
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်
======================
အင်းဝရဲ့ လွမ်းပုံပြင်
=========
မောင်ရင်ဆွေ
=====
မိမိမွေးဖွားရာအရပ်၊ မိမိပညာသင်ကြားရာအရပ်နှင့် မိမိကြီးပွားရာအရပ်တို့ကို မမေ့အပ်ဟု ရှေးလူကြီးများက ဆိုခဲ့ကြပါသည်။ ကျွန်တော်တို့လည်း လူအဖြစ် မွေးဖွားလာခဲ့ကြသည်။ ပညာလည်း သင်ကြားခဲ့ကြသည်။ ပညာသင်ကြားရာ လမ်းတစ်လျှောက်တွင်လည်း နားခဲ့ခိုခဲ့သည့် နေရာများစွာလည်းရှိခဲ့ပါသည်။ ထိုနေရာများထဲတွင် တွေးမိတိုင်း လွမ်းရသည့် နေရာတစ်ခုလည်း ရှိပါသည်။ ထိုနေရာမှာ အခြားမဟုတ်ပေ။ ကျွန်တော်တို့၏ သမိုင်းလှပြောင် အင်းဝဆောင်ပဲ ဖြစ်သည်။
အင်းဝဆောင်သည် ရန်ကုန်တက္ကသိုလ်ဝင်းထဲတွင် ရှိပါသည်။ အဓိပတိပေါက်မှဝင်၍ အဓိပတိလမ်းအတိုင်း လျှောက်လာလျှင် စစ်ကိုင်းလမ်းသို့ ရောက်ပါမည်။ စစ်ကိုင်းလမ်းအတိုင်း ရှေ့နည်းနည်း လျှောက်လိုက်လျှင် သိပ္ပံကန်တင်းသို့ ရောက်ပေမည်။ ထိုသိပ္ပံကန်တင်းရှေ့ တည့်တည့်က အဆောက်အအုံသည် အင်းဝဆောင်ပဲ ဖြစ်သည်။ သိပ္ပံကန်တင်းမှကြည့်လျှင် အဆောင်မုခ်ဝတွင် အင်းဝဆောင်ဟူသော ရွှေရောင် (ယခု အဖြူရောင်) စာလုံးကို မြင်တွေ့ရပေလိမ့်မည်။ အင်းဝဆောင်သည် စစ်ကိုင်း၊ ပင်းယ၊ ပဲခူး၊ သထုံဆောင်တို့နှင့်အတူ ရန်ကုန် တက္ကသိုလ်ဖွင့်လှစ်အပြီး ၈ နှစ်အကြာ ၁၉၂၈ ခုနှစ်၌ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ အရောင်က နီကြင့်ကြင့် ဖြစ်သည်။ နီကြင့်ကြင့်အရောင်က ရဲရင့်မှုကိုဖြစ်စေသည်။ အရောင်ကသာ ရဲရင့်သည်မဟုတ်။ စွမ်းရည်ကလည်း ရဲရင့်လှသည်။ ထိုအချက်ကို ဆရာတင်ဧ(ရှမ်းပြည်)၊ ဦးအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်း၏အစ်ကို)၊ မန်းတင်၊ တက္ကသိုလ်နေဝင်း၊ ဒေါက်တာမောင်မောင်ခ၊ ဒေါက်တာ သာလှ စသည့်သူများက ပြောပြနေပေလိမ့်မည်။
ဧည့်ဂေဟာလည်းဖြစ်နေ
အင်းဝဆောင်ကို ဝင်လိုက်ပြီဆိုလျှင် မှိန်ပျပျ မီးရောင်က ကြိုဆိုနေပေလိမ့်မည်။ မှိန်ပျမှုသည် အခြား အရာများအတွက် ကောင်းချင်မှကောင်းမည်ဖြစ်သော်လည်း အင်းဝဆောင်အတွက်မူ အထူးပင်ကောင်းသည်ဟု ဆိုရပေလိမ့်မည်။ မှိန်ပျမှုက အအေးဓာတ်ကို ပို၍ဖြစ်စေ သည်။ ရောက်လာသူအပေါင်းကို ထိုအအေးဓာတ်ဖြင့် ဧည့်ခံလေ့ရှိသည်။ ရောက်လာသူအပေါင်းကလည်း “ဒီနေရာလေးက အေးလိုက်တာ”ဟု ပြောကြမြဲဖြစ်သည်။ ခုံတန်းလျားချထားသောကြောင့် ဧည့်ဂေဟာကလေး တစ်ခုကဲ့သို့ဖြစ်နေတာလည်း ပါပါလိမ့်မည်။ အဆောင်ရိပ် ကသာ အေးသည်မဟုတ်၊ အဆောင်မှူးနှင့် အဆောင်သား တို့၏ အရိပ်ကလည်းအေးကြောင်း ရောက်ဖူးသူအပေါင်း သိကြပေလိမ့်မည်။
အင်းဝဆောင်၏ ထူးခြားမှုတစ်ခုကလည်း ရှိပါ သေးသည်။ ဘုရားခန်းပဲဖြစ်သည်။ ထိုဘုရားခန်းထဲတွင် မြတ်စောညီနောင်ရုပ်ပွားတော်နှစ်ဆူ ကိန်းဝပ်စံပယ် လျက်ရှိပါသည်။ ဘုရားခန်းအပြင်အဆင်နှင့် ဘုရားနှစ်ဆူ မှာ အလွန်ပင် ပနံတင့်လှပါသည်။ ဘုရားခန်းထဲ ရောက်လာ သူအပေါင်းကို ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသွားစေပါသည်။ အင်းဝဆောင်ရှိ မြတ်စောညီနောင်ဘုရားကို အင်းဝ ဆောင်သားများသာမက ရန်ကုန်တက္ကသိုလ်ဝင်းရှိ အခြားသူများပါ လာရောက်ဖူးမြော်ကြပါသည်။ တစ်ခါ တစ်ရံ ရပ်ဝေးကသူများပင် လာရောက်ဖူးမြော်ကြ သည်ကိုလည်း တွေ့ရပါသည်။ ဆုတောင်းပြည့်သည်ဟု လည်း ဆိုကြပါသည်။ မြတ်စောညီနောင် ဘုရားနှစ်ဆူက လည်း အင်းဝဆောင်ကို ပို၍ ဂုဏ်တက်စေခဲ့ပါသည်။
ညီအစ်ကိုဆောင်
အင်းဝဆောင်မှ ဆက်သွားလျှင် စစ်ကိုင်းဆောင်၊ ပင်းယဆောင်၊ ပဲခူးဆောင်၊ သထုံဆောင်တို့သို့ ရောက်ပေ မည်။ ထိုအဆောင်များသည် တစ်ဆက်တစ်စပ်တည်းရှိနေပြီး အတူမွေးဖွားခဲ့ကြသော ညီအစ်ကိုဆောင်များဖြစ်သည်။ အဆောင်များက ညီအစ်ကိုတော်ကြသကဲ့သို့ အဆောင်နေ ကျောင်းသားများကလည်း ညီအစ်ကိုပမာ ရင်းနှီးခဲ့ကြပေ သည်။ အင်းဝနှင့် ကျွန်တော်၊ ကျွန်တော်နှင့် အင်းဝ ရေစက် ဆုံပုံကလည်း တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်လွန်းသည်ဟု ဆိုရပေမည်။
ကျွန်တော်သည် ပဲခူးဒီဂရီကောလိပ်က မဟာအရည် အချင်းစစ်တန်း အောင်ခဲ့ပါသည်။ ထုံးစံအရ မဟာဝိဇ္ဇာတန်း ကို တောင်ငူတက္ကသိုလ် သွားတက်ရမည်ဖြစ်သည်။ တောင်ငူတက္ကသိုလ်သည် ကျွန်တော့်အတွက် သွားရေး လာရေးအဆင်မပြေလှ။ ရန်ကုန်တက္ကသိုလ် တက်ချင်ပါက လည်း ဝင်ခွင့်ဖြေရမည်။ ထိုအချိန်က ရန်ကုန်တက္ကသိုလ် သည် ဝိဇ္ဇာဘာသာတွဲတွင် ငါးယောက်သာ လက်ခံပြီး သိပ္ပံဘာသာတွဲတွင် ဆယ်ယောက်သာ လက်ခံပါသည်။ ဝင်ခွင့်ဖြေ၍ အောင်လျှင် ရန်ကုန်တက္ကသိုလ် တက်ရပေမည်။ မအောင်ရင်ရောဆိုသော မေးခွန်းကလည်း ဝင်လာပြန် သည်။ ထိုအခါ ဘုရင့်နောင် ဖောင်ဖျက်ရတော့သည်။ သို့နှင့် ရန်ကုန်တက္ကသိုလ်ဝင်ခွင့် ဖြေခဲ့ပါသည်။ ကံကောင်း ထောက်မစွာ ဝင်ခွင့်အောင်ခဲ့ပါသည်။ ဖောင်ဖျက်ရကျိုး နပ်သည်ဟု ဆိုရပေမည်။ စွဲလမ်းခဲ့ရသော ရန်ကုန် တက္ကသိုလ်တွင် ကျောင်းတက်ရပေတော့မည်။
ဝမ်းသာဝမ်းနည်း ဒွန်တွဲ
ကျောင်းတက်ရတော့မည်ဆိုသောအခါ ဝမ်းသာ ဝမ်းနည်း ဒွန်တွဲခံစားရတော့သည်။ ဝမ်းသာရသည်က ရန်ကုန်တက္ကသိုလ် ခြေချခွင့်ရခြင်းဖြစ်ပြီး ဝမ်းနည်းခြင်းမှာ နေစရာ အခက်ကြုံရခြင်းဖြစ်သည်။ ရန်ကုန်မှာက ကျောချ ဖို့တစ်နေရာပင် မလွယ်လှ။ ထိုအခါ ဘုန်းကြီးကျောင်းကို အားကိုးရတော့သည်။ ကျွန်တော်တို့ရွာသား ဦးတင်ငွေကြီး က သူ့ဆရာတော်ကျောင်းကို လိုက်လျှောက်ပေးပါသည်။ ကံအားလျော်စွာ ဆရာတော်က နေခွင့်ပြုပါသည်။ ကျွန်တော်နေခွင့်ရသောကျောင်းမှာ ဗဟန်းကြားတောရရှိ သုံးထပ်ကျောင်း ဖြစ်ပါသည်။ ခုတော့ ဦးတင်ငွေကြီးရော၊ ဆရာတော်ပါ မရှိရှာတော့ပေ။ ထိုကျေးဇူးများကိုလည်း အထူးအောက်မေ့မိပါသည်။
ရက်ကိုလစား ရတက်လည်းပွား
ထိုစဉ်က ကြားတောရဘုန်းကြီးကျောင်းနားရှိ လင့်ခ်လမ်း(ယခုရွှေဂုံလမ်း) လမ်းထိပ်မှ လှည်းတန်းခိုင်ရွှေဝါ မှတ်တိုင်သို့ ၂၀၄ ဘတ်စ်ကားကို စီးရသည်။ ဘုန်းကြီး ကျောင်းဝေယျာဝစ္စဝိုင်းလုပ်ပြီးမှ လာရသည်ဖြစ်ရာ ကျောင်းမီအောင် မနည်းအားထုတ်ရသည်။ ကားက လည်းရှား၊ ကြာကလည်းကြာ ရေရှည်မလွယ်လှ။ ထိုအခါ ရန်ကုန်တက္ကသိုလ်ဝင်းထဲတွင် နေရလျှင် ကောင်းမှာပဲဟု တောင့်တမိသည်။ ထိုသို့တောင့်တမိသည်မှာလည်း အကြောင်းရှိပါသည်။ အင်းဝဆောင်၌ ကျွန်တော့်ထက် ဦးစွာရောက်နှင့်နေသော မြန်မာစာကျောင်းသားတစ်ဦး ရှိပါသည်။ ဒုတိယနှစ် မဟာဝိဇ္ဇာကျောင်းသား ကိုကျော်စွာ (ယခု ဒေါက်တာကျော်စွာဝင်း၊ ကထိက၊ မြန်မာစာဌာန၊ တောင်ငူတက္ကသိုလ်) ဖြစ်သည်။ ကိုကျော်စွာဆီ လာလည် ရင်း အဆောင်မှူး ဆရာဦးမျိုးသန့် (အားလုံးအခေါ် ဆရာ မျိုး)ကို တွေ့ဖူးရသည်။ ဆရာ့ကို အဆောင်နေခွင့်လေး ပေးရန် ပြောချင်သော်လည်း မပြောဝံ့။ ပြောလည်း မထွက်ခဲ့ပေ။ သည်လိုနှင့် ရက်ကိုလစား ရတက်လည်း ပွားနေခဲ့ရသည်။
တစ်ညနေ အင်းဝဆောင် ကိုကျော်စွာအခန်းရှေ့ တွင် ကျွန်တော်ရယ်၊ ကိုကျော်စွာရယ်၊ ဆရာမော် (ယခု ဒေါက်တာမင်းမော်သန့်၊ ပါမောက္ခ၊ ဌာနမှူး၊ စစ်တွေ တက္ကသိုလ်)ရယ် မတ်တတ်ရပ် စကားပြောနေစဉ် ဆရာမျိုး အဆောင်ပြန်လာချိန်နှင့်ကြုံ၍ ပက်ပင်းဆုံမိ ကြပါသည်။ ထိုအခါ ကျွန်တော့်အခက်အခဲကိုသိနေသော ဆရာမော်က အဆောင်နေခွင့်ရရန် ပြောပေးပါသည်။ ဆရာမျိုးကလည်း မဆိုင်းမတွပင် နေခွင့်ပေးခဲ့ပါသည်။ ထိုအချိန်မှစ၍ ကျွန်တော့်တောင့်တမှုလည်း ပြည့်ဝ၊ တရားမဝင် အင်းဝဆောင်သားလည်း ဖြစ်ရပါတော့ သည်။
l စာမျက်နှာ ၂၀ မှ
တရားမဝင် အင်းဝဆောင်သားဆိုသော စကားကို လည်း အနည်းငယ် ရှင်းပြလိုပါသေးသည်။ ထိုခေတ် လူကြီးများက ကျောင်းသားများ စုရုံးနေထိုင်သည်ကို မလိုလားကြပေ။ ထို့ကြောင့် မဟာဝိဇ္ဇာကျောင်းသား မက၍ ပါရဂူကျောင်းသားပင်ဖြစ်နေပါစေ အဆောင် နေခွင့်မပြုခဲ့ပေ။ ထိုအခါ ဆရာမျိုးတို့ကဲ့သို့ မြွေမကြောက် ကင်းမကြောက် ဆရာများထံ ဘဝကို အပ်နှံရတော့သည်။ ဆရာကလည်း မကင်းရာမကင်းကြောင်းနှင့် တိုးတိုး တိတ်တိတ် လက်ခံထားသည်မှာ ဒုက္ခသည်စခန်းတမျှ ရှိလှတော့သည်။ တစ်ခါတစ်ရံ အခွင့်ထူးခံ ကိုယ်တော် များက မီးလှန့်သံပေး၍ စစ်ဆေးမည်ပြုသောအခါ မနှေး ပေါင် စတေးရှောင်ခဲ့ရသည့် အခါပေါင်းကလည်း မနည်း လှပေ။ ပြောရင်း လွမ်းသွားလောက်အောင် စောင့်ရှောက် ခဲ့ကြသည့် အခွင့်ထူးခံကိုယ်တော်ကြီးများကို ကျေးဇူး တင်ရမလို ဖြစ်နေပေသည်။ စတေးရှောင်ရင်း အပေါင်း အသင်းများပင် တိုးပွားခဲ့လေသေးသည်။ ဒါသည်ပင် ကျွန်တော်တို့ တရားမဝင် အင်းဝသားတို့၏ အရသာ တစ်မျိုးဖြစ်၍ နေတော့သည်။
ပြည်ထောင်စုကြီးထဲက ပြည်ထောင်စုကလေး
ထိုအချိန်က အင်းဝဆောင်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည်ဖြင့် လူမျိုးစုံလှ ပေသည်။ ဗမာထဲတွင်လည်း အထက်ဗမာ၊ အောက်ဗမာ တို့လည်း ရှိကြသေးသည်။ လူမျိုးစုံ၍ အကြောင်းလည်း စုံလှပေသည်။ နယ်ပေါင်းစုံက ဓလေ့ပေါင်းစုံ၊ စားစရာ ပေါင်းစုံကို ကြားရစားရသည်မှာလည်း ပြော၍ကုန်နိုင် မည်မဟုတ်ပေ။ ပြည်ထောင်စုကြီးထဲက ပြည်ထောင်စု ကလေးတက္ကသိုလ်ပင် ဖြစ်၍နေတော့သည်။ ဤမျှ စုံလှသည့်အထဲ ဆရာမျိုးက မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အသင်းဥက္ကဋ္ဌဖြစ်နေသေးရာ လူများမှာ ရှိသင့်သည်ထက်ပို၍ စုံလှစည်လှ ပျော်လှတော့သည်။
ကျောင်းသားတစ်ယောက်ကို မှတ်မိပါသေးသည်။ ကျွန်တော်နှင့် အခန်းချင်းကပ်ရပ်ဖြစ်သည်။ သူက နိုင်ငံခြားဘာသာတက္ကသိုလ်ကို ဂျပန်ဘာသာအထူးပြု နှင့် တက်နေသောကြောင့် ဂျပန်ကြီးဟု ခေါ်ကြသည်။ နာမည်နှင့် လိုက်အောင်ပင် လူကောင်ကြီးလှသည်။ လူကောင်ကြီးသလောက် အစားကလည်း မသေးလှပေ။ တစ်ခါ သူ့အိမ်ကပို့လိုက်သော ကြက်ကောင်လုံးကြော် ကို ထိုင်၍စားနေသည်။ မှတ်မှတ်ရရ နှစ်တုံးလောက် သာ ကျန်သည်ထင်သည်။ ထိုနှစ်တုံးကို အတူနေဆရာဖို့ ချန်ထားတာဟုဆိုလာသည်။ ထိုဆရာကို သတိရပေလို့ သာ တော်သေးသည်ဟု အောက်မေ့လိုက်သည်။ ကျွန်တော့်မှာ သူ့ကိုကြည့်ရင်း မျက်လုံးများပင် ပြူးခဲ့ရ သည်။ ထိုအချိန်က ကျွန်တော်တို့ကျောင်းသား အများစု မှာ အသားဟင်းကိုနမ်းပြီး စားနေရချိန်ဖြစ်ပါသည်။ ယခု အနှီဂျပန်ကြီးလည်း ဘယ်ရောက် ဘာလုပ်နေသည် မသိ။ ကျွန်တော့်မှာတော့ ကြက်ကောင်လုံးကြော် မြင်တိုင်း အနှီဂျပန်ကြီးကို ပြေးပြေးမြင်ယောင်နေဆဲပင် ဖြစ်သည်။
အင်းဝသားများ အစဉ်အဆက် မမေ့နိုင်သူတစ်ဦး ရှိပါသည်။ သူကား အသားဖြူဖြူ။ အရပ်က ပုပု။ လမ်းလျှောက်လျှင် သိုးသိုးသွက်သွက်။ အသံကဝဲဝဲ။ သို့သော် ကြည်တော့ကြည်၏။ လူတွေ့လျှင် ဗိုက်ကိုလက်သီး နှင့် ဖွဖွထိုးကာ နှုတ်ဆက်တတ်၏။ အင်းဝသား အမည်မှန် သမျှ သူမခေါ်ဖူးသူမရှိ။ တစ်ခါတစ်ရံ သူ့ပါးစပ်အောက်က အလုပ်လုပ်ရသည်။ တစ်ခါတစ်ရံ သူ့ပါးစပ်အောက်က ကျောင်းသွားရသည်။ တစ်ခါတစ်ရံ သူ့ပါးစပ်အောက်က ချိန်းထားသူနှင့် တွေ့ရသည်။ အများစုက သူ့အသံကို မျှော်လင့်ကြသည်။ နားစွင့်ကြသည်။ သူခေါ်လျှင် ပျော်နေ တတ်ကြသည်။ သူကား အခြားမဟုတ် အင်းဝဆောင်ရဲ့ အချစ်တော် “ဘပု”ပင် ဖြစ်သည်။ ယခု ဘပုလည်းမရှိရှာ တော့ပေ။ သို့သော် အင်းဝဆောင်ရှေ့ဖြတ်တိုင်း ဘပုပုံကို မြင်ယောင်ဆဲ၊ ဘပုအသံကို ကြားယောင်နေဆဲ ဖြစ်ပါ
သည်။
လွမ်းလို့မဆုံး ရနံ့ထုံလွှမ်းဆဲ
အင်းဝဆောင်က အင်းဝသားတွေကို လွမ်းစရာ ပုံပြင်တွေ တနင့်တပိုးပေးခဲ့သည်။ ပြောလို့လည်း မကုန်။ လွမ်းလို့လည်း မဆုံး။ ရနံ့ထုံလွှမ်းဆဲ။ တွေးမိတိုင်းလည်း အတိတ်က အင်းဝဆောင်သို့ ပြန်လည်ရောက်သွားမြဲ ဖြစ်သည်။ အင်းဝဆောင်သို့ ပြန်လည်ရောက်သွားတိုင်း လည်း ငယ်ရွယ်နုပျိုသွားမြဲဖြစ်သည်။ အင်းဝဆောင် ကျေးဇူးကား ကြီးမားပေစွ။ အင်းဝရင်ငွေ့ကို လှုံခွင့်ရအောင် ကျေးဇူးပြုခဲ့သော ဆရာမျိုး၏ ကျေးဇူးကား ပို၍ပင်ကြီးလှ ပေတော့သည်။ ဆရာသည် ကျွန်တော်တို့ကို ရာထူးနှင့် ရင်းပြီး ထားခဲ့ခြင်းဖြစ်သည်။ အခန့်မသင့်လျှင် အလုပ်ပင် ပြုတ်သွားနိုင်ပေသည်။ ထိုအချိန်က အလွန်ပင် အန္တရာယ် ကြီးလှသည်။ ကြောက်စရာ ကောင်းလှပေသည်။ သို့သော် ဆရာ့မေတ္တာစိတ်ကြောင့် ကြောက်စိတ်တို့ လွင့်ပျောက်ခဲ့ ဟန်တူသည်။ ဆရာ ပင်စင်ယူသည်အထိ အစိုးရဝန်ထမ်း ဘဝ မြဲခဲ့သည်ကိုတော့ ကျွန်တော်တို့ အထူးဝမ်းသာ ကြသည်။ အာဏာသည် မေတ္တာကို အန္တရာယ်မပြုနိုင် ကြောင်းကို ဆရာက သက်သေပြနိုင်ခဲ့ပေသည်။
အင်းဝရဲ့လွမ်းပုံပြင်
ဆရာမျိုးတွင် မိန်းမမရှိဘဲလျက် သားသမီးတွေ များလှသည်။ ဆရာသည် ယနေ့တိုင်အောင်လည်း တစ်ကိုယ်တည်း လူပျိုကြီးပင်ဖြစ်သည်။ ကျွန်တော်တို့မှာ ဆရာ၏ ဝမ်းမနာသားသမီးများပဲ ဖြစ်သည်။ ဆရာက ကျွန်တော်တို့ကို မေတ္တာလက်ဖြင့် ထွေးပွေ့ခဲ့သည်။ လောဘ၊ ဒေါသနည်းအောင် လမ်းပြခဲ့သည်။ တစ်ယောက် ချမ်းသာ ကိုယ့်ဖို့ရှာသောစိတ်မျိုး မမွေးဖို့ ကျင့်ပြခဲ့သည်။ ယခု ကျွန်တော်တို့အားလုံး အင်းဝဆောင်၌ မရှိကြတော့ပြီ။ သို့သော် ဆရာ့ကိုတွေ့တိုင်း အင်းဝဆောင်ကို မြင်မိသကဲ့သို့၊ အင်းဝဆောင်မြင်တိုင်းလည်း ဆရာ့ကို တွေ့မိမြဲဖြစ်သည်။ ကျွန်တော်တို့ရင်ထဲမတော့ ဆရာနှင့် အင်းဝဆောင်၊ အင်းဝ ဆောင်နှင့် ဆရာ ခွဲမရအောင် ရှိနေတော့သည်။ ဆရာ့ ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ခဲ့သော သားတပည့်များ သည် ယခုဆိုလျှင် နိုင်ငံတော်က ပေးအပ်သော တာဝန် များကို ရိုးသားကြိုးစားထမ်းဆောင်နေကြပေပြီ။ ထိုသို့ ထမ်းဆောင်နေကြရင်း အတိတ်အကြောင်း ပြန်တွေးမိကြလျှင် အင်းဝဆောင်အကြောင်းက ရှေ့ဆုံးက ပါလာပေလိမ့်မည်။ ကျွန်တော်လည်း အင်းဝသားမို့ အင်းဝကို လွမ်းပါသည်။ အင်းဝသားတွေ အသက်ရှင်နေ သရွေ့ အင်းဝရဲ့လွမ်းပုံပြင်တွေကို ဆက်၍ပြောနေကြ ပေဦးမည်။ ။
- Log in to post comments