
ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၁၀ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး ။ ။ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုဟာ
ကမ္ဘာတစ်ဝန်းမှာ ဆက်လက် မြင့်တက်လျက်ရှိနေပြီး တချို့နိုင်ငံတွေမှာဆိုရင် ကိုဗစ်- ၁၉ ရဲ့ တတိယလှိုင်းကိုရောက်နေပြီဖြစ်သလို ဥရောပနိုင်ငံ တချို့မှာ ကူးစက်မှုစံချိန်တင်တာတွေ၊ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတချို့မှာ ကူးစက်မှု ဆက်လက်မြင့်တက် လျက်ရှိနေတာတွေကို ကြားသိနေရပါတယ်။
မြန်မာနိုင်ငံမှာလည်း ကူးစက်မှုတွေဟာ အတိုင်း အတာတစ်ခုအထိပဲ ထိန်းချုပ်ထားနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လမ်းညွှန်ချက်တွေကို အခုထက်ပိုပြီး လိုက်နာနေထိုင်ဖို့ လိုအပ်နေသေးသလို အပြင်မထွက်ဘဲနေလို့ရတဲ့ ပြည်သူတွေဆိုရင်လည်း အတတ်နိုင်ဆုံး Stay at Home ဆက်လက်နေထိုင်ပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းပါတယ်။
အခုဆိုရင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုတွေနဲ့အတူ ဆိုရှယ်မီဒီယာတွေမှာ ရောဂါနဲ့ ပတ်သက်တဲ့ သတင်း အမှားဖြန့်ဝေမှုတွေ၊ ဆေးနည်းအမှားတွေ ပျံ့နှံ့နေတာ တွေလည်း တော်တော်များများ တွေ့မြင်နေရပါတယ်။ ဒါကြောင့် ပြည်သူတွေကြားမှာ ကိုဗစ် - ၁၉ နဲ့ပတ်သက်လို့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ၊ လိုက်နာရမယ့် အရာတွေကို သိရှိနိုင်စေဖို့ မြန်မာနိုင်ငံရဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေမှာ ကိုယ်တိုင်ပါဝင် ဆောင်ရွက်လျက်ရှိနေတဲ့ ပါမောက္ခကြီး တွေ၊ သမားတော်ကြီးတွေက ပြည်သူတွေသိလိုတဲ့ မေးခွန်းတွေကို အပတ်စဉ် ဖြေကြားဆွေးနွေးပေးနေတာ ဒီနေ့မှာတော့ သတ္တမမြောက်ရက်သတ္တပတ်ကို ရောက်ရှိ လာပြီဖြစ်ပါတယ်။
ဒီနေ့ရဲ့ မေးခွန်းများ မေးမြန်း / ဖြေကြား ဆွေးနွေးမှုမှာ ဆရာကြီး ဒေါက်တာသန်းဝင်း [ခေတ္တ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအားဖြည့် ဆောင်ရွက်ရေးအဖွဲ့ဝင်]၊ ဆရာမ ဒေါက်တာမျိုးမျိုးမွန် [ဒုတိယညွှန်ကြားရေးမှူး၊ (ဌာနခွဲမှူး / ကူးစက် ရောဂါဗေဒ သုတေသနဌာနခွဲ)၊ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၊ တာဝန်ခံ National COVID-19 Call Centre] တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူအဖြစ် ဆရာမကြီး ဒေါက်တာ သန္တာလွင် [ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်း ရေး)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] က ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီနေ့ရဲ့ဆွေးနွေးမှုမှာ ပါဝင်ဆွေးနွေးပေးကြတဲ့ ဆရာကြီး ဆရာမကြီးတို့ကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ရဲ့ဆွေးနွေးမှုတွေ စတင်နိုင်ဖို့အတွက် ဆရာမကြီး ဒေါက်တာသန္တာလွင်ကို ဖိတ်ခေါ်ပါ တယ်။
ဒေါက်တာသန္တာလွင် ။ ။ ကျွန်မအနေနဲ့ ပထမဦးစွာ
ဆရာကြီးဒေါက်တာသန်းဝင်း လက်ခံရရှိထားတဲ့ မေးခွန်းတွေထဲက ရွေးချယ်ပြီး ဖြေကြားပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။
ဒေါက်တာသန်းဝင်း ။ ။ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ကူးစက်
ခံရပြီး အနံ့ပျောက်လာတယ်။ ၄ / ၅ ရက်နေတော့ သူက ၄၀ ရာခိုင်နှုန်းလောက် အနံ့ နည်းနည်းပြန်ရလာတယ်။ ၁၀ ရက်ကျော်ပေမယ့် အနံ့ ပျောက်တာက လုံးဝမကောင်းသေးဘူး။ အဲဒီတော့ သူက စိုးရိမ်ပြီး သူ့ကိုယ်ထဲမှာ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်တွေ ရှိသေး လား။ နောက် သူများကို ကူးနိုင်သေးလား ဆိုပြီး မေးထား တာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် ကိုဗစ် - ၁၉ ဗိုင်းရပ်စ်က ကိုယ်ခန္ဓာထဲကို ဝင်လာတယ်။ ရောဂါ ပျိုးရက်အတွင်းမှာ ပွားများပြီးတဲ့အခါ လူကိုစတင်ပြီး တိုက်ခိုက်လာတယ်။ စတင်တိုက်ခိုက်တဲ့အခါမှာ ဖျားမယ်၊ ချောင်းခြောက်ဆိုးမယ်၊ အသက်ရှူကျပ်မယ်၊ အနံ့ပျောက် မယ် ဒီလက္ခဏာတွေ စတင်ပေါ်လာတာကို ကျွန်တော်တို့ က Onset of Symptoms လို့ သတ်မှတ်ပါတယ်။
အဲဒီကနေ ကိုဗစ် - ၁၉ ကူးစက်ခံရပြီး Mild and Moderate လို့ခေါ်တဲ့ သိပ်ခပ်ဆိုးဆိုးကြီးလည်း မဟုတ် ဘူး၊ အသင့်အတင့်ပဲဖြစ်တဲ့ လူတွေရဲ့ ကိုယ်ခန္ဓာကနေ အခုလိုပဲ ရောဂါလက္ခဏာစပေါ်တဲ့ ၁၀ ရက်နောက်ပိုင်းမှာ Swab ယူတယ်။ ပြီးရင် ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ပိုးကို မွေးမြူ တယ်။ Culture လုပ်လို့ ရှိရင် မတွေ့တော့ပါဘူး။ သွေးချို၊ ဆီးချိုတို့ရှိပြီး ကိုယ်ခံအားနည်းတဲ့၊ ပြင်းပြင်းထန်ထန် ခံစားရတဲ့ လူနာတွေကျတော့ ရောဂါလက္ခဏာတစ်ခုခု ပေါ်ပြီး ၁၅ ရက်ကြာတဲ့ နောက်ပိုင်းမှာ သူ့ဆီကနေ Swab ယူတယ်။ ဗိုင်းရပ်စ်ကို မွေးလိုက်လို့ရှိရင် ဗိုင်းရပ်စ်ရဖို့က အလွန်အခွင့်အရေးနည်းပါတယ်။
အခုလက်ရှိ တွေ့ရှိချက်တွေအရ Onset of Symptoms ကနေစပြီး ရေတွက်လို့ရှိရင် ရက် ၂၀ ကျော် သွားရင် ဒီဗိုင်းရပ်စ်က လုံးဝမရှိတော့ဘူးဆိုတာ တွေ့ရပါ တယ်။ မေးခွန်းကို ဖြေကြားရမယ်ဆိုရင် အနံ့ပျောက်တာ ဖြစ်တဲ့အတွက် သိပ်ပြင်းထန်တဲ့လက္ခဏာ မဟုတ်ပါဘူး။ သာမန်ထဲမှာ ပါပါတယ်။ ဒီလို လူနာမျိုးက ၁၀ ရက်လည်း ကျော်ပြီဆိုရင် ခုနတွေ့ရှိချက်နဲ့ ဖြေကြားရမယ်ဆိုရင် သူ့ ကိုယ်ထဲမှာ ဗိုင်းရပ်စ်က မရှိတော့ပါဘူး။ ဗိုင်းရပ်စ်မရှိတဲ့ အတွက်ကြောင့် တခြားသူကိုလည်း ကူးစက်နိုင်ဖို့ အခြေ အနေ မရှိပါဘူး။
တစ်ဆက်တည်းမှာပဲ သူက ကိုဗစ် - ၁၉ ဗိုင်းရပ်စ် ပိုးက ကိုယ်ထဲကို ဝင်သွားပြီဆိုတာနဲ့တစ်ပြိုင်တည်း သူက ရောဂါလက္ခဏာ Onset of Symptoms မပေါ်ခင် နှစ်ရက် နဲ့ပေါ်ပြီး သုံးရက်လောက်မှာ သူ့ကိုယ်ခန္ဓာထဲမှာ ဗိုင်းရပ်စ် က အပွားများဆုံးဖြစ်ပါတယ်။ အဲဒီအချိန်ကသာ လူကို အကူးဆုံးဖြစ်တဲ့အတွက်ကြောင့် သတိထားပြီး ဆောင်ရွက် ရမယ်လို့ မြင်ပါတယ်။
ခုနက လူနာအနေနဲ့ပတ်သက်ပြီး ပြောချင်တာက သူက အနံ့ပျောက်တာ နည်းနည်းကျန်သေးတယ်။ ကျန်သေးတဲ့အတွက် သူ့ကို ပြန်ပြီးခေါ်ယူတဲ့ Follow-up Visit တွေမှာ ပြန်လည်ပြသပြီး သက်ဆိုင်ရာ သမားတော် ကြီးတွေ၊ ဆရာဝန်ကြီးတွေရဲ့ ကုသမှုကို ခံယူလိုက်မယ် ဆိုရင် မကြာခင်အချိန်အတွင်းမှာ အနံ့ပျောက်တာက တဖြည်းဖြည်းချင်း ပျောက်သွားမှာ ဖြစ်ပါတယ်။ သူကနေ တစ်ဆင့် တခြားတစ်ယောက်ကို ကူးစက်ဖို့ အခြေအနေ မရှိဘူးလို့ ဖြေကြားလိုပါတယ်။
မေးခွန်းနံပါတ် (၂) က ကိုဗစ် - ၁၉ ကူးစက်ခံရတယ်။ ပထမအကြိမ် ဖြစ်တယ်။ ရောဂါလုံးဝ သက်သာပျောက်ကင်း သွားတယ်။ ဒုတိယအကြိမ် Second Invent ပြန်ကူးနိုင် သလား ဆိုပြီး မေးထားတာ ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ရောဂါပိုးက လူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားတာနဲ့ တစ်ပြိုင်နက်တည်း ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ဝင်လာတဲ့ရောဂါပိုးကို တိုက်ဖျက် ဆန့်ကျင်တဲ့စနစ်ရဲ့ လုပ်ဆောင်မှုကို အနည်းငယ် ပြောပြ လိုပါတယ်။ ဝင်လာတဲ့ ကိုဗစ် - ၁၉ ရောဂါပိုးကို သတ်ဖြတ် ချေမှုန်းဖို့ ကိုယ်ခန္ဓာကနေ Antibody ထွက်ပါတယ်။ ဒီ Antibody က ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ပိုးအတွက် သီးသန့် ဖြစ်ပြီး ဒီဗိုင်းရပ်စ်ပိုးကို သူက ချေမှုန်းလိုက်ပါတယ်။ ဒါကို Neutralizing Antibodies လို့ ခေါ်ပါတယ်။ အဲဒါက ကျွန်တော်တို့ ကိုယ်ခံအားမှာရှိတဲ့ အကောင်းဆုံးလည်း ဖြစ်တယ်။ စိတ်အချရဆုံး ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ပိုး ဆန့်ကျင်တဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။
အခုကျွန်တော်တို့ အားလုံးမျှော်လင့်နေတဲ့ ကာကွယ် ဆေးကလည်း အဲဒီကာကွယ်ဆေးထိုးပြီး ကိုယ်ခန္ဓာထဲမှာ Neutralizing Antibodies ထွက်လာအောင် ကြိုးစား နေတာပဲ ဖြစ်ပါတယ်။ နံပါတ် (၂) ခုခံတိုက်ဖျက်တဲ့ နည်းလမ်းက ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ Cell တစ်မျိုး ရှိပါတယ်။ ခုခံအားနဲ့ ပတ်သက်ပြီး T-Cell လို့ ဆေးပညာ မှာ ခေါ်ပါတယ်။
ဒီ T-Cell တွေကလည်း ကိုဗစ် - ၁၉ ကူးစက်တဲ့ Cell တွေကို ဖျက်ဆီးပစ်တာ ဖြစ်ပါတယ်။ သူက တိုက်ရိုက် ဗိုင်းရပ်စ်ကိုမဟုတ်ဘဲ ကူးစက်ခံရတဲ့ Cell တွေကို ဖျက်ဆီး ပစ်တာ ဖြစ်ပါတယ်။ နောက်ဆုံး တတိယ ခုခံတိုက်ဖျက်တဲ့ နည်းလမ်းက မွေးရာပါဆန့်ကျင်တိုက်ဖျက်တဲ့ ကိုယ်ခံအား နဲ့ပဲ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ပိုးကို ဆန့်ကျင်တိုက်ခိုက်ပါတယ်။
အဲဒီလို ၃ နည်းနဲ့ ဝင်လာတဲ့ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ကို ဆန့်ကျင်ပြီး ချေမှုန်းဖို့ ကိုယ်ခန္ဓာက ကြိုးစားတာ တစ်ဦးနဲ့ တစ်ဦးရဲ့ အနေအထားချင်းက မတူပါဘူး။ အချို့လူနာ တွေမှာ ခုနကပြောတဲ့ အင်မတန်ကောင်းတယ်၊ ထိရောက် တယ်ဆိုတဲ့ Neutralizing Antibodies တွေ ထွက်လာ တယ်။ ဝင်လာတဲ့ ဗိုင်းရပ်စ်ပိုးတွေကို ချေမှုန်းလိုက်တဲ့ အတွက်ကြောင့် လူနာက ပြန်ပြီးနေကောင်းသွားပါတယ်။ အဲဒါအပြင် တခြားသူအတွက်လည်း အကျိုးရှိပါတယ်။ ဒီ Antibodies သာ အများကြီးထွက်ရင် အားလုံးကြားဖူးကြ မှာပါ Convalescent Plasma ၊ သူ နေကောင်းလာတယ်၊ နာလန်ထလာတဲ့အခါမှာ ဒီ Plasma ကိုယူပြီး တခြား လူနာကို သွင်းပေးခြင်းဖြင့်လည်း တခြားလူနာမှာ အကျိုး ရှိမှာ ဖြစ်ပါတယ်။
ဒါပေမယ့် လူနာတိုင်း အဲဒီလို ထွက်လားဆိုတော့ လူနာတိုင်း အဲဒီလို မဟုတ်ပါဘူး။ တချို့ လူနာတွေကျတော့ Neutralizing Antibodies က တော်တော်နည်းနည်း ပဲထွက်ပါတယ်။ မထွက်သလောက်ပဲရှိတဲ့ လူနာတွေ ရှိတယ်။ ဘယ်လိုလူနာတွေ အများစုလည်းဆိုရင် ရောဂါ လက္ခဏာ မပြင်းထန်ဘဲနဲ့ ခပ်ပျော့ပျော့ ခံစားရတဲ့ လူနာ တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလူနာတွေကလည်း ကိုဗစ်- ၁၉ ဗိုင်းရပ်စ် ရောဂါကို ပျောက်သွားတဲ့သူတွေ ဖြစ်ပါတယ်။ ဒါဘယ်လိုပျောက်လဲဆိုရင် ခုနက ရှင်းပြခဲ့တဲ့အတိုင်းပဲ ဒုတိယနည်းလမ်းဖြစ်တဲ့ T-Cell တွေကပဲ ဗိုင်းရပ်စ်ပိုး ကူးတဲ့ Cell တွေကို သတ်ဖြတ်ပစ်တယ်။ နောက် နံပါတ်(၃) ဖြစ်တဲ့ General Defense Mechanism လို့ခေါ်တဲ့ လူ့ကိုယ်ခံအားနဲ့ သတ်ဖြတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီလိုနည်းနဲ့ သူက ပြန်ပြီးကောင်းသွားတာ ဖြစ်ပါတယ်။
ယနေ့အထိ ကမ္ဘာမှာရှိတဲ့ နိုင်ငံအသီးသီးမှာ ပထမ ကောင်းသွားပြီး ဒုတိယတစ်ခါပြန်ဖြစ်တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ ဒါပေမယ့် အင်မတန် အရေအတွက် နည်းပါး ပါတယ်။ အဲဒီလူတွေက ဘာကြောင့်ပြန်ဖြစ်တာလဲဆိုရင် Neutralizing Antibodies ထွက်တယ်။ ဒါပေမယ့် ရက်ကြာကြာ မနေလို့လား။ ရက်ကြာကြာ မခံလို့လား။ ဒါမှမဟုတ်ရင် ခုနကပြောသလို နည်းနည်းပဲ ထွက်တယ်။ မထွက်သလောက်ပဲ ဖြစ်တယ်။ အဲဒါတွေကြောင့်လား။ ဒါမှမဟုတ်ရင် ကိုဗစ် - ၁၉ ဗိုင်းရပ်စ်က New Strain ဖြစ်သလားဆိုပြီး လတ်တလော အခြေအနေအထိက လေ့လာတုန်း ဖြစ်တဲ့အတွက်ကြောင့် အတိအကျပြောဖို့ ခက်ပါတယ်။
အကြမ်းဖျင်းအားဖြင့် ဒီမေးခွန်းကို ဖြေကြားရမယ် ဆိုရင် ပထမဆုံးအကြိမ် ကူးစက်ခံရတယ် ကောင်းသွား တယ်။ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ဗိုင်းရပ်စ် ကူးစက် ခံရနိုင်ခြေရှိပေမယ့် ကူးစက်နိုင်ခြေ အင်မတန်နည်းပါး ပါတယ် လို့ ကျွန်တော့်အနေနဲ့ ဖြေကြားလိုပါတယ်။
ဒေါက်တာသန္တာလွင် ။ ။ မေးခွန်းတွေ ထဲမှာတော့
Contact Person ထိတွေ့ တဲ့လူနဲ့ ပတ်သက်လို့ သူတို့ကို Quarantine ဘယ်လို လုပ်သလဲ၊ လူနာအနေနဲ့ Quarantine Center ကနေ ဆင်းလာပြီးရင် Home Stay ဘယ်လိုနေရလဲဆိုတဲ့ မေးမြန်းထားတဲ့ မေးခွန်းတွေကို ကျွန်မက ဖြေကြားသွားဖို့ ဖြစ်ပါတယ်။
မိမိရော၊ ပိုးတွေ့လူနာရော Mask ကိုယ်စီတပ် ထားပြီး ခြောက်ပေအကွာကနေ စကားပြောဆိုခဲ့ရင် Contact Person လို့ သတ်မှတ်ပြီး Quarantine ဝင်ရမှာလား ဆိုတဲ့ မေးခွန်းနဲ့ Contact Person လို့ သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး သိလိုလို့ မေးမြန်းထားတဲ့ မေးခွန်းကို ကျွန်မ ဖြေကြားပေးပါမယ်။
ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာနဲ့ အနီးကပ်ထိတွေ့ နေထိုင်သူတွေကို Close Contact တွေလို့ ကျွန်မတို့ သတ်မှတ်ပါတယ်။ အဲဒီသူတွေကို ကျွန်မတို့က ရှာဖွေပြီး အသွားအလာထိန်းသိမ်းပြီး စောင့်ကြပ်ကြည့်ရှုရမှာဖြစ်တဲ့အတွက် ဒီလူတွေဟာ မည်သူတွေလဲဆိုတာကို အချက်အလက်တွေနဲ့ ဖော်ပြချင် တာဖြစ်ပါတယ်။
လူနာနဲ့ အနီးကပ်ထိတွေ့နေထိုင်သူဆိုသည်မှာ လူနာ ရောဂါလက္ခဏာမပြမီ နှစ်ရက်နဲ့ ရောဂါလက္ခဏာပြပြီး ၁၄ ရက်အတွင်းမှာ အနီးကပ်ထိတွေ့ခဲ့သူတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ အနီးကပ်ထိတွေ့တဲ့သူတွေကို ထပ်ပြီးခွဲခြားကြည့်မယ်ဆိုရင် ရောဂါကာကွယ်ရေး ပစ္စည်းတွေဖြစ်တဲ့ Mask အသုံးပြုထားခြင်းမရှိဘဲနဲ့ ခုနက ကိုဗစ် - ၁၉ လူနာကို ထိတွေ့ပြုစုခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း သော်လည်းကောင်း၊ အတူနေ မိသားစုဝင်တွေသော် လည်းကောင်း၊ လူနာနဲ့ နေရာတစ်ခုတည်းမှာ အနီးကပ် နေထိုင်ခဲ့ရင် မိသားစုဝင်တွေ သော်လည်းကောင်း၊ နီးကပ် စွာနဲ့ အခြားမိသားစုဝင်တွေ၊ ဧည့်သည်တွေ၊ အိမ်နီး နားချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အတန်းတက်ဖော် ကျောင်းသားတွေ စသဖြင့် ဒီလိုထိတွေ့သူတွေကို ဆိုလို ပါတယ်။
ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာ သို့မဟုတ် ကိုဗစ် - ၁၉ ဖြစ်နိုင်ခြေရှိတဲ့လူနာနဲ့ အကွာအဝေး တစ်မီတာအတွင်းမှာ အချိန် ၁၅ မိနစ်ကျော်ခန့် မျက်နှာ ချင်းဆိုင် ထိတွေ့ခဲ့သူတွေလည်း အကျုံးဝင်ပါတယ်။ ဒါ့အပြင် လေယာဉ်ပျံ၊ ကား၊ ရထား၊ သင်္ဘောတွေမှာ လူနာနဲ့ တစ်မီတာအတွင်းမှာ အတူတကွ စီးနင်းလိုက်ပါ လာကြတဲ့သူတွေကိုလည်း ကျွန်မတို့အနေနဲ့ သတ်မှတ် ထားပါတယ်။ နောက်ပြီး အလုံပိတ်ထားတဲ့ အခန်းတစ်ခု ထဲမှာ လူနာနဲ့ အနည်းဆုံး နှစ်နာရီခန့်အတူ ရှိနေခဲ့တဲ့ သူတွေဆိုရင်လည်း အနီးကပ်ထိတွေ့သူများဆိုတဲ့ အုပ်စု ထဲကို အကျုံးဝင်သွားမှာ ဖြစ်ပါတယ်။ ဒီလို Close Contact လို့ခေါ်တဲ့ လူနာနဲ့ အနီးကပ်ထိတွေ့သူတွေကို လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လုပ်ငန်းလမ်းညွှန်တွေအရ သတ်မှတ်ထားတဲ့နေရာ Facility Quarantine တစ်ခုခုမှာ အသွားအလာ ကန့်သတ်ပြီး ထားရှိမယ်။ ပြီးရင် ဓာတ်ခွဲနမူနာ ရယူပြီး စစ်ဆေးပေးမှာ ဖြစ်ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာနဲ့ ဆင့်ပွားထိတွေ့ထားတဲ့ သူကို Secondary Contact လို့ခေါ်ပါတယ်။ အဲဒီ Secondary Contact ကို မိမိရဲ့နေအိမ်မှာ အသွားအလာ ကန့်သတ်နေထိုင်စေပြီး ရောဂါလက္ခဏာတွေ ပေါ်ပေါက် လာခြင်း ရှိ / မရှိ ကို စောင့်ကြပ်ကြည့်ရှုပေးပါတယ်။ ဒါကြောင့် မေးခွန်းထဲမှာပါသလို အိမ်မှာပဲ နေလို့မရဘူး လား၊ အိမ်မှာပဲနေရင် အစစအရာရာ ကုန်ကျစရိတ် သက်သာတယ်။ Quarantine Center မှာဆိုရင် တာဝန် ယူရမယ့် လူအင်အားလည်းလိုမယ်။ ကျွေးမွေးဖို့ အတွက် ငွေအင်အားလည်းလိုတယ် စသည်ဖြင့် ကုန်ကျစရိတ်တွေ ရှိနိုင်တယ်။ အိမ်မှာပဲ နေခိုင်းလို့မရဘူးလား ဆိုတဲ့ တစ်ဆက်တည်း မေးခွန်းကို ဒီနေရာမှာ ဖြေကြားချင် ပါတယ်။
ကျွန်မတို့မှာ အရင်းအမြစ်တွေက အကန့်အသတ် ရှိပါတယ်။ ဒါပေမယ့် စိတ်ချယုံကြည်ရမှု အနေအထားတွေ က အိမ်မှာဆိုရင် ခြောက်ပေအကွာအဝေးနဲ့ တစ်ကိုယ်ရေ အကာအကွယ်ပစ္စည်းတွေကို တစ်သတ်မှတ်တည်းသုံးစွဲပြီး အိမ်သားတွေနဲ့ ခွဲခြားနေထိုင်ဖို့ အခက်အခဲရှိနိုင်တာတွေ ဖြစ်တဲ့အတွက် Facility Quarantine Center တွေကို ဖော်ဆောင်ပြီး ဆက်လက်ဆောင်ရွက်နေရဆဲ ဖြစ်ကြောင်း ဖြေကြားလိုပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ခံရမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား တဲ့ လုပ်ငန်းလမ်းညွှန်တွေကို လိုက်နာပေးဖို့ လိုပါတယ်။
နောက်မေးခွန်းတစ်ခုက Treatment Center ပေါ်ပေါက်လာတဲ့ စင်တာတွေအနေနဲ့ ၁၄ ခု အထိ ရှိပါတယ်။ အဲဒီမှာ ကျွန်မတို့ ပိုးတွေ့လူနာတွေထားခဲ့တယ်။ ၁၀ ရက်မှာ ဆေးရုံက ဆင်းပေးလိုက်တယ်။ ပြီးတော့ အိမ်မှာ ခုနစ်ရက်ဆက်ပြီး Home Quarantine ထားရှိ ပါတယ်။ အဲဒီလိုလုပ်ပြီး သူဟာ ဘယ်အချိန်ကျရင် ရုံးပြန်တက်ရမှာလဲ။ မိသားစုဝင်တွေနဲ့ရော ထိတွေ့မှုရှိလို့ ရပါပြီလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်ကို ကျွန်မတို့ရဲ့ Reference ဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ် - ၁၉ ရောဂါပိုးကူးစက်ခံရသူသည် ရောဂါလက္ခဏာပြသခြင်းမရှိတဲ့ လူတွေအနေနဲ့ ၁၁ ရက် နောက်ပိုင်းမှာတော့ အခြားသူတွေကို ရောဂါမကူးစက်နိုင် တော့တဲ့အတွက် ကိုဗစ်စင်တာက သော်လည်းကောင်း၊ ဆေးရုံကသော်လည်းကောင်း ဆေးရုံဆင်းခွင့်ပြုပါတယ်။
ဒါပေမယ့် ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ခံထားရပြီး ဆေးရုံကဆင်းလာသူတွေကို မိမိတို့ နေအိမ်မှာ ခုနစ်ရက် ဆက်လက်ပြီး အသွားအလာကန့်သတ်နေထိုင်ဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီအတိုင်း လိုက်နာဆောင်ရွက် ပြီးပြီဆိုရင်တော့ သက်ဆိုင်ရာလုပ်ငန်းခွင်ကို အလုပ် ပြန်လည်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ မိမိနေအိမ်မှာ ခုနစ်ရက်နေရမယ့် အသွားအလာကန့်သတ်နေထိုင်စဉ်အတွင်းမှာ တစ်ဦးတည်း သီးသန့်နေထိုင်ရမယ်။ အိမ်သား တွေနဲ့ အနည်းဆုံး ခြောက်ပေအကွာမှာ ရှိရမယ်။ စကား ပြောဆိုခြင်း၊ ထမင်းအတူစားခြင်း မပြုလုပ်သင့်ပါဘူး။ Mask ကိုလည်း အမြဲတမ်းတပ်ဆင်ပြီး လက်ကို ရေနဲ့ ဆပ်ပြာနဲ့ စက္ကန့် ၂၀ သို့မဟုတ် အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါတဲ့ လက်သန့်စင်ဆေးရည်နဲ့ မကြာခဏ ဆေးကြောပေးဖို့ လိုအပ်ပါတယ်လို့ ပြန်လည်ဖြေကြားလို ပါတယ်။
တတိယမေးခွန်းက ကိုဗစ်ကာလမှာ စာအုပ်ဖတ်ချင် ပါတယ်။ ဒီစာအုပ်စာရွက်တွေအပေါ်မှာ ပိုးပါလာရင် ပိုးက ဆက်လက်ရှင်သန်နေမှာလားဆိုတာ စိတ်ပူတဲ့သူ ရှိပါ တယ်။ ဈေးသွားတယ်၊ ပိုက်ဆံအမ်းလိုက်တဲ့အခါ လက်ထဲ ပြန်ယူလာတဲ့ ပိုက်ဆံကနေ ရောဂါများကူးနိုင်သလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်တဲ့ ကိုဗစ် - ၁၉ ပိုးက ကြေးနီ အပေါ်မှာ လေးနာရီခန့်၊ သတ္တုပြားပေါ်မှာ ၂၄ နာရီခန့်၊ ပလတ်စတစ်နဲ့ သတ္တုပေါ်မှာ ၇၂ နာရီခန့် ရှင်သန်နိုင်တယ် ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အရာဝတ္ထုတွေ၊ မျက်နှာပြင်တွေပေါ်မှာ ကပ်ငြိ ရှင်သန်နိုင်တဲ့ ရောဂါပိုးတွေကို အစွန်းချွတ်ဆေးရည်၊ အစွန်းချွတ်ဆေးမှုန့်အရည်ဖျော်ပြီး ပက်ဖျန်ဆေးကြော ခြင်းနဲ့ ၇၀ ရာခိုင်နှုန်း အီသိုင်းအယ်လ်ကိုဟော အသုံးပြု ခြင်း ဒါမှမဟုတ် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးဖြစ်တဲ့ ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီးတော့ ပိုးသတ်သန့်စင်နိုင်ပါ တယ်ဆိုပြီး US CDC နဲ့ WHO က ထုတ်ပြန်ထားပါတယ်။
နောက်ဆုံးမေးခွန်းက လေကတစ်ဆင့် ကူးစက်နိုင် သလား ဆိုတာဖြစ်ပါတယ်။ ကျွန်မတို့ တွေ့ရှိချက်အရ အဓိက ကူးစက်နိုင်တာက အသက်ရှူလမ်းကြောင်းက ထွက်လာတဲ့အမှုန် Respiratory Droplets တွေက တစ်ဆင့် ကူးပါတယ်။ ရောဂါရှိတဲ့သူနဲ့ အနီးကပ် ထိတွေ့ နေတဲ့သူတွေ ကူးနိုင်ပါတယ်။ အဲဒီလို အနီးကပ်ကူးစက် ခံရသူကတစ်ဆင့် ထပ်မံထွက်ရှိလာတဲ့ အသက်ရှူ လမ်းကြောင်းက ထွက်လာတဲ့အမှုန်တွေကနေ ဆင့်ပွား၊ ဆင့်ပွား တစ်ဦးကနေတစ်ဦး ထပ်မံပြီး ကူးစက်နိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်မတို့က လူတစ်ဦးနဲ့တစ်ဦး အနည်းဆုံး ခြောက်ပေခွာပြီး စကားပြောဆိုခြင်းပြုပါ။ Mask ကိုလည်း အမြဲတမ်းတပ်ဆင်ပါလို့ ပြောခြင်းဖြစ်ပါတယ်။ အသက်ရှူ လမ်းကြောင်းကနေတစ်ဆင့် ကူးစက်နိုင်တဲ့အတွက် ကျန်းမာရေးအသိပညာပေး အချက်အလက်တွေထဲမှာ ဖော်ပြထားချက်ကို ထပ်မံပြီး တင်ပြလိုပါတယ်။
အဲဒါက အသက်ရှူထုတ်ခြင်းနဲ့ အကွာအဝေး ငါးပေ ခန့်အထိကို အမှုန်အမွှားနဲ့အတူတူ ရောဂါပိုးက ရောက်ရှိနိုင်ပါတယ်။ ချောင်းဆိုးခြင်းအားဖြင့် တစ်စက္ကန့် မှာ ၃၃ ပေနှုန်းအရှိန်နဲ့ ခြောက်ပေခွဲအထိ ရောက်ရှိနိုင်တာ ဖြစ်ပါတယ်။ နှာချေခဲ့မယ်ဆိုရင် တစ်စက္ကန့်မှာ ၁၆၄ ပေ နှုန်းနဲ့ ၁၉ ပေခွဲကျော် အကွာအဝေးအထိ အမှုန်အမွှားနဲ့ အတူတူ ရောဂါပိုးက ရောက်ရှိနိုင်ပါတယ်ဆိုတာ အချက် အလက်တွေအပေါ်မှာမူတည်ပြီး စကားပြောခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းတွေဟာ ရောဂါရှိတဲ့လူသာ ဖြစ်ခဲ့ရင် ဘေးပတ်ဝန်းကျင်ကို ကူးစက်သွားနိုင်တဲ့ အခြေအနေရှိပါတယ်ဆိုတာ တင်ပြလိုပါတယ်။
ဆက်လက်ပြီးတော့ ကျွန်မတို့ရဲ့ National Covid- 19 Call Center ကို ဦးဆောင်တာဝန်ယူ ဆောင်ရွက်ပေး နေတဲ့ ဒေါက်တာမျိုးမျိုးမွန်က မေးခွန်းတွေကို ဖြေကြား ပေးမှာ ဖြစ်ပါတယ်။
ဒေါက်တာမျိုးမျိုးမွန် ။ ။ အခုလို ဆွေးနွေးပွဲမှာ ကျွန်မ
ကို ပါဝင်ခွင့်ပေးတဲ့အတွက် လည်း အများကြီးဝမ်းမြောက်ဂုဏ်ယူပါတယ်။ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကိုဗစ် - ၁၉ နဲ့ဆိုင်တဲ့၊ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ကျန်းမာရေး ဗဟုသုတတွေ၊ သတင်းအချက်အလက်တွေကို ပြည်သူလူထုကြားကို မှန်မှန်ကန်ကန်နဲ့ သတင်းအမှားတွေကို တတ်နိုင်သရွေ့ မပြန့်အောင် ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့ ဧပြီလ ၉ ရက်နေ့ကစပြီး ဆောင်ရွက်ခဲ့တယ်။ ဧပြီလ ၉ ရက်ကစပြီး နေ့စဉ်နံနက် ၈ နာရီကနေ ည ၈ နာရီအထိ ဆရာဝန်တွေက တိုက်ရိုက် ဖြေကြားပေးပါတယ်။ ဖြေကြားပေးတာက စနစ် နှစ်ခုနဲ့ပါ။ တစ်ခုကတော့ 2019 ကိုခေါ်လိုက်ရင် စက်ကနေ အစကတည်းက Record လုပ်ထားတဲ့အသံတွေကို ဖြေကြားပေးတာရှိသလို ဆရာဝန်က တိုက်ရိုက်ဖြေကြား ပေးတာ နှစ်မျိုးရှိပါတယ်။
ဆရာဝန် တိုက်ရိုက်ဖြေပေးတာက စဖွင့်ကတည်းက နေ့စဉ်နံနက် ၈ နာရီကနေ ည ၈ နာရီအထိ ကျွန်မတို့ ဂျူတီတွေနဲ့ အဆိုင်းမန့်တွေ ခွဲပြီးဖြေပေးပါတယ်။ နောက်ပြီး ဇွန်လ ၂၃ ရက်နောက်ပိုင်းကစပြီး နေ့စဉ်နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ပိတ်ရက်မရှိ ဖြေကြားပေး တယ်။ စက်ကနေ ဖြေကြားပေးတာက ၂၄ နာရီပတ်လုံး နေ့စဉ်မေးလို့ရပါတယ်။
စစချင်းမှာတော့ ရောဂါအကြောင်းသိချင်ကြလို့ ရောဂါအကြောင်းတွေကို ကျွန်မတို့က တတ်နိုင်သရွေ့ လူတွေသိဖို့ ပညာပေးနိုင်ခဲ့တယ်။ ကျွန်မတို့က ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အချက် တွေကိုအခြေခံပြီး Manual လုပ်ထားပါတယ်။ မေးနိုင်တဲ့ မေးခွန်းတွေကို ကြိုတင်စုဆောင်းထားပါတယ်။ ကျွန်မတို့ အချင်းချင်းတိုင်ပင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ ဝက်ဘ်ဆိုက်တွေ၊ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေ၊ အဓိကကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ကျွန်မတို့ ဖြေကြားပေးပါတယ်။
ဒီလို ဖြေကြားပေးရာမှာ ကျွန်မတို့သည် ဖုန်းကနေ အလွယ်တကူမေးလို့ရတယ်၊ ဖြေလို့ရတယ်။ အင်တာနက် အဆက်အသွယ်မရှိတဲ့ နေရာတွေ၊ အင်တာနက်လိုင်းမမိတဲ့ နေရာတွေ၊ ဝေးလံခေါင်ဖျားတဲ့ဒေသတွေ၊ အဲဒီလိုနေရာ က လူတွေပါ ကျွန်မတို့ဆီကို မေးနိုင်တယ်။ First Wave ကနေ အခုအချိန်အထိကို ကျွန်မတို့ဆီကို တောက်လျှောက် ဝေးလံခေါင်ဖျားတဲ့ဒေသတွေက ဆက်သွယ်မေးမြန်းတာ တွေကို ဖြေခဲ့ရပါတယ်။
အထူးသဖြင့် အသက်ကြီးပိုင်းတွေ၊ အပြင်သိပ်မထွက် နိုင်တဲ့သူတွေ၊ အသက် ၁၀ နှစ် ပတ်ဝန်းကျင်ကလေးတွေ ကျွန်မတို့ဆီကို အများကြီးမေးကြတယ်။ အဲဒါတွေ ဖြေကြားပေးနိုင်တာကို ကျွန်မတို့ အဖွဲ့သားတွေက ကျေနပ်တယ်၊ အားရတယ်။ နောက်တစ်ခုက ကျွန်မတို့ အနေနဲ့ ဘာသာစကားမှာလည်း စက်တင်ဘာလဆန်းပိုင်း ကစပြီး ရခိုင်မှာ ဩဂုတ်လလယ်၊ ဒုတိယ Wave စတဲ့ အချိန်၊ ရခိုင်ဘက်မှာ အဖြစ်များလာတော့ ရခိုင်ဘက်က ခေါ်ဆိုမှုတွေ များလာတယ်။
အဲဒီအခါမှာ တစ်ခါတစ်ရံ ဘာသာစကား အခက်အခဲ ရှိပါတယ်။ အဲဒီအတွက် စက်တင်ဘာ ၂ ရက်ကစပြီး ရခိုင် ဘာသာစကားနဲ့ ဖြေဆိုပေးတာကို ထပ်ထည့်လိုက်တယ်။ အဲဒါကတော့ ဆရာဝန်နဲ့ တိုက်ရိုက်မေးတာတော့ မဟုတ် ဘူး။ ဒါပေမယ့် အမေးများတဲ့ မေးခွန်းတွေကို ကျွန်မတို့ ရခိုင်ဘာသာစကားနဲ့ အသံသွင်းထားပြီး ဖြေကြားပေးတာ ဖြစ်တယ်။
ဒါကလည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေမှာ အများကြီးအကျိုးရှိတယ်လို့ ယူဆပါ တယ်။ ရခိုင်ဒေသဘက်က ခေါ်ဆိုမှု စုစုပေါင်းက ဒေသ အလိုက်ပြောမယ်ဆိုရင် တတိယနေရာက လိုက်ပါတယ်။ အစပိုင်းကတော့ ရောဂါလက္ခဏာအကြောင်းနဲ့ ကာကွယ် ကုသနည်းတွေ မေးတယ်။ အခုနောက်ပိုင်း Second Wave စပြီး တစ်လလောက်ကြာတော့ အများစုက သူတို့ကိုယ် တိုင်နဲ့ သူတို့မိသားစုဝင်တွေ၊ သူတို့အသိုင်းအဝိုင်းတွေမှာ အနံ့ပျောက်တာကို စပြီးခံစားလာရတယ်။
ဒီလိုခံစားလာရပြီး သူတို့ ဘာဆက်လုပ်ရမလဲဆိုတာ ကျွန်မတို့ကို မေးတယ်။ သွားနေကျဆေးခန်းတွေ သွားလို့ မရတော့ဘူး။ ဆေးခန်းတွေအများစုက ပိတ်ထားကြပြီ။ အဲဒီအချိန်မှာ သူတို့အနေနဲ့ အားကိုးတကြီးဆက်ပြီး မေးတယ်။ သူတို့တော့ ဒီလိုဖြစ်နေပြီ၊ ဘယ်နေရာကိုသွား သင့်သလဲ။ ဘယ်သူ့ကို ဆက်သွယ်ဆောင်ရွက်ရမယ် ဆိုတာတွေကို မေးပါတယ်။
အဲဒီတော့ ကျွန်မတို့မှာလည်း အမြဲတမ်း ဘယ်လို သတင်းတွေကို Update လုပ်ရသလဲဆိုတော့ ဥပမာ ပထမလှိုင်းကတည်းက Fever Clinic တွေ ဖွင့်တယ်။ Fever Clinic တွေရှိတဲ့နေရာ သတင်းတွေ အကုန်လုံး စုစည်းရတယ်။ သူတို့ကို ဖြေပေးရတယ်။ ပထမပိုင်းမှာ Fever နဲ့လာရင် Fever Clinic တွေကို လွှတ်ရတယ်။
နောက်ပိုင်းမှာ အနံ့ပျောက်စင်တာတွေ မြို့နယ် အလိုက် လုပ်နေပြီဆိုတဲ့ သတင်းရပြီဆိုရင် ကျွန်မတို့က ထပ်ပြီးစုံစမ်းရတယ်။ စုံစမ်းပြီး အနံ့ပျောက်တဲ့ လူနာတွေ သူတို့က ဘယ်သွားရမလဲ၊ ဘာလုပ်ရမလဲဆိုရင် ကျွန်မတို့ က ဖြစ်နိုင်ခြေလမ်းကြောင်းတွေကို ပြောပြရပါတယ်။
ကျွန်မတို့အနေနဲ့ အခက်အခဲတစ်ခုကတော့ အတိ အကျပြောကြတဲ့နေရာမှာ တစ်ခါတစ်ရံ နည်းနည်း လွဲချော်မှုလေးတွေ ရှိတတ်ပါတယ်။ ဥပမာ - ကျွန်မတို့က ဒီမြို့နယ်က မြို့နယ်ကျန်းမာရေးဆရာဝန်ကြီးရဲ့ ဖုန်းနံပါတ် ကို ပေးလိုက်မယ်။ ဒါပေမယ့် အဲဒီမြို့နယ်ကျန်းမာရေး ဆရာဝန်ကြီးက အဲဒီအချိန်မှာ တအားအလုပ်ရှုပ်တဲ့ အချိန်တွေ ဖြစ်နေမယ်၊ ဖုန်းခေါ်တာတွေကို မဖြေနိုင်တဲ့ အနေအထားမျိုးတွေ ရှိတတ်ပါတယ်။
ဒါမျိုးတွေဆိုရင် သူတို့က နောက်တစ်ကျော့ ပြန်ခေါ် ပြီး ကျွန်မတို့ကို ပြန်မေးတယ်။ သူတို့တော့ ဖုန်းခေါ်လို့ မရဘူးဆိုပြီး စသည်ဖြင့် ဒါမျိုးတွေဆိုရင်လည်း ကျွန်မတို့ လမ်းကြောင်းကတော့ ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးဌာန ဖြစ်ပါတယ်။ သူ့ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက် အုပ်ချုပ်ရေးမှူးတွေကို အသိပေးရပါမယ်။ အသိပေးပြီးရင် ဒီရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့ မြို့နယ်ဆရာဝန် ကြီးတွေနဲ့ အမြဲအဆက်အသွယ်ရှိတဲ့အတွက် ဒီလို လမ်းကြောင်းကနေလုပ်ပါ၊ ဒီလိုလမ်းကြောင်းကနေ သွားပါလို့ဖြေရပါတယ်။
အဲဒီမတိုင်ခင် စင်တာတစ်ခုခုကို မရောက်ခင်မှာတော့ အိမ်မှာ ဘယ်လိုကာကွယ်ပြီး မိသားစုဝင်နဲ့ ဘေးပတ်ဝန်း ကျင်ကို ထပ်မကူးအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာကို သေသေချာချာ ပညာပေးနှစ်သိမ့်ဆွေးနွေး ပေးနိုင်ပါတယ်။
နောက်တစ်ခု အမေးများတဲ့ အကြောင်းအရာကတော့ Quarantine Site တွေမှာ လူတွေ တဖြည်းဖြည်း များလာတယ်။ ကွာရန်တင်းစင်တာမှာနေရင်းနဲ့ သူတို့ မျှော်လင့်ချက်တွေနဲ့ တစ်ခါတလေ မကိုက်ညီတဲ့ အချက် အလက်တွေရှိရင်လည်း ကျွန်မတို့ကို လှမ်းဖုန်းဆက်ပြီး ပြောတာမျိုး၊ တိုင်ပင်တာမျိုးတွေရှိပါတယ်။
အဲဒီအခါမှာလည်း ကျွန်မတို့ ဘာကို သတိထားပြီး ဖြေပေးရသလဲဆိုတော့ တကယ်တော့ ရှေ့တန်းမှာ အလုပ် လုပ်နေကြတဲ့ ဆေးရုံက ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ နောက်ပြီး Quarantine Site တွေမှာ လုပ်ဆောင်နေတဲ့ လမ်းကြောင်းနဲ့ လွဲချော်မသွားအောင် ကျွန်မတို့ဘက်က သတင်းတွေ အပိုပြောမိတာတွေ၊ ခန့်မှန်းပြီး ပြောမိတာ တွေ မဖြစ်အောင် တတ်နိုင်သရွေ့ သတိထားပြီး သူတို့ကို လည်း နှစ်သိမ့်ပေးရင်းနဲ့ သူတို့ကလည်း ဆရာဝန် တစ်ယောက်နဲ့ ပြောလိုက်ရတယ်ဆိုရင် အဓိကတော့ သူတို့က ဆရာဝန်နဲ့ တွေ့ချင်တာ၊ ဆရာဝန်နဲ့ စကားပြော ချင်တာတွေ ဖြစ်တဲ့အတွက် ကျွန်မတို့က ဆရာဝန်အနေနဲ့ လက်ခံနားထောင်ပေးလိုက်တယ်၊ ပြောလိုက်တယ်၊ နှစ်သိမ့် ပြီးတော့ သူတို့သိချင်တာလေးတွေ ဆွေးနွေးပေးလိုက် တယ်ဆိုရင် သူတို့ရဲ့ ခံစားချက်တွေ တော်တော်လေး လျော့ကျသွားပြီး ကျွန်မတို့အနေနဲ့ အောင်အောင်မြင်မြင် သူတို့ကို ဆွေးနွေးပေးလိုက်နိုင်တာတွေ ရှိပါတယ်။
ကျွန်မတို့ အနေအထားကတော့ နောက်ကွယ်က Supporting Role က နေပါတယ်။ ပြည်သူလူထု သိချင် တာတွေကို တတ်နိုင်သရွေ့ သတင်းတွေစုံစမ်းပြီး ဖြေကြားပေးပါတယ်။ အဓိကကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ Guideline တွေကို မသွေဖည်အောင်၊ သတင်းအမှားတွေ မပျံ့အောင် အဲဒီလိုရည်ရွယ်ချက်နဲ့ ကျွန်မတို့ ရပ်တည်ပါတယ်။
နောက်တစ်ခုကတော့ ကျွန်မတို့ဆီမှာ တခြားသော ဆက်သွယ်မေးမြန်းလို့ရတဲ့ နေရာမျိုးတွေအတွက်လည်း စုံစမ်းမေးမြန်းထားရတယ်။ ဥပမာ မြန်မာနိုင်ငံဆရာဝန် အသင်းက Tele Consultation ဆိုတာရှိပါတယ်။ အဲဒါ ကတော့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့ကို ဘယ် အချိန်ကနေ ဘယ်အချိန်အတွင်း ရောဂါလက္ခဏာတွေ ပြောပြပြီး ဆက်သွယ်မေးမြန်းလို့ရတာတွေ စီစဉ်ထား တာရှိပါတယ်။
အဲဒါမျိုးတွေဆိုရင်လည်း ကျွန်မတို့က ဒီသတင်း အချက်အလက်တွေနဲ့ ဥပမာ သူတို့က ကိုဗစ်မဟုတ်ဘူး၊ အခြားသော သူတို့ရဲ့ရောဂါတွေကို ကုသချင်တာမျိုး၊ ပြောပြချင်တာမျိုးဆိုရင် အဲဒီကိုဆက်သွယ်ပြီး ဖုန်းနံပါတ် တွေ ချိတ်ပေးတာမျိုးတွေ လုပ်ပေးပါတယ်။
ကျေးလက်ဒေသက ခေါ်ဆိုမှုက ပထမလှိုင်းကနေ အခုဒုတိယလှိုင်းအထိ တောက်လျှောက်ပါပဲ။ ကျွန်မတို့ကို ဖုန်းခေါ်ဆိုတဲ့ ၄၃ ရာခိုင်နှုန်းက ကျေးလက်ဒေသကပါ။ ထက်ဝက်နီးပါး ရှိပါတယ်။ အင်တာနက်လိုင်းမရတဲ့ နေရာ တွေအတွက် အများကြီး အထောက်အကူပြုတယ်လို့ ပြောလို့ရပါတယ်။
ကျွန်မတို့ရဲ့ ခေါ်ဆိုတဲ့စနစ်ကို နည်းနည်းရှင်းပြချင် ပါတယ်။ 2019 ကို ခေါ်လိုက်ရင် 1 ကို နှိပ်လိုက်ရင် မြန်မာလို ဖြေကြားပေးပါမယ်။ 2 ကိုနှိပ်ရင် ရခိုင်လို ဖြေကြားပေးပါမယ်။ 3 ကတော့ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ စစ်ဆေးဖို့အတွက် Booking တင်တဲ့နေရာဖြစ်ပါတယ်။
1 ကို နှိပ်လိုက်ပြီဆိုရင် ကျွန်မတို့ ထပ်ပြီး နံပါတ်တွေ နားထောင်ရပါတယ်။ 1 ဆိုရင် ရောဂါ လက္ခဏာတွေ၊ 2 ဆိုရင် ကုသတဲ့ ကာကွယ်ရေးနည်းလမ်းတွေစသည်ဖြင့် 1 ၊ 2 ၊ 3 ၊ 4 ၊ 5 ဘာတွေ နားထောင်လို့ရတယ်ပြောပြီးတာနဲ့ 6 ကတော့ Quarantine Site တွေမှာ နေထိုင်နေတဲ့သူတွေ သိချင်တာရှိရင်မေးဖို့အတွက် ဖြေကြားပေးနေတဲ့ ဆရာဝန် တွေ တစ်အုပ်စုပါ။ သူတို့ကတော့ သူတို့ရဲ့ မိုဘိုင်းဖုန်း တွေကနေ ဖြေကြားပေးတာပါ။
ဒါပေမယ့် 2019 ကတစ်ဆင့်ပဲ သွားပါတယ်။ အဲဒါက 6 ပါ။ နံပါတ် 0 ကတော့ ကျွန်မတို့ရဲ့ ဆေးသုတေသနဦးစီး ဌာန ရုံးချုပ်ရဲ့ Call Center Station မှာထိုင်ပြီး ဖြေပေး နေတဲ့ လူတွေပါ။ အဲဒီတော့ ဆရာဝန်နဲ့ ဖြေပေးနေတာကို နှစ်ဖွဲပါ။ 6 ကလည်း ဆရာဝန်နဲ့ ဖြေပေးတယ်။ 0 ကလည်း ဆရာဝန်နဲ့ ဖြေပေးတယ်။ အဲဒီလိုပုံစံနဲ့ သွားနေပါတယ်။
တစ်နေ့တစ်နေ့လည်း Auto ဖုန်းခေါ်ဆိုမှုက သိန်းဂဏန်းရှိပြီး ဆရာဝန်က တိုက်ရိုက်ဖြေကြားမှုတွေ Call များတဲ့အချိန်ဆိုရင် ၄၀၀ / ၅၀၀ လောက်ရှိပြီး Call ပြန်ကျတဲ့အချိန်ဆိုရင် ၂၀၀ လောက်အထိရှိပါတယ်။ ကျွန်မတို့မှာ တစ်ခါတစ်ရံ အခက်အခဲကြုံရတာတွေ ရှိပါ တယ်။ နှောင့်ယှက်တဲ့ Call မျိုးတွေ အစပိုင်းတုန်းက ရှိတယ်။ ကလေးတွေက တစ်ခါတစ်ရံ ခေါ်တာတွေလည်း ရှိတယ်။
ဒါဆိုရင် ကျွန်မတို့က ဘယ်လိုပြန်ပြီး အကျိုးရှိအောင် အသုံးချသလဲဆိုတော့ ကလေးတွေခေါ်ခဲ့ရင် ကျန်းမာရေး အသိပညာပေးတာတွေကို သူတို့နားဝင်အောင် ပြန်ပြီး ရှင်းပြ၊ ပြောပြလိုက်တယ်။ ဒါမျိုးလေးတွေ ဆောင်ရွက်ရ ပါတယ်။ Call Center နဲ့ ပတ်သက်ပြီး ဆွေးနွေးပေးချင် တာကတော့ ဒီလောက်ပါပဲ။
ဒေါက်တာသန္တာလွင် ။ ။ ဖြေကြားပေးတဲ့ ဒေါက်တာ
မျိုးမျိုးမွန်ကို ကျေးဇူးတင် ပါတယ်။ တကယ်တော့ ဒီလိုစင်တာလေးရှိနေတာ အကုန်လုံးသိဖို့အတွက်လည်း တကယ်လည်းလိုအပ်ပါ တယ်။ ကျွန်မတို့ ဗဟိုကူးစက်ဌာနကလည်း First Wave မှာ တောက်လျှောက် Hotline နဲ့ ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့် Second Wave ကတော့ အလွန်ကို ကြီးမား ပြင်းထန်ပြီး ပြည်သူတွေက သိရှိလိုသမျှကို အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်တယ်၊ အဖြေရနိုင်တယ်ဆိုတော့ အတော်ကို ကောင်းမွန်တဲ့အစီအစဉ် ဖြစ်ပါတယ်။ ဖြေကြားပေးတဲ့ ဆရာကြီးနဲ့ ညီမလေးကို အထူးကျေးဇူး တင်ကြောင်းပြောကြားရင်းနဲ့ ဒီနေ့အမေးအဖြေကဏ္ဍကို နိဂုံးချုပ်အပ်ပါတယ်ရှင်။
- Log in to post comments