
ရန်ကုန် မေ ၂၁
ဗီယက်နမ်နိုင်ငံ၌ ကျင်းပနေသည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်း အမျိုး သမီး ဘောလုံးပြိုင်ပွဲ တတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲကို မေ ၂၁ ရက်က ဆက်လက်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ပြီး ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။
တတိယနေရာ လုပွဲတွင် ဖိလစ်ပိုင်အသင်းက မြန်မာ အသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်း သည် မိနစ် ၇၀ ကျော်အထိ တစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့ သော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်သည့်အပြင် အဓိက တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း ဒဏ်ရာရသွားသဖြင့် တိုက်စစ် အားပျော့ပြီး အရေးနိမ့်ခဲ့ရခြင်း ဖြစ်သည်။
ပထမပိုင်းတွင် မြန်မာအသင်း ကစားပုံ ပိုကောင်းကာ ဂိုးသွင်းခွင့် များရခဲ့ပြီး ၂၄ မိနစ်တွင် ရရှိသည့် ပယ်နယ်တီမှတစ်ဆင့် ဝင်းသိင်္ဂီ ထွန်းက ဦးဆောင်ဂိုး သွင်းယူခဲ့ သည်။ သို့သော် မြန်မာအသင်း အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ သည့် ဝင်းသိင်္ဂီထွန်းသည် ဒဏ်ရာ ရသွားသဖြင့် လူစားလဲရကာ မြန်မာအသင်း တိုက်စစ်အားပျော့ သွားခဲ့ရသည်။ ၇၃ မိနစ်တွင် ဘိုဒန်က ဖိလစ်ပိုင်အတွက် ချေပဂိုးပြန်သွင်းခဲ့ပြီး လေးမိနစ် အကြာတွင် ကွီဇာဒါက အနိုင်ဂိုး သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်း တွင် မြန်မာအသင်း ချေပဂိုးပြန်ရ ရန် ကြိုးပမ်းခဲ့သော်လည်း အရှုံး ရလဒ်ဖြင့် ရင်ဆိုင်ခဲ့ရသည်။
ဗိုလ်လုပွဲအဖြစ် အိမ်ရှင် ဗီယက်နမ်အသင်းနှင့် ထိုင်း အသင်း ယှဉ်ပြိုင်ကစားရာ ဗီယက် နမ် အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဗီယက်နမ်အသင်း သည် ရွှေတံဆိပ်ဆုကို ခုနစ်ကြိမ် မြောက် ရယူနိုင်ခဲ့ပြီး နောက်ဆုံး သုံးကြိမ်ဆက်တိုက် ရရှိခဲ့ခြင်း လည်းဖြစ်သည်။ ဗီယက်နမ် အသင်းအတွက် အနိုင်ဂိုးကို ၅၉ မိနစ် ဟူရင်နျူက သွင်းယူပေးခဲ့ သည်။
ရဲရင့်လွင်