
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း FACTI Panel High-level Regional Consultation သို့ တက်ရောက်
=========================================
နေပြည်တော် နိုဝင်ဘာ ၁၂
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းသည် ယနေ့ ညနေ ၃ နာရီခွဲတွင် ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်(UNESCAP)က ကြီးမှူး၍ Virtual Meeting ဖြင့် ကျင်းပသည့် High-Level Regional Consultation on International Financial Accountability, Transparency and Integrity for Achieving the 2030 Agenda (FACTI Panel) သို့ နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
အဖွင့်မိန့်ခွန်းပြောကြား
ဆွေးနွေးပွဲတွင် FACTI Panel ၏ တွဲဖက်သဘာပတိ နိုင်ဂျာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Ibrahim Assane Mayaki နှင့် ကုလသမဂ္ဂ အာရှ-ပစိတ်ဖိတ်ဒေသဆိုင်ရာ စီးပွားရေး နှင့် လူမှုရေးကောင်စီ(UNESCAP) ၏ Executive Secretary Ms. Armida Salgiah Alisjahbana တို့က အဖွင့်မိန့်ခွန်း များ ပြောကြားကြပြီး ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်၏ ဘဏ္ဍာရေးနှင့် အခွန်ဆိုင်ရာ Advisor Mr. Abdul Hafeez Sheike နှင့် နယူးဇီလန်နိုင်ငံ ကုန်သွယ်ရေးကောင်စီအသင်း ဥက္ကဋ္ဌ Richard Wagstaff တို့က Keynote Speech များ ပြောကြားသည်။
ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုရည်မှန်းချက်များ ပြည့်မီရေးအတွက် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် FACTI Panel ၏ ကြားဖြတ် အစီရင်ခံစာ၌ သုံးသပ်တင်ပြထားသည့် financial accountability၊ transparency နှင့် integrity တို့နှင့် ဆက်နွှယ်နေသည့် ကိစ္စရပ်များ၊ နိုင်ငံအသီးသီးတွင် ကာလ ကြာရှည်စွာတည်ရှိနေသည့် systematic shortcoming များ၊ ယင်းအားနည်းချက်များကို ဖြေရှင်းနိုင်ရေးအတွက် ဖြစ်နိုင်ခြေရှိသောနည်းလမ်းများ၊ နိုင်ငံတကာအသိုက်အဝန်း မှ လက်ခံနိုင်သည့် common understanding ရရှိနိုင်ရေး အတွက် ဆောင်ရွက်မည့်ကိစ္စရပ်များ စသည်တို့ကို တက်ရောက်လာကြသည့် နိုင်ငံတကာမှ Policy Makers များ၊ တတ်သိပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ အဆင့်မြင့်အရာရှိကြီးများက ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး ယင်းဆွေးနွေးချက်များကို အခြေခံ၍ Panel က ၎င်း၏အပြီးသတ် အစီရင်ခံစာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကုလသမဂ္ဂသို့ တင်သွင်းသွားမည်ဖြစ် သည်။
ကြားဖြတ်အစီရင်ခံစာထုတ်ဝေ
FACTI Panel ကို (၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသဘာပတိနှင့် (၇၅)ကြိမ်မြောက် ကုလသမဂ္ဂစီးပွားရေးနှင့်လူမှုရေးကောင်စီ (ECOSOC) တို့မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ စက်တင်ဘာ ၂၄ ရက်က ယင်း၏ကြားဖြတ်အစီရင်ခံစာကို ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ Panel ၏ လက်ရှိပူးတွဲသဘာပတိများအဖြစ် နိုင်ဂျာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Ibrahim Assane Mayaki နှင့် လစ်သူရေးနီးယားနိုင်ငံ သမ္မတဟောင်း Ms. Dalia Grybauskaite တို့ဖြစ်ပြီး နိုင်ငံတကာရှိ လုပ်ငန်းနယ်ပယ် အသီးသီးမှ အဆင့်မြင့်အရာရှိကြီး ၁၇ ဦးတို့က Panel Members များအဖြစ်ပါဝင်၍ လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင်နှင့် ဒေါက်တာ မင်းရဲပိုင် ဟိန်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်နှင့် ဌာနဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်