဲ့ (၂) က စာမူတွေအဆင်သင့်ဖြစ်ပြီမို့ ပုံနှိပ်ထုတ်ဝေဖို့ တင်ဒါခေါ်ယူအပ်နှံပြီး ဖြစ်ပါတယ်။ ရာပြည့်သမိုင်း၊ ရာပြည့် ရက်စဉ်သမိုင်းစာအုပ်တွေကိုလည်း ထုတ်ဝေဖို့ ဆောင်ရွက်နေပြီး ဘာသာရပ်ဌာနများ တိုးတက်မှု မှတ်တမ်းစာအုပ်ကိုလည်း ထုတ်ဝေဖို့ စီစဉ်ဆောင်ရွက် နေဆဲ ဖြစ်ပါတယ်။

နောက်လုပ်ငန်းကော်မတီက သုတေသနစာတမ်း ဖတ်ပွဲနှင့် ဟောပြောပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အဖြစ် ၁၉-၁၁-၂၀၂၀ ရက်နေ့နဲ့ ၂၀-၁၁-၂၀၂၀ ရက်နေ့ မှာ Research Conference for the Centenary of the University of Yangon (RCCUY2020)၊ ၄-၁၂-၂၀၂၀ ရက်နေ့နဲ့ ၅-၁၂-၂၀၂၀ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်နဲ့ University of Cologne တို့ ပူးပေါင်းကျင်းပမယ့် “International Conference: Transformation Processes in Myanmar V” တို့ကို အသီးသီး ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဘာသာရပ်နယ်ပယ်ပေါင်းစုံမှ သုတေသနစာတမ်းတွေကို ဖတ်ကြားတင်သွင်းသွားမှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ အခြေအနေအရ စာတမ်းဖတ်ပွဲကို Zoom Application သုံးစွဲပြီး Virtual Conference အနေနဲ့ ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက IT နည်းပညာဆိုင်ရာ လုပ်ငန်း ကော်မတီ ဖြစ်ပါတယ်။ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်က ဦးစီးပြီး “Education 4.0 toward Industry 4.0” Theme နဲ့ IT နည်းပညာဆိုင်ရာစကားဝိုင်းဆွေးနွေးပွဲကို Panelist လေးဦးနဲ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ဒုတိယတစ်ခု အနေနဲ့ “World Robotic Challenge အတွေ့အကြုံ ဆွေးနွေးပွဲ” ဖြစ်ပြီး နှစ်ခုလုံးကို နိုဝင်ဘာလနောက်ဆုံး အပတ်မှာ MRTV Studio မှာရိုက်ကူးပြီး Virtual စနစ်နဲ့ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

သက်ကြီးပူဇော်ပွဲ လုပ်ငန်းကော်မတီအနေနဲ့ ရန်ကုန် တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ် မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် (၈၂) နှစ်အထက် အငြိမ်းစားဆရာကြီး ဆရာမကြီး ၁၅၀ ကျော်ကို သက်ကြီးပူဇော်ပွဲအဖြစ် ကိုဗစ် - ၁၉ အခြေအနေအပေါ် မူတည်ပြီး Face to Face (သို့မဟုတ်) Virtual နဲ့ ကန်တော့ ဖို့ စီစဉ်နေပါတယ်။ ခန့်မှန်းကာလအနေနဲ့ နိုဝင်ဘာ လလယ်ခန့်မှာ ကန်တော့ပစ္စည်းနဲ့ ငွေသားပေးပို့ဖို့ ရည်ရွယ် ထားပါတယ်။ သွားရောက်ကန်တော့ရာမှာ ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းတွေ ရိုက်ကူးသွားမှာဖြစ်ပြီး MRTV နဲ့ ချိတ်ဆက် ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ Zoom နဲ့ ဆောင်ရွက်ဖို့ အကူအညီရရှိနိုင်တဲ့ ဆရာကြီး ဆရာမကြီးတွေကို ဗီဒီယို ကွန်ဖရင့်စနစ်နဲ့ ကန်တော့သွားဖို့လည်း စီစဉ်ထားပါတယ်။ သွားရောက်ကန်တော့ဖို့ အခက်အခဲရှိတဲ့ ဆရာကြီး ဆရာမကြီးတွေကိုယ်စား ဓာတ်ပုံတွေနဲ့ ကန်တော့နိုင်ဖို့ လည်း ညှိနှိုင်းထားပါတယ်။ သက်ကြီးစကား သက်ငယ်ကြား စကားဝိုင်းကိုလည်း MRTV နဲ့ ရိုက်ကူးတင်ဆက်ဖို့ စီစဉ် ထားပါတယ်။

နောက်ကော်မတီတစ်ခုဖြစ်တဲ့ ပြပွဲ၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီအနေနဲ့ စာစီစာကုံးပြိုင်ပွဲအတွက် အထက်မြန်မာပြည်က ကျောင်းသား ကျောင်းသူ ၁၆ ဦး၊ အောက်မြန်မာပြည်က ကျောင်းသား ကျောင်းသူ ၁၆ ဦး ရွေးချယ်ထားပြီးဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ကိုဗစ် - ၁၉ အခြေအနေအရ နီးစပ်ရာတက္ကသိုလ်တွေမှာ ကျင်းပဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ ရသစာတမ်းနဲ့ ကဗျာပြိုင်ပွဲကိုလည်း ပြုလုပ်သွားဖို့ အစီအစဉ်ရှိပြီး ခေါင်းစဉ်ကို သက်ဆိုင်ရာတက္ကသိုလ်တွေကို ပေးပို့ပြီး ပြိုင်ပွဲကျင်းပသွားမှာဖြစ်ပါတယ်။ ရသစာတမ်း (ဘွဲ့ကြို)၊ ရသစာတမ်း (ဘွဲ့လွန်)၊ ကဗျာပြိုင်ပွဲ (ဘွဲ့ကြို)နဲ့ ကဗျာပြိုင်ပွဲ (ဘွဲ့လွန်) အဖြစ် ပြိုင်ပွဲစုစုပေါင်း လေးမျိုး ကျင်းပသွားမှာ ဖြစ်ပါတယ်။

ခေတ်အလိုက်၊ ဝတ်စားဆင်ယင်မှုပြပွဲကို ရန်ကုန် တက္ကသိုလ် ငွေရတု၊ ရွှေရတု၊ စိန်ရတုနဲ့ ရာပြည့်ခေတ် လေးခေတ်တို့မှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စားဆင်ယင်မှုပုံစံ မျိုးစုံကို ကျောင်းသား ကျောင်းသူ ၂၄ ဦးက ဝတ်ဆင်ပြီး ရိုက်ကူးပြသမှာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်က အစဉ် အဆက် ချီးမြှင့်အပ်နှင်းတဲ့ ဘွဲ့ဝတ်စုံအမျိုးမျိုးကိုလည်း ဝတ်ဆင်ပြသပြီး MRTV ကနေ ရိုက်ကူးထုတ်လွှင့်မှာဖြစ်ပါ တယ်။ ပြပွဲတွေကို မြန်မာ့ရုပ်မြင်သံကြားနဲ့ပူးပေါင်းပြီး Virtual စနစ်နဲ့ ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းထားပါတယ်။

ပျော်ပွဲ ရွှင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီကတော့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)က ဦးစီးပြီး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို အဖွဲ့တစ်ဖွဲ့လျှင် သုံးဦးနဲ့ မည်သူမဆို ယှဉ်ပြိုင်နိုင်ပြီး ရွေးချယ်ခံရတဲ့ပြိုင်ပွဲ ဝင်တွေရဲ့ အဆင့်အလိုက်ပြိုင်ပွဲတွေကို MRTV ကနေ ရိုက်ကူးထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

နောက်တစ်ခုက ပြန်ကြားရေးနှင့် သတင်းထုတ်ပြန် ရေးလုပ်ငန်းကော်မတီ ဖြစ်ပါတယ်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကနေ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို ပြိုင်ပွဲတွေ၊ ကာတွန်းပြိုင်ပွဲ၊ ဓာတ်ပုံ၊ ပန်းချီပြိုင်ပွဲ ကျင်းပဖို့ ဖိတ်ခေါ် ဆောင်ရွက်ထားပါတယ်။ မြန်မာ့ရုပ်မြင် သံကြားကနေလည်း လက်ရှိမှာ ရန်ကုန်တက္ကသိုလ်ဆိုင်ရာ မြန်မာရုပ်ရှင်ဇာတ်ကားတွေနဲ့ ဂုဏ်ပြုအစီအစဉ်၊ ရန်ကုန် တက္ကသိုလ်ဆိုင်ရာ တေးသီချင်း ၁၀၀ တင်ဆက်မှု အစီအစဉ် တွေကို တင်ဆက်ပြသနေတာ ကြည့်ရှုသူတွေ အားရ ကျေနပ်တာကို သိရှိရပါတယ်။

နောက်ကော်မတီတစ်ခုဖြစ်တဲ့ တက္ကသိုလ်များ ဓမ္မာရုံ ပြုပြင်‌ရေးလုပ်ငန်းကော်မတီက တက္ကသိုလ်များ ဓမ္မာရုံ မှတ်တမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး MRTV ကနေ ရိုက်ကူးတင်ဆက်ပြသသွားမှာ ဖြစ်ပါ တယ်။

သီးခြားလှုပ်ရှားမှုတွေအနေနဲ့ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနက ဦးစီးကျင်းပခဲ့တဲ့ အမှတ်သညာပွဲတော် (ဒုတိယပိုင်း) အဖြစ် ကျင်းပမယ့် “ရာပြည့်ဓာတ်ပုံပြပွဲ” ကို ရန်ကုန်တက္ကသိုလ် သစ်ပုပ်ပင်ရှေ့မှာ ခင်းကျင်းပြီး MRTV ကနေ ရိုက်ကူးတင်ဆက်ဖို့ စီစဉ်နေပါတယ်။ တက္ကသိုလ်အနုပညာအသင်းတွေရဲ့ သီဆိုဖျော်ဖြေပွဲ ကိုလည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ ရိုက်ကူး ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။ ရန်ကုန်တက္ကသိုလ် ပြတိုက်ဖြစ်မြောက်ရေးအတွက် ပြတိုက်နေရာအဖြစ် အိမ်အမှတ်(၃၃) အဓိပတိလမ်း ရန်ကုန်တက္ကသိုလ်ကို ရွေးချယ်သတ်မှတ်ထားရှိတယ်။ ရန်ကုန်တက္ကသိုလ် ဖြစ်တည်လာခြင်းကာလ (၁၈၇၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)၊ ရန်ကုန် တက္ကသိုလ် ငွေရတုကာလ (၁၉၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)၊ ရန်ကုန် တက္ကသိုလ် ရွှေရတုကာလ (၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၉၇၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)၊ ရန်ကုန် တက္ကသိုလ် စိန်ရတုကာလ (၁၉၇၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)၊ ရန်ကုန် တက္ကသိုလ်- ရာပြည့်သဘင်ကာလ (၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် မှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်) စုစုပေါင်း ပြခန်း ငါးခန်း ရှိပါတယ်။

m စာမျက်နှာ ၂၀ မှ

အဲဒီအတိုင်း Physical Museum ရှိတဲ့အပြင် Virtual Museum အဖြစ်လည်း ဆောင်ရွက်ထားရှိပါတယ်။ ရန်ကုန်တက္ကသိုလ်ဘာသာရပ်အသီးသီးရှိ ပြတိုက်တွေ၊ ဓာတ်ခွဲခန်းတွေ၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်၊ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၊ ဘွဲ့နှင်းသဘင် စတဲ့ အထင်ကရ အဆောက်အအုံတွေ၊ ‌‌နေရာတွေကို Digital နည်းပညာနဲ့ 3D Virtual Reality တွေအဖြစ် ဖန်တီးပြီး Virtual Museum Network တစ်ခုအဖြစ် တည်ဆောက် မှာ ဖြစ်ပါတယ်။ Virtual Tour အနေနဲ့ ကြည့်ရှုခံစား နိုင်အောင် ဖန်တီးဆောင်ရွက်မှာ ဖြစ်ပါတယ်။

မေး ။ ။ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ဥပဓိရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ချက်များ

အကြောင်းလည်း သိချင်ပါတယ် ဆရာကြီးရှင့်။

ဖြေ ။ ။ ရန်ကုန်တက္ကသိုလ်ဟာ မိမိတို့ တက္ကသိုလ် ပရဝဏ်ကောင်းမွန်လှပစေဖို့နဲ့ကျောင်းသား

ကျောင်းသူတွေ ပညာသင်ကြားမှုအဆင်ပြေစေဖို့အတွက် စာသင်ဆောင်တည်ဆောက်ခြင်းလုပ်ငန်းတွေ၊ ကျောင်းသား ကျောင်းသူအိပ်ဆောင်တွေ တည်ဆောက်ခြင်းလုပ်ငန်းတွေ၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းတွေနဲ့ နှစ်စဉ် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို နှစ်စဉ်ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ရရှိမှုအလိုက် ဆောက်ရွက်ခဲ့ပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကစတင်ပြီး ရန်ကုန် တက္ကသိုလ် ရာပြည့်ပွဲတော်ကျင်းပနိုင်ဖို့အတွက် ရန်ကုန် တက္ကသိုလ် ကမာရွတ်နယ်မြေမှာ ဥပဓိရုပ်ကောင်းမွန်စေဖို့ အဆောက်အအုံပိုင်းဆိုင်ရာ လုပ်ငန်းတွေကို ဘဏ္ဍာရေးနှစ် အလိုက် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေကတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ရာမည၊ အမရ၊ မန္တလေး၊ ဝေသာလီ၊ တောင်ငူဆောင် ငါးဆောင် အကြီးစားပြုပြင်ခြင်း၊ ဒဂုံ၊ အင်းဝ၊ ပဲခူး၊ စစ်ကိုင်း၊ သီရိ၊ အင်းလျား၊ ရွှေဘို၊ ရတနာ၊ ပင်းယ၊ သထုံ အိပ်ဆောင် ၁၀ ဆောင် အကြီးစားပြုပြင် ခြင်း၊ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ဒဂုံလမ်း၊ ဂျပ်ဆင် လမ်း၊ ဘွဲ့နှင်းလမ်းနဲ့ ULB လမ်းတွေ အဆင့်မြှင့် ပြင်ဆင် ခြင်း၊ စစ်ကိုင်းလမ်း B Point မီးစက်ရုံအနီးမှာ သိပ္ပံဆောင် တွေ အသုံးပြုနိုင်ဖို့ 500 KVA, 11-6.6/0.4KV Transformer နဲ့ ဆက်စပ်ပစ္စည်းတွေ တပ်ဆင်ခြင်း၊ ULB အဆောက်အအုံ အနီးမှာ ULB နဲ့ ဝန်ထမ်းအိမ်ရာတွေ အသုံးပြုနိုင်ဖို့ 500 KVA,11-6.6/0.4KV Transformer နဲ့ ဆက်စပ်ပစ္စည်းတွေ တပ်ဆင်ခြင်း၊ ဝေသာလီဆောင်အနီးမှာ ဝေသာလီ၊ ရာမည၊ အမရ၊ မန္တလေး၊ တောင်ငူဆောင်တွေ အသုံးပြုနိုင်ဖို့ 500 KVA,11-6.6/0.4KV Transformer နဲ့ ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း၊ ရန်ကုန်တက္ကသိုလ် ရေစင်များပြုပြင်ခြင်း လုပ်ငန်းတွေ ဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ သိပ္ပံဆောင်အများသုံး သန့်စင်ခန်း (ပထမထပ်) အဆင့်မြှင့်ပြင်ဆင်ခြင်း၊ တက္ကသိုလ် များဓမ္မာရုံ ပြုပြင်ခြင်းလုပ်ငန်း၊ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ သန့်စင်ခန်းများ အဆင့်မြှင့်ပြင်ဆင်ခြင်း၊ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရာမှာ အဆင်ပြေလွယ်ကူစေဖို့အတွက် IT Infrastructure နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ဌာန ၂၃ ခုရှိ Ph.D ခန်း ၂၃ ခန်းမှာ Projector နဲ့ Screen တပ်ဆင်ခြင်း၊ စိန်ရတုခန်းမမှာ Projector တပ်ဆင်ခြင်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာတော့ သိပ္ပံဆောင် အများသုံးသန့်စင်ခန်း မြေညီထပ် အဆင့်မြှင့်ပြင်ဆင် ခြင်း၊ ရန်ကုန်တက္ကသိုလ် ICT Infrastructure နဲ့ ဆက်စပ်လုပ်ငန်းများ၊ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန လက်တွေ့ခန်းများ အဆင့်မြှင့်ပြင်ဆင်ခြင်း၊ ရန်ကုန် တက္ကသိုလ် ဓာတုဗေဒဌာန လက်တွေ့ခန်းလေးခန်း အဆင့်မြှင့်ပြင်ဆင်ခြင်း၊ ရန်ကုန်တက္ကသိုလ် သတ္တဗေဒ ဌာန လက်တွေ့ခန်းနှစ်ခန်း အဆင့်မြှင့်ပြင်ဆင်ခြင်း၊ ရန်ကုန်တက္ကသိုလ် URC ဌာန လက်တွေ့ခန်းနှစ်ခန်း အဆင့်မြှင့်ပြင်ဆင်ခြင်းတွေကို ဆောင်ရွက်ဖို့ တင်ဒါ ခေါ်ယူထားပါတယ်။

 

(ဆက်လက်ဖော်ပြပါမည်)